မန္တလေး နန်းတွင်းစစ်ကြောရေးစခန်းတွင် အသက် ၂၀ ကျော်အရွယ်များဖြစ်သော အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီ ၁၉ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။
မည်သည့်အချိန်တွင် ဖမ်းဆီးခံရ၊ မတရားကျင့်ခံရခြင်း ဖြစ်သည်ကိုမူ ကြေညာချက်တွင် ဖော်ပြမထားပေ။
လိင်ပိုင်းဆိုင်ရာစော်ကားခံရသူ အမျိုးသမီးမှာ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် သတင်းပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“အဲဒီမိန်းကလေးက Rape (မုဒိမ်းကျင့်) ခံရတယ်။ သူ့မှာ ဒဏ်ရာတွေရှိတယ်။ ဆေးကုသမှု မရဘူး။ အိုးဘိုထောင်ကို ရောက်သွားတဲ့အခါမှာတောင်မှ သူ့ကို တိုက်ပိတ်ထားတယ်ဆိုတာ ပြန်သိရတယ်။ တစ်ယောက်တည်းကို တိုက်ပိတ်ထားတာ” ဟု သူက ပြောသည်။
“အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦးလို့ သိရတယ်။ အမျိုးသားနှစ်ဦးက ကျွန်တော်တို့ကျောင်းသားထဲက မဟုတ်ဘူး။ (နန်းတွင်း)စစ်ကြောရေးမှာ ရောက်ခဲ့တဲ့သူတွေပဲ”
ဗကသအမျိုးသမီးမှာ မန္တလေးမြို့ နန်းမြို့ရိုးအတွင်းရှိ နန်းတွင်းစစ်ကြောရေးစခန်း၌ လအတန်အကြာ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း၊ အိုးဘိုထောင်သို့ ပြောင်းရွှေ့ရသည့်တိုင် မိသားစုဝင်များ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်သိရတာ။ နှိပ်စက်ခံရတဲ့ဒဏ်ရာတွေလို့ပဲ ပြောတယ်။ Rape လုပ်ခံရတယ်လို့ ကျွန်တော်တို့ကို ပြန်အသိပေးတဲ့ပုံစံမျိုး ဖြစ်နေတာ။ စေ့စေ့ပေါက်ပေါက် ပြန်စုံစမ်းနေပါတယ်” ဟု အထက်ပါတာဝန်ခံက ဆက်ပြောသည်။
ထိုအမျိုးသားနှစ်ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးဘဲ ဗကသများအဖွဲ့ချုပ်မှ ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။
မတရားကျင့်ခံရသည့်အကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များထံမှ သိရခြင်းဖြစ်သည်ဟု သူက ပြောသည်။
မန္တလေးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုအခြေအနေများကို ရေးသားဖော်ပြနေသည့် Voice of Mandalay-3 စာမျက်နှာတွင် အိုးဘိုထောင်သို့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ ရောက်ရှိသည့် ဗကသအမျိုးသမီးမှာ မုဒိမ်းကျင့်ခံရကာ ဒဏ်ရာများရရှိထားကြောင်း၊ အခြားအမျိုးသားနှစ်ဦးသည်လည်း မုဒိမ်းကျင့်ခံရကြောင်း စစ်ကြောရေးစခန်းဖြတ်သန်းခဲ့သူများကို ကိုးကား၍ ဖေဖော်ဝါရီ ၁၈ တွင် ရေးသားထားသည်။
ဖမ်းဆီးခံရသူတို့မျက်နှာ အဝတ်စည်းခံထားရသည်ဖြစ်၍ မည်သူက ကျူးလွန်လုပ်ဆောင်ခဲ့သည်ကို မသိရကြောင်း ပါရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု ဆိုသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် အခြားသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိနိုင်ရန်၊ စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
ယမန်နှစ် ဇူလိုင်အတွင်း မန္တလေး နန်းတွင်းစစ်ကြောရေးစခန်းတွင် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စအိုအတွင်း ဝါးလုံးထိုးသွင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုစဉ်ကလည်း ၎င်း ၃ ဦးကို စစ်ကောင်စီက ဆေးကုသခွင့် မပြုခဲ့ပေ။
လူမဆန်သည့် နည်းလမ်းသုံး၍ နှိပ်စက်ခံခဲ့ရသည့် မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းသည် စစ်ကောင်စီလက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့စခန်းများအနက် တစ်ခုဖြစ်သည်။
အလားတူ ယမန်နှစ် ဇူလိုင်လအတွင်း အသက် ၃၀ ကျော်ရွယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲခေါင်းဆောင် အမျိုးသမီးတစ်ဦးကိုလည်း ပြင်ဦးလွင်စစ်ကြောရေး၌ စစ်မေးနေသည့် စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည်။
ထိုစဉ်က HIV ပိုး ကူးစက်ခံထားရသူဖြစ်သည်ဟု ပြောဆိုသဖြင့် အဓမ္မပြုကျင့်မခံရသော်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လွတ်လာသည့် ထိုအမျိုးသမီးက Myanmar Now ကို ပြောခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)