မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်ကောင်စီတပ်က ညအချိန် ဝင်ရောက်ဖမ်းဆီးနေ၍ ၃ ရက်အတွင်း လူ ၂၀ ခန့် ဖမ်းဆီးခံရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဒေသခံ အမျိုးသားတစ်ဦးက ဖမ်းဆီးခံရသူများထဲတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၊ ဆန္ဒပြပွဲတွင် ထမင်းဘူးဝေသူများ၊ ၎င်းတို့ပါတီနှင့် ဆက်စပ်သူများ ပါဝင်ကြောင်း ပြောသည်။
“ပါတီက မြို့နယ်အလုပ်အမှုဆောင်တွေ ပါသွားတယ်။ တချို့အိမ်တွေ ချိပ်ပိတ်သွားတယ်။ မြို့ပေါ်က လူတွေကို အတိအကျမေးလို့ မရသေးဘူး။ သူတို့လည်း ရှောင်နေကြတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသူက ဆိုသည်။
“(အဖမ်းခံရတာ) မိသားစုလိုက်တွေ ပါတယ်လို့ ပြောတယ်။ ဘယ်နှယောက်ပါလဲဆိုတာ အတိအကျကြီး မသိသေးဘူး”
မြို့ပေါ်ရှိ နေအိမ် ၆ လုံး ချိပ်ပိတ်ခံရကြောင်း၊ လူဦးရေ ၈၃၀၀ နီးပါးရှိသည့် မြိုင်မြို့တွင် ၅၀၀၀ ခန့် ထွက်ပြေးနေကြရကြောင်း မြိုင် PDF ထံမှ သိရသည်။
“မြို့ပေါ်မှာ အဖမ်းအဆီးတွေ တော်တော်လုပ်နေတယ်။ အရင်တုန်းက ဆန္ဒပြပွဲတွေမှာ ပါတဲ့လူတွေ အကုန်လိုက်ဖမ်းနေတယ်။ အခု မြို့(လူဦးရေ) ၃ ပုံ ၂ ပုံလောက်က မရှိကြဘူး။ အကုန်ပြေးကြရတယ်” ဟု မြိုင် PDF မှ ဗိုလ်ခရော့စ်က ပြောသည်။
“ညဆိုရင် လိုက်ဖမ်းတာ။ ညပိုင်း ကိုယ့်အိမ်ရှေ့ ဆိုင်ကယ်ရပ်ပြီဆိုရင်တောင် လန့်နေရတော့တာ။ ဘယ်အချိန်လာဆွဲမလဲ လန့်ပြီး မိသားစုလိုက်တွေ ရှောင်နေကြတာ”
ဖေဖော်ဝါရီ ၁၃ ညနေတွင် မြိုင်မြို့နယ်အတွင်း ကျေးရွာတစ်ခုတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲ၌ ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ဝန်းရံလုံခြုံရေးယူပေးခဲ့ပြီးနောက် မြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ထိုသို့ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု သူက ဆိုသည်။
PDF က မြို့ကို ဝင်ရောက်စီးနင်းလျှင် လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ရန် ထိုသို့ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟုလည်း သူက ကောက်ချက်ချသည်။
စစ်ကောင်စီတပ်က မြို့တွင်း ခြေလျင်လှည့်ပတ်သွားလာကာ စစ်ဆေးနေကြောင်း၊ စစ်ဆေးဖမ်းဆီးမှုများတွင် စစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သူက ပြောသည်။
မြိုင်မြို့နယ်အတွင်း မြို့ခံများကို လိုက်လံဖမ်းဆီးနေမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် စစ်ကောင်စီပြောခွင့်ရထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
မြိုင်မြို့နယ်အတွင်း ယခုကာလများအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း ဂန့်ဂေါမြို့နယ်တောင်ဘက် ၂၅ မိုင်ကျော်အကွာ မင်းရွာရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါးကို ယောဒေသကာကွယ်ရေး (YDF) အဖွဲ့နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၀ ညပိုင်း၌ သွားရောက်တိုက်ခိုက်ခဲ့သည်။
တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု YDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာရှင်ကို တွန်းလှန်သည့် မြိုင်မြို့နယ်
မကွေးတိုင်းအနောက်မြောက်ဘက် ပခုက္ကူမြို့အနီးရှိ မြိုင်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသ ပြည်သူများလည်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ယမန်နှစ် မတ် ၁၁ ၌ မြိုင်မြို့လယ်တွင် စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ခဲ့၍ ၆ ဦး သေဆုံးခဲ့သည်။
ဆီးခုံကျည်ထိသော ကိုသက်ဇော်ဦး (အသက် ၃၄ နှစ်၊ ထန်းငယ်တောရွာ)၊ ရင်ဘတ်ကျည်ထိသော ကိုအောင်ကျော်ဆင့် (အသက် ၂၀ နှစ်၊ ဝက်ကျုံးရွာ)၊ ဦးခေါင်းပွင့်ဒဏ်ရာနှင့် ကိုသိုက်ပေါ် (အသက် ၄၀ နှစ်၊ ကန်ပူးရွာ)၊ ကိုဉာဏ်ဝင်း (၃၀ နှစ်၊ မြိုင်မြို့)၊ ကိုကြည်ဖြိုးဝေ (၁၉ နှစ်၊ ကြက်မောက်ရွာ)၊ ကိုသိုက်စိုး (၄၀ နှစ်၊ ဘောဒုံရွာ)တို့ သေဆုံးခြင်း ဖြစ်သည်။
ထို့သို့ ပစ်ခတ်ဖြိုခွင်းခံရသော်လည်း ကျေးရွာပေါင်း ၃၀၀ ကျော်ရှိ မြိုင်မြို့နယ်အတွင်း အရှေ့ပိုင်းဇုန်၊ မြောက်ပိုင်းဇုန်၊ တောင်ပိုင်းဇုန်၊ အနောက်ပိုင်းဇုန် စသည့်ဇုန်လိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်မတော်အကြီးစားစက်ရုံခွဲများဖြစ်သည့် မြိုင်၊ မြင်းခြံ၊ မကွေး၊ ထုံးဘို တို့မှ ရာနှင့်ချီသော စက်ရုံဝန်ထမ်းများသည် မတ်လဆန်းပိုင်းတွင် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့ကြရာ ထိုစဉ်က စက်ရုံခွဲ (မြိုင်) မှ ၃၄ ဦး ပါဝင်ခဲ့သည်။
ချင်းတွင်းမြစ်အနောက်ဘက် မြိုင်မြို့နယ်မှာ မကွေးတိုင်းအတွင်းမှ ရေစကြို၊ ပေါက်၊ စစ်ကိုင်းတိုင်းအတွင်းမှ ပုလဲ၊ ဆားလင်းကြီး စသည့်မြို့နယ်များနှင့် ထိစပ်နေပြီး ထိုဒေသများမှာလည်း စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေသည့် ဒေသများဖြစ်ကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အင်အား ရာဂဏန်းရှိ စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းခဲ့သည်။ ထိုစဉ်က အိမ်ခြေ ၅၀ ထက်မနည်း မီးရှို့ခံရကာ လက်ယက်ရေနံမှော်များလည်း မီးရှို့ခံရပြီး ဒေသခံ ၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။
ထိုသို့ စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက် ဝင်ရောက်စီးနင်းနေသောကြောင့် မြိုင်မြို့နယ်အတွင်း ကျေးရွာ ၂၀ ထက်မနည်းမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
နယ်မြေထိစပ်နေသော ပေါက်မြို့နယ်အတွင်းလည်း စစ်ကောင်စီတပ်က ဆက်လက်ဝင်ရောက်ကာ အလားတူပြုမူခဲ့ကြပြီး ဒေသခံ ၆ ဦး သတ်ဖြတ်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)