
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ မှစ၍ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများသည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဖေဖော်ဝါရီ ၉) တွင် ပြောသည်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလည်း KIA နှင့်အတူ ပူးတွဲတိုက်ခိုက်နေသည်။
ဖေဖော်ဝါရီလဆန်းတွင် ကချင်ပြည်နယ်အတွင်းရှိ ပူတာအို၊ ဆွမ်ပရာဘွမ်၊ မိုးညှင်း၊ တနိုင်း၊ ဖားကန့်နှင့် မံစီမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အထိနာနေသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့သည်။
ပူတာအိုနှင့် ဖားကန့်မြို့နယ်များတွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့သလို စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများလည်း စိပ်လာသည်ကို တွေ့ရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အခုထိကတော့ KIA ဘက်ကလည်း ရှေ့တန်းမှာ အသင့်ရှိနေတာ၊ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ စစ်အင်အားတွေကို ပြန်တိုးချဲ့ထားတာဆိုတော့ တင်းမာတဲ့အနေအထားပေါ့၊ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ပါတယ်” ဟု သူက ဆိုသည်။
ဖေဖော်ဝါရီ ၁ တွင် ဆွမ်ပီယန်ရွာအနီးရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA နှင့် ပူတာအို-PDF တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ရာ ဖေဖော်ဝါရီ ၃ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ လေယာဉ် ၂ စီးက ထိုနေရာကို လာရောက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၇ တွင် ဆွမ်ပီယန်ရွာဘက်သို့ စစ်ကောင်စီတပ်က ပူတာအိုမြို့မှ ပြည်သူ့စစ်များအပါအဝင် လက်နက်ကိုင်အင်အား ၂၀၀ ခန့် ပို့ဆောင်ခဲ့သည်။ အဆိုပါစစ်ကြောင်းကို ပူတာအိုမြို့နှင့် ၁၂ မိုင်ခန့်အကွာ လုံရှာယန်ကျေးရွာတွင် KIA နှင့် ပူတာအို-PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
“အဲဒီဘက်မှာလည်း စစ်ရေးက တင်းမာတယ်လို့ ပြောလို့ရတာပေါ့။ စစ်ကောင်စီတပ်ကလည်း ပူတာအိုဘက်ကနေ လုံရှာယန်ဘက်ကို ဆင်းလာတာက ပြန်မခေါက်ဘူးဆိုတော့ ဆွမ်ပီယန်ဘက်ကို စစ်အင်အားတွေ တိုးချဲ့ထားတဲ့သဘောပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လုံရှာယန်ရွာမှာ ပူတာအိုမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ကျော်အကွာတွင် ရှိပြီး ဆွမ်ပီယန်ရာမှာ ပူတာအိုနှင့် ၄၈ မိုင်အကွာ မြစ်ကြီးနား-ပူတာအိုလမ်းမပေါ်တွင် ရှိကြသည်။
(ဖေဖော်ဝါရီ ၃) လေကြောင်းတိုက်ခိုက်မှုကြောင့် ဆွမ်ပီယန်ရွာမှ အသက် ၅၀ ကျော်အရွယ် ဒေါ်ဂျာဘို အပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒေသခံ ၁၀၀၀ ခန့် တောထဲသို့ ထွက်ပြေးနေကြရကာ ယနေ့အထိ နေရပ်မပြန်ရဲသေးကြောင်း အသက် ၄၀ ခန့်ရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကြောက်လို့ပေါ့၊ လုံရှာယန်ဘက်မှာဆိုရင်လည်း စစ်ပွဲ နေ့တိုင်းဖြစ်နေတယ်လို့ ပြောတယ်လေ၊ အဲဒါကြောင့် လေယာဉ်ပျံ လာမလားဆိုပြီးမှ ကြောက်နေကြတာ” ဟု အဆိုပါ ဆွမ်ပီယန်ရွာသားက ပြောသည်။
တောထဲတွင် နေထိုင်ရသည်မှာ တစ်ပတ်ခန့်ကြာမြင့်လာသည့်အတွက် အစားအသောက်နှင့် အနွေးထည်များ လိုအပ်နေသလို ဖျားနာနေသူများရှိသောကြောင့် ဆေးဝါးများလည်း လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၃ တိုက်ပွဲဖြစ်သည့်နေရာများမှာ ပူတာအို၊ ဆွမ်ပရာဘွမ်၊ မိုးညှင်းနှင့် ဖားကန့်တို့ဖြစ်သည်ဟု သိရသည်။
ထိုနေ့မနက် ၃ နာရီခန့်က မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်း တိုက်ခိုက်မီးရှို့ခံရသလို တစ်ချိန်တည်းလိုလိုတွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ဂျာရာယန်စခန်းကိုလည်း KIA နှင့် PDF အဖွဲ့များ ပူးပေါင်းသိမ်းပိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ဖားကန့်မြို့နယ်သို့ စစ်ကူလိုက်လာသည့် စစ်ကြောင်းတစ်ခုကို ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ နန့်ယားရွာတောင်ဘက်ရှိ မာနော့မှော်အနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိ ကြာသည့် အဆိုပါတိုက်ပွဲတွင် အထိနာ၊ ပိတ်မိနေသည့် ၎င်း၏တပ်ကို ကယ်ထုတ်ရန် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် ၁၀ ကြိမ်ခန့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကပ်မှော်ရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အသက် ၈၀ ခန့် အရွယ်များဖြစ်သော အဘိုးအိုတစ်ဦး၊ အဘွားအိုတစ်ဦးသေဆုံးသည်။ ဒဏ်ရာရသူ ၄ ဦး ရှိခဲ့သည်။
ဆိုင်းဖရာရွာသား အမျိုးသားတစ်ဦးက ဖေဖော်ဝါရီ ၄ တွင် ၎င်းတို့၏ ရွာသို့ ခွန်စိုင်ယန်၊ တံတားညီနောင်နှင့် ဂေါ့လူယန်ရွာများမှ ဒေသခံ ၁၀၀ ခန့် ထွက်ပြေးလာကြသည်ဟု ဆိုသည်။
“အခုကတော့ အကုန်လုံးပြန်ကြပါပြီ၊ တိုက်ပွဲပြန်ဖြစ်ဦးမလားလို့ စိုးရိမ်စိတ်ရှိကြတဲ့အတွက်တော့ သတိတော့ ထားနေကြရတဲ့ အခြေအနေရှိပါတယ်” ဟု ထိုသူက ပြောသည်။
မာနော့ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၂၀၀ ခန့်ရှိကြောင်း ဒေသခံအချို့က ခန့်မှန်းကြသော်လည်း ဗိုလ်မှူးကြီးနော်ဘူကမူ တိုက်ပွဲဖြစ်ပွားရာအနီးတွင် စစ်ကောင်စီအင်အား အနည်းငယ်သာရှိသည့်အတွက် အဆိုပါ ကိန်းဂဏန်း မဖြစ်နိုင်ကြောင်း ပြောသည်။
ဖေဖော်ဝါရီ ၇ နောက်ပိုင်းမှစပြီး မာနော့ရွာတွင် တိုက်ပွဲများငြိမ်သွားသော်လည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်များနှင့် လူအင်အားတိုးချထားသလို ဖားကန့်-ကာမိုင်းလမ်းတစ်လျှောက်ရှိ ရွာများကို နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသည့် သတင်းများလည်း ကြားနေရသည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာပြည်အလယ်ပိုင်းမှ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက စစ်အင်အားများပို့နေသည့် သတင်းများလည်း ကြားနေရသလို ဇန်နဝါရီလနှောင်းပိုင်းခန့်က မန္တလေးမြို့ဘက်မှ စစ်ကားအစီး ၄၀ ခန့် ကချင်ဘက် ဦးတည်ထွက်ခွာလာသည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“လွန်ခဲ့တဲ့ အပတ်တွေမှာလည်း စစ်ကောင်စီက ကျွန်တော်တို့ ကချင်ပြည်နယ်ဘက်ကို စစ်ယာဉ်တန်းနဲ့ စစ်အင်အားတွေ လက်နက်အင်အားတွေ တိုးထားတာကို ကျွန်တော်တို့ တွေ့ရပါတယ်၊ မန္တလေးတို့ စစ်ကိုင်းဘက်တို့ကနေ ကချင်ပြည်နယ်ဘက်ကို ပို့လာတာတွေရှိပါတယ်” ဟု သူက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်မှုများ ကူးစက်လာသလို တိုင်းရင်းသားဒေသအများအပြားတွင်လည်း တိုက်ပွဲများပြင်းထန်လာသည်။
ကချင်ပြည်နယ်အတွင်း KIA တပ်များနှင့်အတူ ၎င်းတို့ လေ့ကျင့်ဖွဲ့စည်းပေးထားသည့် PDF တပ်ဖွဲ့ဝင်များကလည်း ပူးပေါင်း၍ ပါဝင်တိုက်ခိုက်နေကြသည်။
မြန်မာပြည်တောင်ပိုင်းတွင် စစ်အာဏာသိမ်းမှုကို ကရင်အမျိုးသားအစည်းအရုံး(KNU)က အတိအလင်းကန့်ကွက်၍ တိုက်ပွဲများဖော်ဆောင်နေသလို မြန်မာပြည်မြောက်ပိုင်းရှိ KIA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ထားသည်။
ထို့ပြင် ယခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ တိုက်ပွဲများ ပြင်းထန်လာနိုင်သလို လက်နက်ကိုင်အဖွဲ့များအားလုံး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဝန်းရံရန် လိုအပ်ကြောင်း ၎င်းက ဖေဖော်ဝါရီ ၅ တွင် ကျရောက်သည့် ကချင့်တော်လှန်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
KIA ထိန်းချုပ်နယ်မြေတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရက္ခိုင့်တပ်တော် (AA) တို့၏ တပ်တချို့လည်း ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)