စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးဝန်ထမ်းများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို နယ်မြေအတွင်းမှ ထွက်ခွာခိုင်းခြင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ မူဝါဒအတိုင်း ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။
“စစ်ကောင်စီရဲ့အုပ်ချုပ်ရေးနယ်မြေတွေ ကျဉ်းသွားအောင်၊ သူတို့ရဲ့အုပ်ချုပ်ရေးတွေ ကျဆုံးအောင် လုပ်တဲ့နေရာမှာ အကောင်အထည်ဖော်တဲ့နေရာမှာ သူနဲ့တွဲပြီးတော့ ပါလာတဲ့အစိတ်အပိုင်းတွေကို ရှောင်လွှဲလို့မရတဲ့အပိုင်းတွေ ဖြစ်လာတော့ ကျွန်တော်တို့မူဝါဒအတိုင်းကို အောက်ခြေက အကောင်အထည်ဖော်တယ်လို့ပဲ နားလည်ပါတယ်”ဟု ပဒိုစောတောနီးက ဆိုသည်။
ထိုသို့ နှင်ထုတ်ကြောင်း ဖော်ပြထားသည့် စာများကို KNU ၏ ဖာပွန်ခရိုင် တပ်မဟာ (၅) နှင့် သထုံခရိုင် တပ်မဟာ (၁) နယ်မြေများမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၉ နှင့် ဖေဖော်ဝါရီ ၇ တို့၌ အသီးသီးထုတ်ပြန်ထားကြခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ်ပူးတွဲမနေရန်၊ လုပ်ငန်းကိစ္စများ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် KNU အနေဖြင့် ပြောဆိုထားပြီးဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့အခါကျတော့ ဒီလိုမျိုးပူးတွဲသွားလာနေကြမယ် ဆိုရင်တော့ ရှောင်လွဲလို့မရတဲ့ အနေအထားတစ်ခုတော့ ရောက်မှာပဲဆိုတာကို ရှင်းချက်ထုတ်ပြီးသားပါ” ဟု ၎င်းက ပြောသည်။
KNU မှ ခွဲထွက်သွားသော ကရင်နယ်ခြားစောင့်တပ် (BGF) သည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့် စစ်ကောင်စီနှင့် ပူးပေါင်း၍ KNU ၏ တပ်များကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၇ ရက်စွဲဖြင့် တပ်မဟာ (၁) သထုံခရိုင် တာဝန်ရှိသူများက ဖားအံမြို့နယ်ရှိ BGF ၏ မိသားစုဝင်များကို စခန်းမှ ထွက်ခွာပေးရန်၊ BGF နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပြီး စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးစာထုတ်ပြန်ခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများအရ BGF တပ်ဖွဲ့ဝင်များသာမက တပ်စခန်းများတွင်နေသည့် ၎င်းတို့၏ မိသားစုဝင်များပါ ထွက်ခွာသွားရန် ဖော်ပြထားသည်။ ထို့ပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဖားအံမြို့နယ်အတွင်းမှ အရပ်ဘက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံး နုတ်ထွက်ပေးရန် ပါရှိသည်။
အလားတူ ဇန်နဝါရီ ၂၉ ကလည်း တပ်မဟာ (၅) ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၁၀ ရက်အတွင်း ဒေသမှ ထွက်ခွာသွားကြရန်နှင့် မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ သတိပေးစာထုတ်ပြီးနောက် ဖာပွန်မြို့ရှိ စစ်ကောင်စီအရပ်ဘက်ဝန်ထမ်း ၁၀၀ ကျော်သည် သတ်မှတ်ရက်မတိုင်မီ ထွက်ခွာသွားကြကြောင်း KNU တပ်မဟာ(၅) ဗျူဟာမှူး၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် ကေအိုင်စီ-ကရင်သတင်းဌာန (KIC) တွင် ဖော်ပြထားသည်။
ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တရားရေး၊ ဆက်သွယ်ရေးနှင့် စာရင်းစစ်ရုံးဌာနမှ အရပ်ဘက်ဝန်ထမ်းများ ထွက်ခွာရာတွင် KNU ဘက်က ကူညီခဲ့ကြောင်း ပါရှိသည်။
ထို့နောက် လစ်လပ်သွားသည့်နေရာများအတွက် ကော်သူးလေအုပ်ချုပ်ရေးယန္တရားဖြင့် အုပ်ချုပ်မည်ဖြစ်ပြီး ၎င်းတို့ထံတွင် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည့် ဌာနကြီး ၁၄ ခု ရှိကြောင်းလည်း KNU ဘက်က တုံ့ပြန်ထားသည်။
“မြေပြင်မှာရှိနေတဲ့ ကျွန်တော်တို့လက်အောက်ခံ ဆိုင်ရာအဖွဲ့အစည်းတွေကလည်း သူတို့ဟာသူတို့ လုပ်နိုင်တဲ့အနေအထားတစ်ခုကို သူတို့အကောင်အထည်ဖော်နေတာပဲလို့ နားလည်ထားပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည့် KNU က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ပြီး စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ကရင်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခမဖြစ်စေရေးအတွက် ယမန်နှစ် ဇွန် ၁၅ နှင့် ၁၆ တို့တွင် KNU ဌာနချုပ်၌ KNU, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ)၊ BGF တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း BGF က စစ်ကောင်စီဘက်မှ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၆ တွင် ကြေညာခြင်းနှင့် ပတ်သက်ပြီး KNU ဘက်က မတက်ရောက်ကြောင်း ငြင်းဆန်ထားသည်။
အလားတူ ငြိမ်းချမ်းရေးကမ်းလှမ်းထားခြင်း အပါအဝင် ဆွေးနွေးရန် ဇန်နဝါရီ ၁ တွင် ဖိတ်ခေါ်ခဲ့မှုနှင့် ပတ်သက်ပြီး လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။
ယခုအကြိမ်ဖိတ်ခေါ်မှုတွင် KNU မတက်ရောက်သော်လည်း DKBA နှင့် KNU/KNLA−PC တို့က တက်ရောက်မည်ဖြစ်ကြောင်း KIC ကို အတည်ပြု ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)