
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင် PDF တပ်ဖွဲ့တို့ကို ကချင်စစ်မြေပြင်၌ ရင်ဆိုင်ရစဉ် အထိနာနေသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှတိုက်ခိုက်မှု ပိုလုပ်လာသောကြောင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဒေသခံ ၁၀၀၀ ကျော်မှာ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ယမန်နေ့က ပူတာအိုမြို့နယ် ဆွမ်ပီယန်စခန်းနှင့် ဖားကန့်မြို့နယ် ဂျာရာယန်ကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ဖားကန့်မြို့နယ်အရှေ့ဘက် မာနော့ကျေးရွာအနီး ယနေ့ (ဖေဖော်ဝါရီ ၄) ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ရေခဲတောင်များ တည်ရှိရာ ပူတာအိုမြို့နယ်တွင် KIA, PDF ပူးပေါင်းတပ်များက ပြည်သူ့စစ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ တွင် သိမ်းပိုက်ခဲ့သည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃) တွင်မူ စစ်ကောင်စီ၏ လေယာဉ် ၂ စီးက ဆွမ်ပီယန်ရွာအနီးရှိ ထိုစခန်းကို လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် ဆွမ်ပီယန်ရွာသား ၄ ဦး ဒဏ်ရာရပြီး လူ ၁၀၀၀ ကျော် တောထဲသို့ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
ထိုနေရာအနီး မွန်းလွဲ ၃ နာရီခန့်တွင် တစ်ကြိမ်၊ ည ၇ နာရီခွဲခန့်တွင် တစ်ကြိမ် စစ်လေယာဉ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ပူတာအို – PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပထမအကြိမ်တိုက်ခိုက်မှုတွင် တိုက်လေယာဉ်နှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာပြီး စခန်းကုန်းအပေါ် သုံးလေးကြိမ် လှည့်ပတ်ပျံသန်းခဲ့သည်ဟု ၎င်းက ဆိုသည်။
“စခန်းကုန်းပေါ် လက်နက်မကျဘူးဗျ၊ ရွာထဲဘက်တွေပဲ ကျတာ။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုအိမ်တွေ ထိသွားတာပေါ့လေ” ဟု ပူတာအို-PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကြောင့် KIA, PDF ပူးပေါင်းအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ စခန်းကို ဆက်လက်သိမ်းပိုက်ထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁ နံနက် ၁၀ နာရီခန့်က ဆွမ်ပီယန်ကျေးရွာအနီးရှိ ထိုစခန်းကို ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်၊ လက်နက်အမြောက်အမြား သိမ်းဆည်းရမိခဲ့သည့် ထိုစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ဆွမ်ပီယန်ရွာမှာ ပူတာအိုမြို့၏ အရှေ့တောင်ဘက် ၄၈ မိုင်အကွာ မြစ်ကြီးနား – ပူတာအို လမ်းမအနီးတွင်ရှိပြီး အိမ်ခြေ ၁၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိသည်။

ဆွမ်ပီယန်ရွာအတွင်း ဗုံးကျရောက်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့သည်ဟု အသက် ၄၀ အရွယ် ဆွမ်ပီယန်ဒေသခံတစ်ဦးက ပြောသည်။
ဆွမ်ပီယန်ဒေသခံများဖြစ်သည့် အသက် ၅၀ ကျော် ဒေါ်ဂျာဘိုမှာ လက်မောင်းနှင့် လည်ပင်း၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ဝမ်းဗိုက်နှင့် မျက်ခုံးတို့တွင် ဒဏ်ရာရခဲ့ကြောင်း၊ အသက် ၁၀ နှစ်ကျော်အရွယ်ရှိ မိန်းကလေး ၂ ဦးနှင့် ယောက်ျားလေး ၁ ဦးတို့လည်း ဒဏ်ရာရသွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ဒဏ်ရာရသူ ၅ ဦးကို လေကြောင်းတိုက်ခိုက်မှုပြီးသည့်နောက် ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနားဆေးရုံသို့ ပို့လိုက်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဆွမ်ပီယန်ရွာ ဒေသခံ ၁၀၀၀ ခန့်မှ အများစုမှာ တောထဲသို့ ထွက်ပြေးနေရသလို တချို့က နီးစပ်ရာကျေးရွာများနှင့် ပူတာအိုမြို့ဘက်သို့လည်း တိမ်းရှောင်ကြသည်ဟု အထက်ပါ ဆွမ်ပီယန်ရွာသားက ပြောသည်။
တောတွင်းရှိ နေရာ သုံးခုခန့်တွင် ဖြစ်သလိုနေကြရပြီး ဆောင်းတွင်းဖြစ်သည့်အတွက် အအေးဒဏ်ကို ပိုမို ရင်ဆိုင်နေကြရသည်။
“သက်ကြီးရွယ်အိုတွေ ချမ်းတုန်ပြီးမှ အိပ်တောင်အိပ်လို့မရဘူး ညက၊ ကလေးတွေရော။ အခုလည်း လေယာဉ်လာမယ်လို့ ပြောတာနဲ့ ထမင်းတောင် မချက်စားရသေးဘူး” ဟု ၎င်းက ဆိုသည်။
ယနေ့လည်း ဖားကန့်မြို့နယ် ကပ်မှော်ကျေးရွာအုပ်စု မာနေ့ကျေးရွာအနီး နံနက် ၇ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး မွန်းတည့် ၁၂ နာရီခန့်တွင် စစ်လေယာဉ် ၂ စီးဖြင့် တစ်ကြိမ်၊ ရဟတ်ယာဉ် ၁ စီးဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်က ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မာနော့ကျွေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနှင့် KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ တို့ တိုက်ပွဲ မိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်တွင် ထပ်မံတိုက်ခိုက်ကြခြင်းဖြစ်သည်။
တောတွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာနေသည်ဟု သတင်းကြားရပြီး မွန်းလွဲ ၃ နာရီခန့်တွင် တစ်ကြိမ် လေကြောင်းမှ ထပ်မံပစ်ခတ်ခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့(စစ်ကောင်စီ)ဘက်က အထိအခိုက်အကျအဆုံးများမယ် ထင်တယ်၊ လေယာဉ်တောင် ၃ ခေါက် ပစ်တယ်ဆိုတော့” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာသို့ ဖားကန့်မြို့နယ်အရှေ့ဘက် နန့်ယားကျေးရွာစစ်တပ်ကုန်းမှ လက်နက်ကြီးအချက်ရေ ၃၀ ကျော် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုအခြေအနေများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၊ စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားကြခြင်း မရှိသေးပေ။
ဖေဖော်ဝါရီအတွင်း ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီစခန်းများနှင့် ရဲစခန်းများကို ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ဖျက်ဆီးနေသည့်အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဖြင့် လက်တုံ့ပြန်နေသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကို အတိအလင်းကန့်ကွက်ရှုတ်ချထားသည့် KIA က အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားထားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၃ တစ်ရက်အတွင်း KIA, PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်း၊ ဖားကန့်မြို့နယ်ရှိ ဂျာရာယန်ကျေးရွာအခြေစိုက် စစ်စခန်း၊ ဆွမ်ပရာဘွမ်မြို့နယ် ဒရိုခကျေးရွာအနီးရှိ စစ်စခန်းတို့ကို တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)