
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု၊ ရဲစခန်း ၁ ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ပူးပေါင်း၍ ယနေ့(ဖေဖော်ဝါရီ ၃) နံနက်တွင် ဝင်ရောက်တိုက်ခိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
နံနက် ၃ နာရီခန့်က မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်း၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဂျာရာယန်ကျေးရွာအခြေစိုက် စစ်စခန်း၊ နံနက် ၉ နာရီခန့်တွင် ဆွမ်ပရာဘွမ်မြို့နယ် ဒရိုခကျေးရွာအနီးရှိ စစ်စခန်းတို့ကို တိုက်ခိုက်သည်ဟု ၎င်းက ပြောသည်။
ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု KIA ဘက်က အတည်ပြုသော်လည်း စစ်စခန်းနှစ်ခုကို သိမ်းပိုက်ခဲ့ခြင်းရှိမရှိနှင့် ထိခိုက်၊ သေဆုံးမှု အခြေအနေအသေးစိတ်ကို ထုတ်မပြောသေးပေ။
မော်ဟန်ရဲစခန်းတိုက်ပွဲမှာ ၂ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ရဲအရာရှိတစ်ဦး၊ စစ်ဗိုလ်တစ်ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိသည်ဟု ရှေ့တန်းရောက် KIA သတင်းရင်းမြစ်များကို ကိုးကား၍ ဒေသအခြေစိုက် Kachin Wave သတင်းဌာနက ရေးသားထားသည်။
ဗိုလ်မှူးကြီးနော်ဘူကမူ ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်သည်ဟုသာ အတည်ပြုပြီး ထိခိုက်၊ သေဆုံးမှု ကိစ္စများ အသေးစိတ်မသိရသေးဟု ပြောသည်။
“ဝင်စီးတယ်၊ စခန်းသိမ်းတယ်ဆိုတဲ့ သတင်းကတော့ ရပါပြီ၊ ဒါကတော့ အတည်ပြုပါတယ်” ဟု ၎င်းက ပြောသည်။
ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားသံများကို နံနက် ၃ နာရီခန့်မှ စတင်ကြားရပြီး လက်နက်ကြီး ၁၀ ချက်ထက်မနည်း ကျရောက်ပေါက်ကွဲသံကြားရသည်ဟု မော်လူးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
သို့သော် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အလှမ်းဝေးသည့်အတွက် အသေးစိတ်အခြေအနေများကိုတော့ မသိရကြောင်း ၎င်းက ပြောသည်။
မော်ဟန်ရဲစခန်းတိုက်ပွဲနှင့် တစ်ချိန်တည်းလိုလိုပင် တိုက်ခိုက်ခဲ့သည့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဂျာရာယန်ကျေးရွာစစ်စခန်းကိုလည်း KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ တပ်များနှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
ထိုတိုက်ပွဲဖြစ်ပွားရာနေရာသို့ နံနက် ၅ နာရီခန့်တွင် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခဲ့သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။ အသေးစိတ်အခြေအနေကို KIA ဘက်ကလည်း မပြောပေ။
“၁၀ ချက်ကျော်ရှိတယ်၊ သူတို့(စစ်တပ်)ရမ်းပစ်နေတာ” ဟု အထက်ပါ ဖားကန့်မြို့ခံအမျိုးသားက ဆိုသည်။
ထို့အတူ ဆွမ်ပရာဘွမ်မြို့နယ် ဒရိုခကျေးရွာစစ်စခန်းကို KIA တပ်များ သွားရောက်တိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိုစခန်း သိမ်းနိုင်ခြင်းရှိမရှိနှင့် ထိခိုက်၊ သေဆုံးမှု အသေးစိတ်ကိုမူ မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အခုလောက်ဆိုရင်တော့ ငြိမ်လောက်ပါပြီ၊ KIA ဘက်ကလည်း ပစ်ပြီးမှ ပြန်ထွက်သွားမှာပေါ့၊ ငြိမ်လောက်ပါပြီ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်ရေးအခြေအနေကတော့ တင်းမာနေမှာပေါ့” ဟု ၎င်းက မွန်းလွဲ ၂ နာရီခန့်တွင် တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
ကချင်ပြည်နယ်အတွင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်နေပြီး အာဏာသိမ်းတစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီခန့်က ပူတာအိုမြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးသည့် ဆွမ်ပီယန်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို KIA က သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ တိုက်ပွဲကြောင့် စစ်စခန်းနှင့် ပေ ၅၀၀ ခန့်သာ ဝေးသည့် ဆွမ်ပီယန်မှ ဒေသခံ ၁၀၀ ခန့် တောင်ယာများနှင့် နီးစပ်ရာကျေးရွာများသို့ ခေတ္တတိမ်းရှောင်ခဲ့ကြရသည်ဟု ဆွမ်ပီယန်ရွာသားတစ်ဦးက ပြောသည်။
လက်ရှိအချိန်အထိ ဆွမ်ပီယန်စခန်းတွင် KIA တပ်စွဲထားပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ လာရောက် အဖမ်းခံခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့အတူ ဖားကန့်မြို့ပေါ်တွင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန် ဖေဖော်ဝါရီ ၁ ရက်တွင် ဗုံး ၆ လုံးကွဲခဲ့သလို နောက်တစ်ရက်တွင်လည်း စည်ပင်ရုံးအနီး ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု မြို့ခံအမျိုးသားက ပြောသည်။
ဆွမ်ပီယန်ရွာသားနှင့် ဖားကန့်မြို့ခံတို့၏ အထက်ပါ ပြောဆိုချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံလည်း မေး၍ မရသေးပါ။
အာဏာသိမ်းပြီးနာက် တိုင်းရင်းသားဒေသများတွင် စစ်တပ်နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနေသည်။ KIA တပ်များ လှုပ်ရှားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေ့စဉ်ကဲ့သို့ ဖြစ်နေသည်။
လူမျိုးကြီးဝါဒအသုံးပြုနေသည့် စစ်အာဏာရှင်စနစ်ကို ဗမာပြည်သူ၊ ဗမာ့အဖွဲ့အစည်းများနှင့် လက်တွဲပြီး အပြီးတိုင် သုတ်သင်ရှင်းလင်းသွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မကြာခဏထုတ်ဖော်ပြောကြားလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)