သတင်း

ထန်တလန်တိုက်ပွဲတွင် အိမ် ၉၀ ကျော်မီးလောင်၊ စစ်ကောင်စီဘက်မှ ၇ ဦး သေ 

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးသလို ဒေသခံတို့၏ နေအိမ် ၉၅ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီခန့်က ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီစခန်းကို CDF – ထန်တလန်အဖွဲ့က သွားရောက် ချောင်းမြောင်းပစ်ခတ်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု CDF – ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF ဘက်မှ လက်ဖြောင့်တပ်သား၏ လက်ချက်ကြောင့် စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးသည့် ထိုတိုက်ပွဲသည် ၂ နာရီခန့်ကြာခဲ့ကြောင်း၊ တိုက်ပွဲအပြီးတွင် ရုံးရပ်ကွက်ရှိ နေအိမ် ၁၈ လုံး မီးလောင်သွားကြောင်း သူက ပြောသည်။

“တိုက်ပွဲပြီးမှ သက်သက်ရှို့တာဆိုတော့ သူတို့(စစ်ကောင်စီ) လူတစ်ယောက်ကျသွားလို့ အငြိုးနဲ့ ပြန်ရှို့တာလို့ပဲ ထင်တယ်” ဟု သူက ဆက်ပြောသည်။

နောက်တစ်နေ့တွင်လည်း သွားရောက်ပစ်ခတ်ရာ CDF လက်ဖြောင့်တပ်သားလက်ချက်ကြောင့် စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကြောင်း၊ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က TABC ရပ်ကွက်ကို မီးထပ်ရှို့သည့်အတွက် အိမ် ၇၆ လုံး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မြို့တွင်းရှိ ရဲစခန်း၊ မြို့ကို အပေါ်စီးမှ မြင်ရသည့် တောင်ကုန်းတို့တွင် အင်အား ၂၀၀ ခန့် တပ်စွဲထားရာမှ ပြီးခဲ့သည့်လအတွင်း အဆိုပါရဲစခန်းမှ တပ်ပြန်ရုပ်သွားသည်ဟု CDF ထံမှ သိရသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်က အဆိုပါရဲစခန်းတွင် တပ်စွဲရန် ပြန်လာသည်ဟု ယူဆရသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF က ပြောသည်။

“မနေ့က တစ်နေ့လုံးနီးပါး ပစ်ခတ်မှုတွေရှိတယ်။ သူတို့(စစ်ကောင်စီ)က လက်နက်ကြီးကို တော်တော်များများကို သုံးတယ်” ဟု CDF – ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် တိုက်ပွဲခေတ္တငြိမ်သက်ခဲ့သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး အလုံးရေ ၅၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး CDF များဘက်ကမူ ထိခိုက်၊ ဒဏ်ရာရမှု မရှိကြောင်း၊ စစ်ကောင်စီလက်နက်ကြီးကြောင့် မြို့ပေါ်ရှိ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း CDF က ပြောသည်။

ယနေ့တွင် ရဟတ်ယာဉ်တစ်စီး ထန်တလန်စစ်တပ်ကုန်းသို့ ဆင်းသက်ခဲ့ပြီး ဒဏ်ရာရသွားသည့် တပ်ရင်းမှူးတစ်ဦးနှင့် တပ်သားနှစ်ဦးကို သယ်ဆောင်သွားသည်ဟု သတင်းရကြောင်း CDF အဖွဲ့ထံမှ သိရသည်။

၃ ရက် ပစ်ခတ်မှု တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသည့်ထဲတွင် Holiness ဘုရားကျောင်းလည်း ပါဝင်သည်ဟု ဆိုသည်။

ယမန်နှစ် စက်တင်ဘာမှ ယမန်နေ့အထိ ထန်တလန်မြို့တွင် ၂၃ ကြိမ်မီးလောင်ခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁၉ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ် ၉၀၀ ကျော် မီးလောင်ခဲ့ကြောင်း CDF ထန်တလန်၏ စာရင်းများအရ သိရသည်။ 

လူဦးရေ ၈၀၀၀ မှ ၁၀၀၀၀ ကြားနေထိုင်သည့် ထန်တလန်မြို့တွင် နေအိမ်ပေါင်း ၂၀၀၀ ခန့်ရှိရာတွင် နေအိမ်ထက်ဝက်ခန့် ပျက်စီးသွားခြင်း ဖြစ်သည်။ စက်တင်ဘာလမှစ၍ မြို့လုံးကျွတ် စစ်ရှောင်ကြသည့်အတွက် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သာရှိတော့သည်။ 

ပြီးခဲ့သည့် ၃ ရက်ကြာ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ထန်တလန်မီးရှို့ခံရမှုများမှာ CDF လက်ချက်ဟု စစ်ကောင်စီဘက်က ပြန်လှန် စွပ်စွဲလေ့ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button