
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ယနေ့(ဖေဖော်ဝါရီ ၁)တွင် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာငါးခုတွင် စစ်ကောင်စီတပ်ကို တိုက်ခဲ့ပြီး စခန်းတစ်ခုသိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကချင်ပြည်နယ်တွင် နှစ်နေရာ၊ ရှမ်းမြောက်တွင် သုံးနေရာ တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
ကချင်ပြည်နယ် ပူတာအိုမြို့အရှေ့ဘက် မိုင် ၄၀ ကျော်အကွာ မြစ်ကြီးနား – ပူတာအိုလမ်း၊ ဆွမ်ပီယန်ကျေးရွာအနီးရှိ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့၏ စခန်းတစ်ခုကို နံနက် ၁၀ နာရီခွဲခန့်က တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ထိုနေရာနှင့် မိုင်အနည်းငယ်သာဝေးသည့် မဆီးယန်ရွာအနီးရှိ ရှင်ဂတ်ဘွမ်စစ်စခန်းကိုလည်း KIA နှင့် ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ဆွမ်ပီယန်စခန်းကို သိမ်းပြီး မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့သတင်းတော့ ရထားပါတယ်၊ ရှင်ဂတ်ဘွမ်ဆိုတဲ့စခန်းကိုတော့ အခုထက်ထိကတော့ သတင်းထပ်မတက်သေးပါဘူး၊ ဝင်ပစ်တယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားပါသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပူတာအို – PDF ပြောရေးဆိုခွင့်ရှိသူက ထိုတိုက်ပွဲများအတွင်း ၎င်းတို့လည်း ပူးပေါင်းပါဝင်သည်ဟု အတည်ပြုသည်။
အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ဆွမ်ပီယန်စခန်းမှာ ဆွမ်ပီယန်ရွာနှင့် ပေ ၅၀၀ ခန့်သာ ကွာဝေးသည့်အတွက် တိုက်ပွဲဖြစ်ပွားစဉ် ရွာအနီး လက်နက်ကြီးကျည်အချို့ ကျရောက်ခဲ့သည့်အတွက် ရွာသားများ ခေတ္တရှောင်တိမ်းကြရသည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
မနက် ၁၀ နာရီကျော်မှစ၍ လက်နက်ကြီးသံများကြားရပြီးနောက် လက်နက်ငယ်သံများပါ တစ်ဆက်တည်းကြားရကာ ၂ နာရီခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ပစ်လို့ခတ်လို့ ပြီးတာနဲ့ စခန်းကို မီးရှို့လိုက်ကြတယ်၊ စခန်းက မီးခိုးတွေထွက်လာတာ လှမ်းမြင်နေရတယ်” ဟု အထက်ပါ ရွာခံအမျိုးသားက ပြောသည်။
အဆိုပါစခန်းမှာ ယခင်က စစ်ကောင်စီတပ်များသာ ထိုင်သည့် စခန်းဖြစ်သော်လည်း ပြီးခဲ့သည့် ၁ နှစ်ခန့်မှစ၍ ပြည်သူ့စစ်များပူးပေါင်းလာကာ အင်အားမှာမူ အနည်းငယ်သာရှိသည်ဟု အထက်ပါ ရွာခံက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင်လည်း စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို KIA က ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
နံနက် ၈ နာရီခန့်တွင် လက်နက်ကြီးသံများ ထွက်ပေါ်လာပြီးနောက် လက်နက်ငယ်သံများ နာရီဝက်ခန့်ကြာအောင် ကြားခဲ့ရကာ KIA တပ်ပြန်ဆုတ်သွားခဲ့သည်ဟု သိရကြောင်း ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
KIA တပ် တပ်ပြန်ဆုတ်သွားခဲ့သော်လည်း ဗျူဟာကုန်းရှိ စစ်ကောင်စီစခန်းမှ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေခဲ့သည့်အတွက် မြို့ခံတစ်ဦး ခြေထောက်တွင် ဒဏ်ရာရသည်ဟု ၎င်းက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
ထို့ပြင် ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ခိုင်တံတားအနီး စစ်ကောင်စီစခန်းနှင့် တရုတ်နယ်စပ် နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီစခန်းတို့ကိုလည်း ယနေ့တွင် KIA က သွားရောက်ပစ်ခတ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
အထက်ပါ တိုက်ပွဲများအတွင်း ထိခိုက်၊ သေဆုံးမှုနှင့် အခြားသော အသေးစိတ်အချက်အလက်များကို KIA ထံမှ မသိရသေးသလို စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်အာဏာသိမ်းခြင်းကို အတိအလင်းကန့်ကွက်ရှုတ်ချထားသည့် KIA က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များကိုလည်း မကြာခဏ တိုက်ခိုက်နေသည်။
ဗမာလူထု၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၎င်း၏ မိန့်ခွန်းများတွင် မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)