သတင်း

ရေစကြိုတွင် စစ်ကောင်စီက လစာမပေးသဖြင့် စစ်သားတစ်ဦး PDF နှင့်ပေါင်း 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခြေလျင်စစ်သားတစ်ဦးမှာ စစ်ကောင်စီက လစာမပေးသဖြင့် ကျည်ဆန်အပါအဝင် သေနတ်တစ်လက်နှင့်အတူ ဆက်သွယ်ပူးပေါင်းလာသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ စစ်သားမှာ ရေစကြိုမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ၂၅၈ တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား အာဘဲလက်ဖြစ်ပြီး ၎င်းနှင့်အတူ MA – 2 အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ် ၅ ခုနှင့် ကျည်ဆန် ၁၃၅ တောင့်ပါရှိကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်ထားသည်။ 

“စစ်ကောင်စီက သူတို့ကို လစာ အခုထိ မပေးဘူးတဲ့။ စစ်ကောင်စီအမိန့်တွေ မနာခံချင်တော့လို့ ပြည်သူနဲ့ ပူးပေါင်းချင်တယ်။ ဒါကြောင့်မို့ ပြည်သူနဲ့ ပူးပေါင်းတဲ့လမ်းကို ရွေးချယ်လိုက်တာလို့ ပြောတယ်” ဟု ရေစကြို PDF အဖွဲ့ခေါင်းဆောင် ကိုဝေကြီးက Myanmar Now ကို ပြောသည်။

လက်ရှိတွင် တပ်သား အာဘဲလက်ကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်သားများ အလင်းဝင်ပူးပေါင်းလာခြင်းကို ကြိုဆိုသည်ဟုလည်း ၎င်းက ပြောသည်။​

“ကျွန်တော်တို့အနေနဲ့ သီးသန့်ဆုကြေးပေးတာတော့ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အစစအရာရာ ပြည့်စုံအောင် ထောက်ပံ့ပေးတယ်” ဟု ကိုဝေကြီးက ပြောသည်။

အသက် ၃၁ နှစ်အရွယ် တပ်သား အာဘဲလက်မှာ ကရင်နီ (ကယား) ပြည်နယ် ဇာတိဖြစ်ပြီး လွန်ခဲ့သည့် သုံးလကျော်က ရေစကြိုမြို့နယ်ရှိ ခလရ ၂၅၈ မှာ စတင်တာဝန်ကျသည်ဟု သိရကြောင်း ကိုဝေကြီးက ဆိုသည်။

ရေစကြိုမြို့နယ် PDF ထံ တပ်သား အာဘဲလက်အပ်နှံခဲ့သည့် သေနတ်၊ ကျည်အိမ်နှင့် ကျည်ဆန်များ။ (ဓာတ်ပုံ – ပေးပို့) 

မကွေးတိုင်း အစွန်ဆုံး ရေစကြိုမြို့နယ်တွင် တပ်သား အာဘဲလက် အပါအဝင် ဒေသခံ PDF နှင့် ပူးပေါင်းလာသည့် စစ်သား ၇ ဦးအထိ ရှိလာပြီဖြစ်ကာ ယခုလ (ဇန်နဝါရီ) အတွင်း ပူးပေါင်းလာသူ လေးဦးဖြစ်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ တွင် ခလရ  ၂၅၆ မှ ထွက်ပြေးလာသည့် စစ်သားနှစ်ဦးသည် M1 အမျိုးအစား ရိုင်ဖယ်သေနတ်တစ်လက် အပ်နှံကာ ရေစကြို PDF ထံ ပူးပေါင်းခဲ့သည့်နည်းတူ ဇန်နဝါရီ ၂၈ တွင်လည်း စစ်ကောင်စီတပ်သားတစ်ဦး လက်နက်မပါဘဲ ပူးပေါင်းခဲ့သည်။​

ပြီးခဲ့သည့်နှစ် မေလနှင့် ဇူလိုင်လအတွင်း၌လည်း ခြေလျင်တပ်ရင်း ၂၇၈ မှ တပ်ကြပ်တစ်ဦးနှင့် ၂၅၇ မှ တပ်သားနှစ်ဦး လက်နက်မပါဘဲ ထွက်ပြေးလာကာ ပူးပေါင်းခဲ့သည်ဟု ရေစကြို PDF ထံမှ သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် ချင်းတွင်းမြစ်သာခြားသည့် ရေစကြိုမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ ဖူလုံရွာအနီးတွင် စစ်ကောင်စီ၏ အမှတ် ၂၅၆၊ ၂၅၇ နှင့် ၂၅၈ ခြေလျင်တပ်ရင်းများ ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button