ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ယာယီစခန်းသုံးခုကို ယနေ့ (ဇန်နဝါရီ ၃၁) နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။
ကန်ပက်လက်မြို့တွင်းရှိ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရန်အောင်စေတီတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF – ကန်ပက်လက်က တစ်ပြိုင်နက် ဝင်တိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
တစ်နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရသူ အများအပြားရှိသော်လည်း CDF ဘက်ကမူ အထိအခိုက်မရှိဘဲ နံနက် ၈ နာရီခန့်တွင် ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF – ကန်ပက်လက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ တိုက်ပွဲမဖော်တာ ကြာပြီ၊ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ)က တဖြည်းဖြည်းနဲ့ မြို့အနီးနားကနေ စစ်ကြောင်းထိုးသလိုလိုနဲ့ နယ်ကျော်လာတာတွေရှိလို့ ကျွန်တော်တို့ သွားပစ်တာ” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲထားသည့်နေရာများမှ လက်နက်ကြီးအချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ မြို့တွင်းရှိ နေရာအနှံ့အပြားကို ကျရောက်ခဲ့သောကြောင့် နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု သိရသည်။
ကန်ပက်လက်မြို့အရှေ့ပိုင်းတွင်ရှိ ရပ်ကွက်(၁)တွင် နေအိမ်တည့်တည့်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး အခြားအမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု CDF အဖွဲ့ထံမှ သိရသည်။
တိုက်ပွဲအပြီး အလျင်အမြန်တပ်ပြန်ဆုတ်ခဲ့ရသည့်အတွက် သေဆုံးသူနှင့် ဒဏ်ရာရ ပြည်သူနှစ်ဦး၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ရဲဘော်တချို့ကတော့ သွားကြည့်သေးတယ်၊ အခြေအနေမကောင်းတာနဲ့၊ ကန်ပက်လက်မြို့တွင်းမှာလည်း သူတို့ (စစ်တပ်)အင်အားများလို့ အမြန်ဆုံးပြန်ဆုတ်ခွာရတဲ့အချိန်မှာ အသေးစိတ် မသိဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
တပ်မ(၉၉) လက်အောက်ခံတပ်များအပြင် အခြားတပ်ရင်းများပါဝင်သည့် အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့တွင်းရှိ ရဲစခန်း၊ စာသင်ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရန်အောင်စေတီတို့တွင် တပ်စွဲထားသည်ဟု သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် CDF – ကန်ပက်လက်တို့အကြား တိုက်ပွဲမဖြစ်ပွားသည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ၌ ကန်ပက်လက်မြို့တောင်ဘက် မိုင် ၃၀ ခန့် အကွာတွင်ရှိသည့် ကျင်ဒွေးမြို့အနီးတွင် တိုက်ပွဲပြန်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် CDF – ကန်ပက်လက် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ် ဆလိုင်းစည်သူအောင် သေဆုံးခဲ့သည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မကွေးတိုင်း ဆောနှင့် ကျောက်ထုမြို့များမှ သက်ဆိုင်ရာ PDF အဖွဲ့၊ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) များနှင့် ပူးပေါင်းပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအကြား လူသူ၊ လက်နက် ပို့ဆောင်နေသည့် စစ်ကောင်စီတပ်ကို မကြာခဏကြားဖြတ်တိုက်ခိုက်ကြသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့များမှာ စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် တော်လှန်နေဆဲဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀၀၀ ကျော် သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



