သတင်း

အာဏာရှင်စနစ်တိုက်ဖျက်ရေးလမ်းစဉ်မှ သွေဖည်မည်မဟုတ်ဟု KIA ဆို

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ယနေ့ ဇန်နဝါရီ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် ကြေညာချက်တွင် တရုတ်နိုင်ငံက ကျင်းပရန်ရှိသည့် ဆောင်းရာသီအိုလံပစ်ပွဲတော်ကြောင့် နယ်စပ်နှင့် မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများကို ရပ်တန့်ရန် တိုက်တွန်းထားသည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်တွန်းချက်သည် ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးပေး စဉ်းစားရမည့်အချက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)  ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ရပ်တည်နေပါတယ်။ ကျွန်တော်တို့ သဘောထားတိုက်ဆိုင်နေတဲ့၊ ရည်မှန်းချက်တူညီနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီးမှ ရှေ့ဆက်သွားမည်ဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေအတိုင်းပဲ ရပ်တည်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

ဤကြေညာချက်သည် အခြားအဖွဲ့အစည်းများကို အပစ်အခတ်ရပ်စဲရန် တောင်းဆိုခြင်းမဟုတ်သလို စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းခြင်းလည်း မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လူမျိုးကြီးဝါဒကျင့်သုံးပြီး အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားရမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၎င်း၏ မိန့်ခွန်းများတွင် အကြိမ်ကြိမ်ထည့်သွင်း ပြောကြားခဲ့ကြောင်း၊ အဆိုပါ ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၄ ရက်မှ မတ် ၁ ရက်အထိ တရုတ်နိုင်ငံတွင် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပွဲနှင့် ၁၃ ကြိမ်မြောက် ကိုယ်လက်အင်္ဂါမသန်စွမ်းအားကစားပြိုင်ပွဲကို ကျင်းပမည်ဖြစ်သောကြောင့် တိုက်ပွဲများရပ်တန့်ပေးရန် ယခုလထဲတွင် တရုတ်က KIO ခေါင်းဆောင်များကို အွန်လိုင်းမှတစ်ဆင့် တိုက်တွန်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်အတွင်းက ကချင်ပြည်နယ်မြောက်ပိုင်း မိုင်ဂျာယန်မြို့တွင် ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လက်ရှိ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ။ (ဓာတ်ပုံ − EPA/EFE)

အရပ်သား ပစ်မှတ်

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဒေသအသီးသီးမှ လက်နက်ကိုင်အန်တုသူများ ထိခိုက်သေဆုံးသလို အရပ်သားအများအပြားလည်း နေ့စဉ် သေဆုံးလျက်ရှိသည်။

တိုက်ပွဲကာလကြာရှည်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်းရေးကို ရောက်သွားနိုင်ကြောင်းလည်း အချက် ၇ ချက်ပါ KIO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အတွင်း အခြားအရေးကြီးသော အချက်များမှာ ပြည်သူ့ဆန္ဒကို တန်ဖိုးထားရန်၊ ပြည်သူများကို ပစ်မှတ်ထား မတိုက်ခိုက်ရန်၊ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့် လိုအပ်သည့် အကာအကွယ်များကို ပေးရန် စစ်ကောင်စီကို တိုက်တွန်းထားခြင်းပင်။

နိုင်ငံအနှံ့ တောင်ပေါ်မြေပြန့် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရချိန်တွင် KIO က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

KIO တိုက်တွန်းချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

ယနေ့ထုတ် စစ်ကောင်စီသတင်းစာများတွင်မူ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာရှိ လူမှုအဖွဲ့အစည်းတစ်ခုထံမှ လူသုံးကုန်ပစ္စည်းများကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု သတင်းဖော်ပြထားသည်။

PDF များထံ ပို့ဆောင်မည့် ပစ္စည်းများဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

သိမ်းလိုက်သည့် ပစ္စည်းများထဲတွင် လက်ဆွဲအိတ် အလုံး ၁၂၀၊ ခေါက်ဆွဲထုပ် ၁၉၅၀၊ ကွေကာအုပ် အထုပ် ၁၂၀၊ အသားဘူးမျိုးစုံ ၇၆၀၊ ဆီဘူး ၅၅၀၊ စောင်အထည် ၁၀၀ နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့် ဆပ်ပြာခဲတို့ ပါဝင်သည်ဟု ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ကယားပြည်နယ်တွင် စစ်ရှောင်အရေအတွက် သိန်းနှင့်ချီရှိနေသည့်အတွက် အဆိုပါအစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများမှာ စစ်ရှောင်များအတွက် ဖြစ်နိုင်ကြောင်း လေ့လာသူအများအပြားက ယူဆနေကြသည်။  

ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီသည် စစ်ဘေးဒုက္ခသည်များထံ သွားရောက်မည့် ကူညီသူတို့ကို ဟန့်တားနေသည်ဟု ဝေဖန်လိုက်သည်။ 

“စစ်ကောင်စီရဲ့ လုပ်ရပ်တွေထဲမှာ အပြည်ပြည်ဆိုင်ရာက အကူအညီတွေကိုလည်း စစ်ရှောင်ပြည်သူလူထုဆီကို မရောက်အောင်ပေါ့နော်၊ အတားအဆီးနဲ့လုပ်တာတွေက တော်တော်လေးစိုးရိမ်စရာကောင်းပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ဘေးဒုက္ခသည်များ အစားအသောက်ဖူလုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကလည်း ကူညီပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း ကချင်၊ ကယား (ကရင်နီ) ၊ ချင်းစသည့် တိုင်းရင်းသားဒေသများနှင့် ပြည်မရှိ တိုင်းဒေသကြီးများတွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာသည်မှာ တစ်နှစ်နီးပါးခန့်ရှိနေပြီဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့်၊ အပစ်ရပ်လက်မှတ်မထိုးထားသည့် KIA သည် စစ်တပ်နှင့် ယခင်ကတည်းက တိုက်ပွဲဖြစ်နေပြီး စစ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ လှုပ်ရှားနေသည်။

အလားတူ စစ်အာဏာရှင်ကို တော်လှန်လိုသူ အများအပြားကိုလည်း ခိုလှုံခွင့်ပေးခဲ့ပြီး စစ်ပညာသင်ကြားပေးနေသည်။ 

KIO/KIA သည် ဌာနချုပ်ကို တရုတ်နယ်စပ်တွင် ထားရှိပြီး တရုတ်အစိုးရနှင့် ဆက်ဆံမှုရှိသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button