မေးမြန်းခန်းရွေးကောက်ပွဲ

“နိုင်ငံကောင်းဖို့ အရင်လုပ်ပါ”

ပေါင်မြို့နယ် – လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်မိကွန်ချမ်းသည် မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်သက်လွင်၏ သမီးဖြစ်သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ထင်ရှားသည့် အမတ်လောင်းတစ်ဦး ဖြစ်လာသည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်ဘဝမှ လွှတ်တော်တွင်း ရောက်ရန် ကြိုးပမ်းနေသည့် ဒေါ်မိကွန်ချမ်းက NLD ကို ရွေးချယ်ခဲ့ပုံ၊ ဒေသတွင်း မဲဆန္ဒနယ်မြေတို့၏ အခြေအနေ၊ အနာဂတ် မျှော်မှန်းချက်များ အကြောင်း ပြောပြထားသည်။

သတင်းထောက် ဖြိုးသီဟချိုက သူ၏ မဲဆန္ဒနယ်မြေသို့ သွားရောက်ပြီး တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။ ဒေါ်မိကွန်ချမ်းက အထင်ကရ မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးရဲ့သမီးဖြစ်နေပြီးတော့ NLD ကနေ ဘာကြောင့် ဝင်ပြိုင်ရတာလဲ။

ဖြေ။ ။ အဖေ့ပါတီကနေ နဂိုကတည်းက ဝင်လည်းမပါပါဘူး။ အဖေ့ပါတီကို ကျွန်မက ကူညီလုပ်ဆောင်ပေးတယ်။ အဲဒီလောက်ပါပဲ။ (မွန်)လူမျိုးရေးအတွက်ကိုလည်း ကျွန်မက တစိုက်မတ်မတ် လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတစ်ခုကို ပြောင်းလဲဖို့အတွက်က ကျွန်မတို့တိုင်းရင်းသားတွေအားလုံး ပါဝင်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်ကို ကျွန်မတို့က ဝင်ပြီးတော့ ပံ့ပိုးပေးတာ။ နေရာဝင်ယူတာလည်း မဟုတ်ဘူး၊ ကျွန်မတို့လူမျိုးကို တိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး၊ အပြိုင်အဆိုင် လုပ်ချင်လို့လည်း မဟုတ်ပါဘူး။ နောက်နောင်လည်း ရန်ဘက်အသွင် ဆောင်လာမှာမဟုတ်ပါဘူး။

မေး။ ။ မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားတွေကို အခြေပြုတည်ထောင်ထားတဲ့ပါတီ သုံးခုရှိပါတယ်။ ရွေးကောက်ပွဲမှာ ဒီပါတီတွေကြား မဲကွဲမှာ၊ မဲပြန့်သွားမှာကို စိုးရိမ်ပါသလား။

ဖြေ။ ။ ရွေးကောက်ပွဲမဝင်ခင်အချိန်ကတည်းက စဉ်းစားမိပါတယ်၊ ပါတီက နှစ်ခု၊ သုံးခုဖြစ်လာပြီဆိုကတည်းက ကျွန်မတို့မဲက အကွဲကွဲ အပြဲအပြဲတွေ ဖြစ်လာမှာပါပဲ၊ (ရွေးကောက်ခံရတဲ့) မွန်ကိုယ်စားလှယ်တွေ နည်းလာမယ်။ အဓိက ကျွန်မပြောချင်တာက ဒီအချိန်မှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီတစ်ခုကို ထောက်ခံမှသာလျှင် အပြောင်းအလဲတစ်ခုကို လုပ်နိုင်မယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ပြီး ပြည်သူဘက်က ရပ်တည်ပေးနိုင်တဲ့ပါတီကို မဲထည့်ပေးမှသာလျှင် ၂ဝ၁၅မှာ ကျွန်မတို့ လိုချင်တဲ့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်မယ်။ ဒါကြောင့်ကျွန်မတို့ တိုင်းရင်းသားတွေကိုလည်း ပြောပြပါတယ်၊ ကျွန်မတို့နိုင်ငံကောင်းဖို့ အရင်လုပ်ပါ၊ ကျွန်မတို့နိုင်ငံကောင်းရင် ကျွန်မတို့လူမျိုးတွေ အလိုလိုကောင်းသွားမှာပါလို့ မေတ္တာရပ်ခံထားပါတယ်။

မေး။ ။ ဒေါ်မိကွန်ချမ်းရဲ့ မဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့သူ ဘယ်လောက်များ ရှိပါသလဲ။

ဖြေ။ ။ အခုစာရင်းအရဆိုရင်တော့ ၁၈ဝ,ဝဝဝ ကျော် ရှိပါတယ်။ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့နေထိုင်တဲ့ ရွှေ့ပြောင်းအင်အားက သုံးသောင်းကျော် ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာကိုတော့ တိတိကျကျ မသိသေးဘူး။

မေး။ ။ နိုင်ငံရပ်ခြားကိုပြောင်းရွှေ့ပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ မဲစာရင်းထဲမှာ ပြန်ပါနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီဒေသက မိသားစုတစ်စုမှာ အိမ်မှာကျန်ခဲ့တာက အဖေနဲ့အမေပဲ ရှိတယ်။ ကျန်တဲ့ သား၊ သမီးတွေက နိုင်ငံခြားမှာပဲ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင်စာရင်းထဲမှာတော့ အကုန်လုံး ပြန်ပါနေတယ်ပေါ့။ ဒါက စိုးရိမ်စရာကောင်းပါတယ်။ မိသားစုတွေကိုလည်း ပြောပြပါတယ်။ မဲစာရင်းလာမထည့်နိုင်တဲ့ လူဦးရေကို ကိုယ်တိုင် (ရွေးကောက်ပွဲကော်မရှင်ကို) တင်ပြရမှာပေါ့။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ သူတို့နဲ့ သက်ဆိုင်တဲ့ကော်မရှင်မှာ သွားပြီးတော့ တင်ပြရမှာပေါ့။ NLD ရပ်ကွက်ကျေးရွာ စည်းရုံးရေးအဖွဲ့တွေက ဒါတွေကိုဖယ်ထုတ်ဖို့ လုပ်ကိုင်နေပါတယ်။ တချို့နေရာတွေမှာ ပယ်ဖျက်တယ်။ တချို့နေရာတွေမှာတော့ မဲဆန္ဒရှင်စာရင်းကို သူတို့နေထိုင်ရာနိုင်ငံတွေရဲ့သံရုံးတွေကို လွှဲပြောင်းပေးရတာမျိုး ရှိပါတယ်။

မေး။ ။ ဒေသတွင်း အချုပ်သားတွေ မဲပေးခွင့်အတွက်ရော စုံစမ်းထားတာ ရှိပါသလား။

ဖြေ။ ။ အချုပ်သား မဲဆန္ဒရှင်စာရင်းတွေကိုလည်း အတိအကျ မသိရဘူး။ အဲဒါကို သိရဖို့အတွက်ကိုလည်း ကြိုးစားနေရပါတယ်။ ကြိုတင်မဲတွေပေါ့။ ကော်မရှင်ကလည်း ဘာမှ ကျွန်မတို့ကို မပြောသေးဘူး။ အချုပ်သားတွေရဲ့မဲပေးခွင့် အတွက်ကလည်း စာရင်းအတိအကျ ကောက်နေရတုန်း။ ကြိုတင်မဲကိုလည်း စိုးရိမ်နေရတယ်။ အမည်တစ်ခုတည်းကို ငါးကြိမ်လောက်ပါနေတာကိုလည်း တွေ့နေရတယ်။

မေး။ ။ မွန်ပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ ပါတီတချို့ ဘာသာရေးအကြောင်းပြပြီး မဲဆွယ်နေတယ်လို့ သိရပါတယ်။ မိကွန်ချမ်းရဲ့ ပေါင်မြို့နယ်မှာရော ရှိပါသလား။

ဖြေ။ ။ နေရာတိုင်းလိုလိုကို ဖြစ်နေပါတယ်။ ဘာသာရေးကို ခုတုံးလုပ်တာက မြို့ပေါ်မှာလုပ်တာထက်ကို အစွန်အဖျားမှာရှိတဲ့၊ ဘာသာရေးကိုင်းရှိုင်းတဲ့ တိုင်းရင်းသားတွေကို လုပ်တာမျိုး တွေ့ရတယ်။ အဲဒီဒေသတွေမှာဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲနိုင်မယ်ဆိုရင် ကုလားတွေ လွှမ်းမိုးမယ်။ ဗုဒ္ဓဘာသာကွယ်ပျောက်သွားမယ်ဆိုပြီးတော့ စကားလုံးတွေနဲ့ စည်းရုံးနေတာမျိုးကို ကြားနေရပါတယ်။ ဒါကို သက်သေအထောက်အထားတွေ ရရှိဖို့အတွက် ကိုလည်း ကျွန်မမဲဆန္ဒနယ်မှာ လှုံ့ဆော်ထားတာ ရှိပါတယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အချိန်၊ ဘယ်ကာလမှာပြောတယ်ဆိုတာကို သက်သေအထောက်အထားနဲ့တကွ တိတိကျကျ ရခဲ့ရင်တော့ ကျွန်မကတော့ တရားစွဲမှာ။ ကျွန်မကိုဆိုရင် “ကျွန်မအမျိုးသားက ကုလား၊ ကျွန်မကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး” ဆိုပြီးတော့ ဝါဒဖြန့်နေတာမျိုးတွေကို ကြားနေရပါတယ်။

မေး။ ။ ရွေးကောက်ပွဲအလွန်ကာလအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသလဲ။

ဖြေ။ ။ ကော်မရှင်မှာသတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာပါတယ်။ ဟောပြောပွဲမှာလည်း ကော်မရှင်ကခွင့်ပြုထားတဲ့အတိုင်း ဟောပြောတယ်။ ဘယ်သူ့ကိုမှလည်း ပုတ်ခတ်ပြီးတော့ မဟောပြောဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်တင် ပြီးတော့ မဟောပြောဘူး။ လူထုအသိရှိအောင် ဟောပြောတယ်။ ကျွန်မတို့သွားတဲ့ ခရီးစဉ်တွေမှာဆိုရင်လည်း လူဦးရေကစပြီး အသုံးစရိတ်တွေအထိ စနစ်တကျ လုပ်ကိုင်ထားပါတယ်။ ကော်မရှင်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ စောင့်ကြည့်နေတယ်ဆိုတော့ ရွေးကောက်ပွဲပြီးသွားလို့ ကျွန်မတို့ နိုင်ခဲ့ရင် ဒီဥပဒေတွေနဲ့ပဲ ထိုးနှက်လာနိုင်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်တွင်းနိုင်ငံရေးအတွက်ရော ဘာတွေများ ပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ အဓိကကတော့ စနစ်နဲ့ဥပဒေတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်နိုင်မယ့် ဥပဒေတွေ ပြုနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးတွေရအောင်လို့လည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပါတီရဲ့မူဝါဒတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။

မေး။ ။ NLD က လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဥပဒေပြုရေးတွေမှာ အောင်မြင်မှု အလွန်နည်းပါးပါတယ်။ ၂ဝ၁၅ အလွန်မှာရော ဘာတွေများ ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။

ဖြေ။ ။ ၂ဝ၁၂မှာ NLD က လွှတ်တော်တွင်းမှာ နေရာရခဲ့တာ ၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ဒီ ၅ ရာခိုင်နှုန်းနဲ့ အစိုးရလည်း မဖွဲ့နိုင်သလို၊ လုပ်ပိုင်ခွင့်လည်း ဘာမှ မရှိခဲ့ပါဘူး။ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)တွေ (ပြင်ဆင်ရေး) မှာလည်း ကိုယ့်ရဲ့ အင်အားနဲ့ ဘာမှ လုပ်လို့မရခဲ့ဘူး။ အခု ၂ဝ၁၅မှာ ရာခိုင်နှုန်းအပြည့် နိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ပြီဆိုရင်တော့ လုပ်ပိုင်ခွင့်တွေကိုယ်ရခဲ့ရင် အကုန်လုံးရပြီပေါ့။ အဲဒီအချိန်ကျတော့ အလုပ်လုပ်တယ် မလုပ်ဘူး ဆိုတာ ပြည်သူက အဆုံးအဖြတ်ပေးလို့ရတယ်။

မေး။ ။ NLD အစိုးရဖွဲ့နိုင်မယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးပါ လုပ်လို့ရမယ် ထင်ပါသလား။

ဖြေ။ ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် စစ်တပ်ကလည်း အရေးကြီးပါတယ်။ စစ်တပ်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့က ပါထားတာကိုး။ ပြည်သူလူထုပေါ်မှာပဲ မူတည်နေတယ်။ တောင်းဆိုမယ်ဆိုရင်တော့ မပြင်နိုင်စရာအကြောင်း တော့ မရှိဘူး။ မဖြစ်ဖြစ်အောင်တော့ ကျွန်မတို့က လုပ်ဆောင်နိုင်မှာပဲ။ ။

Show More

Related Articles

Back to top button