
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကသာ PDF)၊ ကျောင်းသားတပ်မတော် (ABSDF) ပူးပေါင်းတပ်တို့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရမှုများရှိသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကသာ PDF) က ယမန်နေ့ (ဇန်နဝါရီ ၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မြို့မြောက်ဘက် ၃ မိုင်ခန့်အကွာ နတ်လှိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ရွာမှ အထွက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကသာ PDF ပူးပေါင်းပြီး ဇန်နဝါရီ ၂၂၊ နံနက် ၇ နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
တိုက်ပွဲမှ ပစ်ခတ်သံများကို ကသာမြို့ပေါ်မှပင် ကြားရပြီး မြို့တောင်ဘက်ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၃၀၉ က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု မြို့ခံတစ်ဦးဖြစ်သည့် အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၂၂ က တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးသူများကို ကသာဆေးရုံသို့ သယ်ဆောင်လာသည်ဟု ထိုအမျိုးသမီးက မျက်မြင်များကို ကိုးကား၍ ပြောသည်။
“ဒဏ်ရာရတာတွေလည်း အများကြီးတဲ့ လက်ပြတ်တွေ၊ ခြေပြတ်တွေ။ ဘယ်လောက်နီးလဲဆိုတော့ တိုက်ပွဲဖြစ်တဲ့ နေရာကနေ ကသာဆေးရုံကို ထမ်းစင်တွေနဲ့ ပို့တာ” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ပွဲအတွင်း လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် နတ်လှိုင်ရွာမှ လူငယ်တစ်ဦး သေဆုံးသည်၊ လူကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရသည်၊ အခြားအသေးစိတ်အချက်အလက်များကိုမူ မသိရဟု အထက်ပါအမျိုးသမီးက ဆိုသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၃) တွင်လည်း အဆိုပါနေရာ၌ နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောသည်။
“တိုက်ပွဲက ဘယ်ချိန်က ဘယ်ချိန်ထိ ဖြစ်လဲတော့ မသိဘူး။ လက်နက်ကြီးကတော့ တစ်နေကုန်ပဲ၊ နားတောင်အူတယ်” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
ABSDF တပ်ရင်းမှူး၏ စစ်ဆင်ရေးဗျူဟာ ကောင်းမွန်သောကြောင့် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီး ပူးပေါင်းတပ်များဘက်မှ ထိခိုက်ကျဆုံးမှု မရှိခြင်းဖြစ်သည်ဟု ကသာ – PDF က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်မှုနှင့် တိုက်ပွဲအသေးစိတ်အခြေအနေများနှင့် ပတ်သက်ပြီး ABSDF နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မြို့နှင့် ၃ မိုင်ခန့်သာ ဝေးသည့်အတွက် တိုက်ပွဲဖြစ်သည့် ဇန်နဝါရီ ၂၂၊ ၂၃ နှစ်ရက်လုံး မြို့တွင်း ဈေးဆိုင်များပိတ်ကာ လူအသွားအလာနည်းပါးသွားသည်ဟု မြို့ခံ အမျိုးသမီးက ပြောသည်။
ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် လူအသွားအလာကျဲပါးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ကလည်း ကသာမြို့၏ မြောက်ဘက် ၁၀ မိုင်ကျော်ခန့်အကွာတွင်ရှိသည့် မိုးတားကြီးရွာကို စစ်တပ်က တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့ မီးလောင်ပျက်စီးသလို ဒေသခံအချို့လည်း ဒဏ်ရာရခဲ့သည်၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ထိုသို့ လာရောက်ဗုံးကြဲခြင်း ဖြစ်သည်ဟု ဆိုသည်။
ဇန်နဝါရီ ၁၈ ကလည်း မိုးတားကြီးရွာမှ ၃ မိုင်အကွာ မှတ်တိုင်ကျေးရွာအနီး တိုက်လေယာဉ်နှစ်စီးဖြင့် တစ်စီးက ဗုံး ၂ လုံး ကြဲချခဲ့ပြီး တစ်စီးက စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထိုရွာရှိ စေတီအပါအဝင် အနီးအနားရှိနေရာများ ကျည်ထိမှန်ခဲ့သည်။ ၈ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့လည်း ကျည်ထိမှန်ခဲ့ကြောင်း အသက် ၆၀ အရွယ်ရှိ ထိုရွာဒေသခံတစ်ဦးထံမှ သိရသည်။
ကသာမြို့မှာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီးတွင် ရှိပြီး ကသာမြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ် – PDF အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကသာ – PDF က ပြီးခဲ့သည့် ရက်အနည်းငယ်က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့ ကူးစက်လာသည့် လက်နက်ကိုင်တော်လှန်ရေးသည် စစ်ကိုင်းတိုင်းအတွင်း နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လာပြီး စစ်ကောင်စီတပ်များကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသည်။
စစ်ကောင်စီက PDF တို့ကို အကြမ်းဖက်သမားဟု သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြလေ့ရှိသည်။ ကသာမြို့တိုက်ပွဲအခြေအနေများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အကြား လက်နက်ခဲယမ်းများနှင့် စစ်အင်အားများကို ဧရာဝတီမြစ်ကို အသုံးပြုပို့ဆောင်လာသလို မြစ်ကြောင်းတစ်လျှောက်ရှိနေသည့် ထီးချိုင့်၊ ကသာ၊ ရွှေကူစသည့် မြို့နယ်များမှ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)