သတင်း

စစ်ကောင်စီအတွက် လေယာဉ်ဆီသယ်ပေးရန် RCSS သဘောတူထားဟုဆို 

တော်လှန်ရေးတပ်ဖွဲ့များကိုသာမက စစ်ရှောင်စခန်းကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီအတွက် လေယာဉ်ဆီသယ်ယူရေး ကူညီပေးရန် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS က သဘောတူထားသည်ဟု သိရသည်။

ထိုင်း – မြန်မာ နယ်စပ်ရှိ တာချီလိတ်မှတစ်ဆင့် တောင်ကြီးအရောက် ထိုသို့ ကူညီပေးရန် ဒီဇင်ဘာလတွင် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

မည်သည့်လမ်းကြောင်းအတိုင်း လေယာဉ်ဆီသယ်ယူမည်ကို မသိရသော်လည်း မြို့ပေါ်လမ်းထက် RCSS ထိန်းချုပ်နယ်မြေအတွင်းရှိ တောလမ်းအတိုင်း သယ်ယူမည်ဟု ယူဆရသည်ဟု အမည်မဖော်လိုသူ အထက်ပါရင်းမြစ်က ဆိုသည်။​

“တောင်ကြီးမှာ အဲလေယာဉ်ဆီရောက်ရင် မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ လေယာဉ်ဆီ ဖြည့်လို့ရပြီ။ စစ်ကိုင်းတို့၊ ကယားတို့၊ ကချင်တို့ကို ဝေဟင်စိုးမိုးမှုလုပ်ပြီး စိစိညက်ညက်ကြေအောင် ခြေမှာ၊ အဲဒါကို တခြား EAO တွေပါ ကျွန်တော်တို့ သိစေချင်တာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း RCSS နှင့် စစ်ကောင်စီကြား အချက်သုံးချက်သဘောတူညီမှု ရခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ယမန်နေ့ (ဇန်နဝါရီ ၂၀) တွင် ပြောသည်။​ 

ထိုအချက်များမှာ RCSS က စစ်ကောင်စီကို မတိုက်ရန်၊ NCA လမ်းကြောင်းအတိုင်းသွားရန်၊ PDF များကို စစ်သင်တန်းမပေးရန်တို့ ဖြစ်သည်။

လေယာဉ်ဆီသယ်ပေးရန် အပါအဝင် အထက်ပါ သဘောတူချက်များနှင့် ပတ်သက်၍ RCSS တာဝန်ရှိသူအချို့ကို ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်း မရှိပေ။

RCSS က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းကို ကြိုဆိုကြောင်း ဇန်နဝါရီ ၁၈ တွင် ထုတ်ပြန်သည်။ 

လတ်တလောတွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများအတွင်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များအသုံးပြုခြင်း အပါအဝင် လေကြောင်းစွမ်းအားကို ပိုမိုအားကိုးလာသည်။ 

စစ်မြေပြင်များကိုသာမက တိုက်ပွဲမရှိသည့် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုနှင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ကိုပါ ဇန်နဝါရီ ၁၆ နှင့် ၁၇ တွင် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီက လေယာဉ်ဆီကို  ရေကြောင်းမှ တင်သွင်းရာတွင် ပိတ်ဆို့ရန် လှုံ့ဆော်တိုက်တွန်းမှု၊ ဆန့်ကျင်မှုတို့နှင့် ရင်ဆိုင်ခဲ့ရသလို နယ်စပ်မှ တင်သွင်းရာတွင်လည်း နယ်စပ်တွင် လှုပ်ရှားနေပြီး လေကြောင်းရန်ဒဏ် ခံရလေ့ရှိသည့် လက်နက်ကိုင်အဖွဲ့များက ဟန့်တားတိုက်ခိုက်မည်ကို စိုးရိမ်နေရသည်။

ဤအခြေအနေတွင် ထိုင်းမြန်မာနယ်စပ်ဒေသ အစိတ်အပိုင်းတချို့ကို ထိန်းချုပ်နိုင်စွမ်းရှိနေသော RCSS က လောင်စာဆီသယ်ယူရေး ကူညီမည်ဟူသော သတင်းပေးချက် ပေါ်လာခြင်း ဖြစ်သည်။

လေယာဉ်ဆီသယ်ပေးရန် သဘောတူညီချက်မရမီက RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က စစ်တပ်အရာရှိအချို့နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။​

အသေးစိတ် မသိရသော်လည်း အပြန်အလှန်အားဖြင့် စစ်ကောင်စီက တိုက်ပွဲများဆက်နေသော RCSS ကို လက်နက်ခဲယမ်းများ ထောက်ပံ့မည်ဟု သိရကြောင်း ၎င်းက ပြောသည်။​

“သူ(RCSS)က မြောက်ပိုင်းကို ထိုးစစ်ဆင်နေတာ။ စစ်ရှုံးတယ်။ စစ်ရှုံးတော့ သူတို့မှာ လက်နက်အင်အား လူအင်အား မလောက်ဘူး။ မလောက်တော့ သူတို့ကိုကူညီမှာကလည်း ဘယ်နိုင်ငံကမှ သူတို့ကို မကူညီနိုင်ဘူး။ ဗမာ(စစ်တပ်)ကပဲ သူတို့ကို ကူညီနိုင်မှာပေါ့နော်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း RCSS က စစ်တပ်အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည့်နည်းတူ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း၌လည်း ရှမ်းပြည်နယ်တောင်ပိုင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလအတွင်း RCSS က ထုတ်ပြန်ခဲ့သည့်နည်းတူ ရွေးကောက်ခံအမတ်များနှင့် စုဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ထိုမှတစ်ဆင့်ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုဖူးသည်။

သို့သော် ပြီးခဲ့သည့် မေလနှင့် အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာမည်ဟု RCSS က ထုတ်ပြန်ခဲ့ကာ ယခုအခါ စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို ကြိုဆိုကြောင်း အတိအလင်းဆိုလာသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။

Show More

Related Articles

Back to top button