အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေး အဆင့်မြှင့်တင်ရမည့် ကာလရောက်နေပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။
စစ်အာဏာသိမ်းထားသည့် တစ်နှစ်တာနီးပါး ကာလအတွင်း စစ်ကောင်စီကို နိုင်ငံတကာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ရပ်တည်နိုင်စွမ်း မရှိအောင် ပိတ်ဆို့ထားနိုင်ကြသော်လည်း စစ်ရေးကဏ္ဍတွင်မူ ခုခံစစ်အနေအထားသာ ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။
“၂၀၂၂ ဟာ ကျွန်တော်တို့ ခံစစ်အနေအထားကနေ ထိုးစစ်အနေအထားကို ပြောင်းလဲပစ်ရမဲ့ နှစ်ပဲလို့ ကျွန်တော်တို့က အသေအချာ ပြောလို့ရတယ်ဗျ။ ၂၀၂၂ ခုနှစ်ဟာ မတရားမှုကို ကျွန်တော်တို့ အလဲထိုးရမဲ့ နှစ်”ဟု ပဒိုစောတောနီးက ဆိုသည်။
အာဏာသိမ်းမှုကို လက်မခံကြောင်း သဘောထားထုတ်ပြန်ခဲ့သည့် KNU က ၎င်း၏ ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်လာသူအများအပြားကို ခိုလှုံခွင့်ပေးထားသလို စစ်ပညာသင်ယူလိုသူတို့ကိုလည်း လက်ခံထားသည်။
အာဏာသိမ်းမှုဆန့်ကျင်သည့် အင်အားစုများနှင့် စုစည်းထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ထဲတွင်လည်း KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါဝင်နေသည်။
“၂၀၂၁ ခုနှစ် တစ်နှစ်လုံး ကျွန်တော်တို့ အချိန်ပေးပြီး ညှိနှိုင်းယူရတယ်၊ နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘယ်အရာမဆိုပေါ့နော်။ ဒီလိုခက်ခက်ခဲခဲလုပ်လာရတဲ့ ရလဒ်ဟာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကျွန်တော်တို့ တည်ဆောက်လို့ရပြီဆိုတာကို ပြောလို့ရတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ဤအတောအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် KNU သည် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်အတွေ့ဆုံးဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။
ဇန်နဝါရီလဝက်အတွင်း တိုက်ပွဲပေါင်း ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅၉ ဦး သေဆုံးကာ ၁၀၂ ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။
၎င်းတို့ဘက်တွင်လည်း ၁၃ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။
“ထိပ်တိုက်တွေ့မှုတွေက အရင်တုန်းကထက်ပိုပြီးတော့ ပြင်းထန်လာတယ်ဆိုတာ ဖော်ပြနေတာပဲ။ နောက်တစ်ချက်က ကျွန်တော်တို့ရယူလိုမှုဆိုတဲ့ဟာတွေက ဘယ်အရာမှ လွယ်လွယ်ကူကူ မရဘူးဆိုတာ သက်သေပြနေတာပဲလေ၊ ဘယ်အရာမှ အလကားမရဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
“တိုက်ပွဲထဲမှာကျဆုံးနေတာက ကျွန်တော်တို့အစတုန်းက ဆယ်ဂဏန်းထက် မပိုနိုင်ဘူးဆိုတာ တွက်ထားပေမဲ့ တကယ်တမ်းဖြစ်လာတဲ့အခါကျတော့ ဆယ်ဂဏန်းထက်တော့ ကျော်သွားပါပြီ”
စစ်ကောင်စီက သထုံ၊ ဖာပွန် နှင့် မြိတ်-ထားဝယ် ဒေသများတွင် အများပြည်သူလုပ်ငန်းခွင်ရှိသည့် နေရာများ၊ ကျေးရွာများအတွင်းကို လက်နက်ကြီးဖြင့် အကြိမ်ရေ ၂၀၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း KNU သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ကရင်ပြည်နယ်အတွင်း လေကြောင်းမှ ၇ ကြိမ် တိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယမန်နေ့ (ဇန်နဝါရီ ၁၉) တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီကမူ KNU နှင့် ရင်ဆိုင်ရသည့်ဖြစ်ရပ်အများစုကို သတင်းထုတ်ပြန်ခြင်း မရှိပေ။
သို့သော်လည်း အာဏာသိမ်းခေါင်းဆောင်က ငြိမ်းချမ်းရေးခြေလှမ်းသစ်များ အစပြုမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ ဖြစ်လာမည်ဟု ယခုလအတွင်း အကြိမ်ကြိမ် ပြောဆိုထားသည်။
“တပ်မတော်အနေနဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါမယ်” ဟု စစ်ခေါင်းဆောင်က ဇန်နဝါရီ ၁ နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဤအတောအတွင်း စစ်ကောင်စီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့်အဖွဲ့များထဲမှ KNU, CNF, DKBA, ABSDF တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် အခြားဒေသများတွင် ပေါ်ပေါက်လာနေသည့် PDF ခေါ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်များကို မျှော်လင့်မထားဘဲ ရင်ဆိုင်နေရသဖြင့် လွန်ခဲ့သည့် နှစ်များအတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ရခိုင်ဒေသတွင်မူ တိုက်ပွဲပြန်ဖော်ရန် အဆင်သင့်ဖြစ်ဦးမည်မဟုတ်ဟု လေ့လာသူတို့က ယူဆကြသည်။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အကြမ်းဖက်နှိမ်နင်းသောအခါ လက်နက်ကိုင်ခုခံသူ အများအပြားပေါ်ပေါက်လာပြီး ထိုသူတို့က စစ်ကောင်စီ အုပ်ချုပ်၍ မရစေရန် အုပ်ချုပ်ရေးတာဝန်ယူထားသူများ၊ ဒလန်များကိုပါ တိုက်ခိုက်လာကြသည်။
စစ်ကောင်စီကလည်း လက်နက်ကိုင် ခုခံသူတို့ကို အကြမ်းဖက်သမားများဟု တံဆိပ်ကပ်ထားပြီး ဒေသအများအပြားကို စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်နေသည်။ မြို့အများအပြားတွင် စစ်ကောင်စီတပ်သားတို့က လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်မီးရှို့မှု ဆက်တိုက်ကျူးလွန်လျက်ရှိသည်ကို ပြည်တွင်းသတင်းများတွင်သာမက နိုင်ငံတကာသတင်းများတွင်ပါ တွေ့ရသည်။
စစ်ကောင်စီကမူ ထိုအမှုများမှာ PDF ကဲ့သို့သော အဖွဲ့များက ကျူးလွန်ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။
အမေရိကန်စစ်တပ်အရာရှိဟောင်း ဒေါ်မီမီဝင်းဘတ်က တပ်မတော်ကို ဖျက်ဆီးသူမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ကြောင်း၊ တပ်မတော်ဟူသော အမည်ကို အနာဂတ်တွင် ဆက်သုံးရန် မသင့်တော်တော့ကြောင်း ဧရာဝတီသတင်းဌာနနှင့် မကြာသေးခင်က အင်တာဗျူးတစ်ခုတွင် မှတ်ချက်ပြုထားသည်။
“တပ်မတော်လို့ ပြောလိုက်လို့ရှိရင် တစ်ကမ္ဘာလုံးက လူတွေက လူသတ်အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ နာမည်လို့ သူတို့က ထင်သွားပြီ” ဟု လုံခြုံရေးဆိုင်ရာ ပညာရှင် ဒေါ်မီမီဝင်းဘတ်က ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။