
မန္တလေးမြို့တွင် ဇန်နဝါရီလအတွင်း၌ စစ်ကောင်စီနှင့် ဆက်နွှယ်သော နေရာအများအပြား ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားအချို့ သေဆုံးဒဏ်ရာရသူများရှိနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၁၈) နေ့လယ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်ရပ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ရှေ့တွင် ကင်းစခန်းချ အစောင့်ကျနေသော စစ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Rangers of Mandalay (ROM) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
YNO Mandalay PDF (YNO MDY ) အဖွဲ့နှင့် ထိုသို့ ပူးပေါင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားနှစ်ဦး သေကာ ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ဆိုသည်။
ဇန်နဝါရီ ၁၆ ညနေက အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိ အကျဉ်းဦးစီးသင်တန်းကျောင်း မြောက်ဘက်အပေါက်ဂိတ် လက်ပစ်ဗုံး ပစ်ခတ်ခံရသည်ဟု ကြားသိရကြောင်း ထိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။
“ဒဏ်ရာပဲရတယ်လို့ ကြားတယ်။ ကင်းအစောင့်ကျတဲ့သုံးဦးပေါ့။ ဒုအရာခံဗိုလ်ပါတယ်လို့ ကြားတယ်ဗျ၊ သူတို့ဘက်က ပြန်ပစ်တာတွေလည်း လုပ်တယ်” ဟု ထိုသူက ပြောသည်။
ထောင်ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ နောက်တစ်ဦးကလည်း ထိုဖြစ်ရပ်တွင် ဒုအရာခံဗိုလ် နဖူးတွင် ဒဏ်ရာရပြီး ကျန် ၂ ဦးသည် လက်နှင့် ခြေထောက်၊ နောက်ကျောတို့တွင် ဗုံးစထိမှန်ဒဏ်ရာရခဲ့သည်ဟု ကြားသိရကြောင်း ဆိုသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၇) မွန်းလွဲ ၂ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ) စျေးအနီး၊ (ဆ)ရပ်ကွက်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ၏ကင်းစခန်း၊ ညနေ ၃ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံး၊ ည ၇ နာရီခန့်တွင် ၃၅ လမ်း (၈၉ လမ်း နှင့် လမ်း ၉၀ ကြား) ရှိ စစ်ကောင်စီကင်းစခန်းတို့ ထပ်မံဗုံးခွဲတိုက်ခိုက်ခံရသည်ဟု ပြည်ကြီးတံခွန်မြို့နယ်နေ ဒေသခံနောက်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုများအကြောင်းကို မန္တလေးပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက ညပိုင်းတွင် အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။
ပြည်ကြီးတံခွန် (ဆ)ရပ်ကွက်ရုံးကို YNO MDY နှင့် ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဘန်ကာအတွင်းသို့ ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ROM က ထုတ်ပြန်ခဲ့သည်။
“ပြည်သူများရဲ့ ဆုတောင်းသံများကြောင့် ရဲဘော်များ အထိအခိုက်မရှိခဲ့ပါ။ ပြည်သူခံစားနေရတဲ့ ဒုက္ခတွေကို ဖြေလျှော့ပေးဖို့၊ ရဲဘော်တွေဟာ အသက်နဲ့ရင်းပြီး ကြိုးစားနေပါတယ်။ ပြည်သူများကလည်း တတ်နိုင်သော နေရာကနေ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ပြီး PDF များကို မြေပြင်သတင်းပေးခြင်း၊ Support ပေးခြင်းဖြင့် ကူညီပေးဖို့ တောင်းဆိုပါတယ်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနေ့မှာပင် ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းနှင့် လမ်း ၉၀ အနီးရှိ စစ်ကောင်စီကင်းစခန်းကို Justice Mandalay People Defense Force (JMPDF )နှင့် PhoeniX အထူးပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း စစ်သားလေးဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးဖွယ်ရှိကြောင်း ယင်းအဖွဲ့တို့က ထုတ်ပြန်သည်။
“ပြည်သူများလည်း ဆက်ပြီး ကူညီထောက်ပံ့ပေးကြပါလို့ တောင်းဆိုပါရစေ” ဟု JM PDF က ဆိုသည်။
မန္တလေးမြို့ခံများကမူ ပစ်ခတ်မှုများကို အသားကျနေပြီဖြစ်ပြီး အထူးသဖြင့် စစ်တပ်နှင့် နီးစပ်ရာများကို ရှောင်ရှား သွားလာကြသည်ဟု မန္တလေးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
“ဟိုနားပေါက်ကွဲလိုက်၊ ဒီနားပစ်ခတ်လိုက်နဲ့ ထုံနေပါပြီ။ သူတို့တပ်စွဲထားတဲ့ နေရာတွေရှေ့ ဖြတ်ရင်တော့ ကြောက်တာပေါ့။ ဒီအတိုင်းကတော့ အားလုံးက သွားသွားလာလာပဲ။ မမှုကြတော့ဘူး။ သူတို့နဲ့နီးစပ်တဲ့ နေရာတွေကို ဝေးဝေးက ရှောင်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုလူငယ်က ပြောသည်။
Myanmar Now က မှတ်သားထားသည့် စာရင်းအရ မန္တလေးတွင် ယခုလအတွင်း၌ စစ်ကောင်စီနှင့် ဆက်နွှယ်သည့် နေရာ ၂၀ ထက်မနည်း ဗုံးခွဲတိုက်ခိုက်ခံထားရသည်။
ဖြစ်စဉ်အသေးစိတ်၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုစာရင်းအတိအကျကိုမူ စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။
စစ်ကောင်စီကမူ လက်နက်ကိုင်ဆန့်ကျင်သူတို့ကို အကြမ်းဖက်သမားဟု သတ်မှတ်ကာ ပတ်သက်ဆက်နွှယ်သည်ဟု သံသဖြစ်ခံရသူတို့ကို အဆက်မပြတ် ဖမ်းဆီးနှိပ်စက်နေသည်။
မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြမှုများ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားသည့် ဖောက်ခွဲတိုက်ခိုက်မှုများလည်း မကြာခဏဖြစ်ပွားနေသော်လည်း ဆိုင်အချို့ပိတ်သည်မှအပ ပုံမှန်အတိုင်း သွားလာနေကြသည်ဟု မြို့ခံများထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)