
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ (ဇန်နဝါရီ ၁၇) မွန်းလွဲ ၂ နာရီက ဗုံးပေါက်ကွဲသဖြင့် ထိုနေရာတွင် ရှိနေသည့် စစ်သား ၃ ဦး သေဆုံးကြောင်း ဒေသခံတစ်ဦးနှင့် ဒေသအခြေစိုက် Rangers Of Mandalay အဖွဲ့ထံမှ သိရသည်။
စစ်သား ၁၀ ဦးခန့် ရှိတတ်သည့် အဆိုပါရုံးရှေ့ သဲအိတ်ဘန်ကာအတွင်းကို ဆိုင်ကယ်သမားက ဗုံးပစ်ထည့်ခဲ့ခြင်းဖြစ်သည်ဟု ထိုမြို့ပြပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ပစ်လိုက်တဲ့ လက်ပစ်ဗုံးက ဘန်ကာထဲကို တည့်တည့်ဝင်သွားတာ။ ဘန်ကာနောက်က စစ်သားတွေ အတော်ထိမယ်။ သုံးယောက်သေတယ်လို့တော့ အတည်ပြုထားနိုင်ပါတယ်၊ အခြားထိခိုက်မှုကိုတော့ ကျွန်တော်တို့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။
မန္တလေးအခြေစိုက် အခြားပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် YNO (Mandalay) နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သူက ဆိုပြီး တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်ကို လုံခြုံရေးအရ မပြောပေ။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးကင်းများကို နှစ်ထပ်ချထားသည့်နေရာဖြစ်ကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်သားတွေလည်း သေနတ်နဲ့ ပြန်ပစ်တယ်၊ ဆူညံနေတာပဲ၊ သိပ်တော့ အကြာကြီးမဟုတ်ဘူး။ သေနတ်သံတွေ ငြိမ်သွားပြီး အရေးပေါ်ကားနှစ်စီးနဲ့ လာတင်သွားတယ်။ ဘယ်နှယောက်၊ ဘာဖြစ်သလဲတော့ မမြင်ရဘူး”ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
စစ်သားများက အနီးပတ်ဝန်းကျင်သို့ အချက်ရေများစွာ ပစ်ခတ်ခဲ့သော်လည်း ပြောက်ကျားအဖွဲ့ဝင်နှင့် အရပ်သားများ ထိခိုက်မှုမရှိဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈ လမ်းနှင့် မြဝတီမင်းကြီးလမ်းအနီး စစ်ကောင်စီတပ်၏ ထောက်ပို့ရထားကို လက်လုပ်မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် စစ်သားများ အထိအခိုက်များပြားခဲ့သည်။
မြို့ပြပြောက်ကျားများ လှုပ်ရှားရ မလွယ်ကူသည့်ကြားမှ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“အခု မြေပြင်အခြေအနေက လုပ်ရကိုင်ရတာ အရမ်းကို ခက်ခဲပါတယ်။ အခုရုံးဆိုလည်း ကင်းချည်းပဲကို ဘန်ကာနှစ်ထပ်နဲ့ နေ,နေတာ၊ ဒီကြားထဲက လုပ်ရတာ တော်တော် အခက်အခဲများပါတယ်” ဟု ၎င်းက ပြောသည်။
“မြို့ပေါ်အနှံ့မှာလည်း ရဲရော၊ စစ်သားရော အင်အားအများအပြားနဲ့ အသည်းအသန် စစ်ဆေးဖမ်းဆီးနေတော့ ပိုဆိုးတာပေါ့”
မန္တလေးမြို့ မြို့ပြပြောက်ကျားအဖွဲ့များသည် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်၏ ထောက်တိုင်များကို ပုံစံမျိုးစုံဖြင့် တိုက်ခိုက်နေသည်။
၂၀၂၁ ဩဂုတ်လအတွင်း ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်းမပေါ်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး သဲအိတ်များဖြင့် အကာအရံနှင့် ရှိနေသည့် စစ်သားတစ်ဦး ပစ်သတ်ခံရသည်။
စက်တင်ဘာ ၁ နှင့် ၂ တို့တွင်လည်း ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူ အမျိုးသမီးတစ်ဦး၏ နေအိမ်၊ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျည်ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်များ တိုက်ခိုက်ခံရသည်။
အလားတူ ရန်ကုန်မြို့တွင် ၂၀၂၁ ဒီဇင်ဘာ ၁၂ ကလည်း တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဘန်ကာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ပေါင်ပြတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီက လက်နက်ကိုင်ခုခံသူများကို အကြမ်းဖက်သမားဟု သတ်မှတ်ထားပြီး စစ်သားတို့ တိုက်ခိုက်ခံရမှုအများစုကို သတင်းထုတ်ပြန်လေ့ မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)