
ရန်ကုန်- လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် အင်တာနက်စာမျက်နှာတစ်ခုကို ရန်ကုန်အခြေစိုက် နည်းပညာ၊ ဥပဒေ၊ လူ့အခွင့်အရေး၊ သုတေသန နယ်ပယ် အသီးသီးမှ အဖွဲ့အစည်း ၈ ခုက ပူးပေါင်း အကောင်အထည်ဖော်လိုက်သည်။
“ပွင့်လင်းလွှတ်တော်” ဟု အမည်ပေးထားသည့် ထိုစာမျက်နှာသည် ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း လေ့လာကြည့်ရှုသူအများအပြား ရှိနေပြီဖြစ်သည်။
Myanmar Now သတင်းထောက် အိချယ်ရီအောင်က ပွင့်လင်းလွှတ်တော် အင်တာနက်စာမျက်နှာ ဖြစ်မြောက်ရေး တာဝန်ယူ ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ဦးစိုးလင်းထွဋ်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားသည် များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး – ပွင့်လင်းလွှတ်တော်အွန်လိုင်းစာမျက်နှာက ပညာပေးချင်တာလား ၊ အချက်အလက်ပေးချင်တာလား။
ဖြေ – လွှတ်တော်ကိုယ်စားလှယ်နဲ့ပြည်သူတွေ တိုက်ရိုက် ဆယ်သွယ်လို့ရအောင် ကျွန်တော်တို့က ပေါင်းကူးပေးတာပါ။ တိုက်ရိုက်ဆက်သွယ်လို့ရတယ်ဆို ပြည်သူတွေ ဘာဖြစ်ချင်လဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေက သိရမယ်၊ ပြည်သူတို့ဆန္ဒနဲ့ ဆုံးဖြတ်တာဖြစ်မယ်၊ သူတို့တစ်ယောက်တည်းရဲ့ဆန္ဒနဲ့ ဆုံးဖြတ်တာ မဟုတ်တော့ဘူးပေါ့။ ကျွန်တော်တို့က ကြားခံဆက်သွယ်ရေးအနေနဲ့ ပေါင်းကူးပေးချင်တာ။ နောက်ပြီး အချက်အလက်ကလည်း တစ်ပြိုင်တည်း ပေးသွားမှာပါ။
မေး – ဒီအွန်လိုင်းစာမျက်နှာကြောင့် ဘယ်သူတွေ အကျိုးရှိမလဲ၊ ဘယ်သူတွေ ထိခိုက်နစ်နာနိုင်ပါသလဲ။
ဖြေ – သာမန်ပြည်သူတွေကို အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆိုင်တဲ့ အချက်တွေကိုလည်း နောက်တစ်ဆင့်မှာ အများကြီး ထည့်သွင်းဖို့ ရှိပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် သုတေသန လုပ်ချင်တာပဲ ဖြစ်ဖြစ် ၊ စနစ်တကျ သတင်းအချက်အလက်တွေ ယူချင်တဲ့ ပညာရှင်တွေပဲဖြစ်ဖြစ်၊ ဂျာနယ်လစ်တွေပဲဖြစ်ဖြစ် ဒီဆိုက်ကနေ အလွယ်တကူ အချက်အလက်တွေ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆိုးကျိုးအနေနဲ့ကတော့ အများကြီးဖြစ်မယ်လို့ မထင်ပါဘူး။ အဓိကဖြစ်နိုင်တာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေက အလွယ်တကူရှိနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ကောင်းတာမဟုတ်တဲ့ ရည်ရွယ်ချက် တစ်မျိုးမျိုးနဲ့ နှောင့်ယှက် ချဉ်းကပ်တာတွေကိုတော့ အလွယ်တကူလုပ်လို့ ရမယ်လို့တော့ ထင်ပါတယ်။
နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်းဆက်သွယ်လို့ရတယ် ဆိုတာကို သိကြတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ပြန်ပြီးတော့ တာဝန်ယူမှုလေး ရှိသွားအောင် အဲဒီလိုစိတ်ဓာတ်လေးတွေ ဖြစ်ဖို့ အတွက်လည်း ကျွန်တော်တို့က ရည်ရွယ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ထိန်းကျောင်းမှုကလည်း အလိုလိုနေရင်း ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။
မေး – ဒီဝက်ဆိုက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်ဝင်စားအောင် ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ – လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်တော်တို့ဝက်ဆိုက်ကို စိတ်ဝင်စားမှုရှိပြီး ပူးပေါင်း ပါဝင်လာအောင် ကျွန်တော်တို့ဝက်ဆိုက်နဲ့ပတ်သက်ပြီး သရုပ်ပြဖို့အတွက်၊ ဝက်ဆိုက်ကို ရှင်းပြဖို့အတွက် ဒီတစ်လအတွင်း မှာ နေပြည်တော်က လွှတ်တော်ကို သွားဖို့ရှိပါတယ်။
မေး – ဒီဝက်ဆိုက်မှာရှိတဲ့ အချက်အလက်တွေကရော ရာခိုင်နှုန်း ဘယ်လောက် အထိ မှန်ကန်မှုရှိနိုင်မလဲ။
ဖြေ – အချက်အလက်တွေကတော့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် လုပ်ငန်းဆောင်ရွက်မှုတွေကနေ ရထားတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ အမှားအယွင်း ဆိုတာထက် နောက်ဆုံးဖြစ်ထွန်းမှု ဖော်ပြနိုင်တဲ့ အပိုင်းကတော့ နည်းနည်းလေး အားနည်းမှုကတော့ ရှိနိုင်ပါတယ်။ ဒီလိုဝက်ဆိုက်ပေါ် ပွင့်ပွင့်လင်းလင်း တင်ထားတာ လူတိုင်းက သိပြီ ဆိုရင်လည်း အချက်အလက်တွေ မှားနေပါတယ်ဆိုပြီး လာပြောဖို့ကိုလည်း ကျွန်တော်တို့က မျှော်လင့်ပါတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ကတော့ သူတို့အချက်အလက်တွေ မှားယွင်းနေတယ် ဆိုပြီး ထောက်ပြပါတယ်၊ ဖုန်းနံပါတ်နဲ့ သူကိုယ်စားပြုတဲ့ကော်မတီ မှားနေတယ်ဆိုပြီး ပြောပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ကိုလည်း စောင့်ကြည့်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။
မေး – တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေကို ဘာကြောင့် မဖော်ပြတာလဲ။
ဖြေ – တပ်မတော်သားကိုယ်လှယ်တွေရဲ့အချက်အလက်တွေကို တင်ဖို့ လောလောဆယ်မှာ အစီအစဉ် မရှိသေးပါဘူး။ ပြည်သူတို့တွေအနေနဲ့ သူတို့မဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ဘယ်သူလဲဆိုတာ သိဖို့နဲ့ မဲဆန္ဒနယ်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ကိုယ်စားလှယ်တွေကို ဆက်သွယ်ပြောကြားနိုင်ဖို့ ရည်ရွယ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေ ရယူဖို့ ကျွန်တော်တို့အနေနဲ့ တစ်ခါမှ မကြိုးစားဖူးသေးပါဘူး။ သူတို့ဆီကို သွားပြီး အချက်အလက်တွေ တောင်းတဲ့အခါမှာလည်း အခက်အခဲ ဘယ်လောက်ရှိမလဲဆိုတာကို မမှန်းနိုင်သေးပါဘူး။
မေး – ဝက်ဆိုက်မှာ အမတ်တွေရဲ့လှုပ်ရှားမှု၊ သတင်းတွေကိုရော တင်မှာလား။
ဖြေ – လွှတ်တော်တွင်းမှာနဲ့ လွှတ်တော်ပြင်ပမှာ တစ်ဦးချင်း လုပ်ဆောင်နေတဲ့ သတင်းအချက်တွေကိုရော တင်ပြဖို့အတွက် ရည်ရွယ်ထားပါတယ်။ ကိုယ်စားလှယ်တွေရဲ့လွှတ်တော်ပြင်ပ သတင်း လုပ်ဆောင်ချက်တွေ ရဖို့ ကျွန်တော်တို့မှာ အများကြီး အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ဝက်ဆိုက်က အချက်အလက် ယူချင်တဲ့သူကလည်း ယူလို့ရသလို သတင်းအချက်အလက် ပေးချင်တဲ့သူကလည်း ပေးလို့ရပါတယ်။ အဲဒီအခါကျရင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ချင်း မဟုတ်ရင်တော့ တိုင်း နဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မယ်လို့ မြင်ပါတယ်၊ ရလာမယ်လို့လည်း ယုံကြည်ပါတယ်။ အခုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ကိုယ်ရေးအကျဉ်းတွေ၊ ဖုန်းနံပါတ်တွေကို ဝက်ဆိုက်မှာ တင်ထားပြီးပါပြီ။ နောက်တစ်ဆင့် အနေနဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေရဲ့ကိုယ်ရေးအကျဉ်းနဲ့ ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ်တွေကို ထည့်သွားဖို့ ရှိပါတယ်။ နောက်တစ်ဆင့်မှ သူတို့ရဲ့အသေးစိတ်လုပ်ဆောင်ချက်တွေ ထည့်ဖို့ရှိတဲ့အခါကျတော့ အနည်းဆုံး နောက်ထပ် ၆ လကျော်မှ ထည့်နိုင်မှာပါ။
မေး – ဝက်ဆိုက်အပြင်အဆင်ကိုရော ပြောင်းလဲသွားဖို့ရှိလား။ အချက်အလက်ရှာရတာ နည်းနည်း ခက်နေတယ်။
ဖြေ – ဝက်ဆိုက်ကို ဒီတိုင်း ပုံသေမထားပါဘူး။ အသုံးပြုသူတွေရဲ့သုံးသပ်ချက်တွေပေါ် မူတည်ပြီး တဖြည်းဖြည်း ပြောင်းလဲသွားမှာပါ။ အခုက ဝက်ဆိုက်က အင်္ဂလိပ်လိုပဲ ဖြစ်နေပါတယ်။ တစ်ပတ်နှစ်ပတ်အတွင်း မြန်မာလိုပါ ကြည့်ရှုလို့ရအောင် လုပ်သွားမှာပါ။
မေး – ဒီဝက်ဆိုက် ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်တဲ့အခါမှာ ဘာအခက်အခဲတွေများ ရှိပါသလဲ။
ဖြေ – ဝက်ဆိုက်အနေနဲ့ လက်ရှိအခြေအနေဖြစ်ဖို့ကို နည်းပညာပိုင်းဆိုင်ရာက (၃) လလောက် ကြာပါတယ်။ အခုက မြန်မာလိုလည်း ဝက်ဆိုက်က ကြည့်လို့မရသေးဘူးဆိုတော့ (၃) လထက် ပိုကြာနေတဲ့သဘောပေါ့။ ရန်ပုံငွေရှာရတဲ့အပိုင်းမှာလည်း အခက်အခဲရှိပါတယ်။
မေး – အခုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ဆောင်ချက်တွေကို အားရကျေနပ်မှုရှိလား။
ဖြေ – လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ထွေထွေထူးထူး မှတ်ချက်ပေးစရာ မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်အများစုက အခုမှ လွှတ်တော်လုပ်ငန်းကို စလုပ်ဖူး၊ ပြည်သူကလည်း ဒီမိုကရေစီ လမ်းကြောင်းကို အခုမှ အရှိန်အဟုန်နဲ့ သွားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်ချက်တွေကတော့ နေရာပေါင်းစုံမှာ ရှိနေနိုင်တယ်။ ။