သတင်း

ရန်ကုန်တွင် PDF ၁၀ ဦးခန့် ထောင်ချောက်ဆင် အဖမ်းခံရ 

ရန်ကုန်တွင် ယခုသီတင်းပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးခန့် ထောင်ချောက်ဆင်ဖမ်းဆီးခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

စစ်ကောင်စီက ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၈) မှစ၍ ရန်ကုန်ရှိ PDF များနှင့် မြေအောက်တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးနိုင်ရန် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက Myanmar Now ကို ယနေ့ (ဇန်နဝါရီ ၁၃) ပြောသည်။​  

“ဖမ်းဆီးခံရတဲ့သူတွေကနေ ကွင်းဆက်လိုက်ပြီး ဆက်သွယ်ပြီးတော့ ဖမ်းဆီးမှုတွေ လုပ်နေတာ” ဟု ၎င်းက ယနေ့ (ဇန်နဝါရီ ၁၃) ပြောသည်။ 

ယခုတစ်ပတ်အတွင်း ဖမ်းဆီးခံထားရသူ ၁၀ ဦးခန့်ရှိကာ အခြေအနေအသေးစိတ်ကိုမူ မသိရသေးကြောင်း ၎င်းထံမှ သိရသည်။  

ရန်ကုန်မြို့ရှိ PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက်ကျားအင်အားစုများအနေဖြင့် ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူများနှင့် အခြားတာဝန်ရှိသူများထံ တိုက်ရိုက်မေးမြန်း၍ အတည်ပြုချက်ရယူ ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းသည်။ 

“ကျွန်တော်တို့ ရဲဘော်များ မိမိတို့လုပ်ရမဲ့ အလုပ်များကိုသာ အာရုံစူးစိုက်ပြီး မိမိတို့အဖွဲ့တာဝန်ခံရဲ့ ညွှန်ကြားစီမံမှုအတိုင်းသာ ဆက်လက်ဆောင်ရွက်ကြဖို့နဲ့ ကိုယ့်အဖွဲ့နှင့်ကိုယ် သိုသိုသိပ်သိပ် ပိရိသေသပ် လုံခြုံစွာစီစဉ်ကြဖို့ ပန်ကြားလိုပါတယ်” ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ 

စစ်ကောင်စီက မြို့ပေါ်ရှိ PDF အဖွဲ့ဝင်တစ်ယောက်ချင်းစီကို လက်နက်ခဲယမ်းပေးမည်ဟု အယောင်ဆောင်ဆက်သွယ်ကာ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“အကုန်လုံးက ပစ္စည်းပေးမယ်ဆိုတဲ့ ကိစ္စပဲ။ အချိန်းအချက်လုပ်ပြီး သွားတဲ့အချိန် အဖမ်းခံရတာ။ မဟာမိတ်ကွန်ရက်တစ်ခုကနေ ဆက်သွယ်တာ။ အွန်လိုင်းကနေပဲ ဆက်သွယ်ရတာ” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။​

သို့သော် ဖမ်းဆီးထားသည့် PDF များကို ဖမ်းဆီးပုံနှင့် ဖမ်းဆီးထားသည့် အရေအတွက်နှင့် ပတ်သက်၍မူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

“အဖမ်းခံရတာတွေက ပစ္စည်းသွားယူတာ၊ အငှားအထပ်တွေလုပ်ရင် ပါသွားတာ။ ဘယ်အဖွဲ့ကပါ၊ Mission (စစ်ဆင်ရေး) လုပ်ဖို့ သေနတ်လေး ငှားပါအုံးဆိုရင် သွားပေးလိုက်တာကတစ်ဆင့် အဖမ်းခံရတာ။ အဓိက ဆက်သွယ်ပြောတာက (ယမ်း) အမှုန့်ပေးမယ်၊ သေနတ်ငှားမယ်ဆိုပြီး ပါကုန်တာ” ဟု ထိုရဲအရာရှိက ဆိုသည်။ 

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အင်အားချည့်နဲ့လာစေရန် ရည်ရွယ်ကာ PDF အဖွဲ့ဝင်များနှင့် တခြားခေါင်းဆောင်များ၏ အမည်ကို အလွဲသုံးစားပြု၍ အချင်းချင်း ယုံကြည်မှုကင်းမဲ့စေရန် နည်းဗျူဟာသုံးနေသည်ကို သတိပြုဆင်ခြင်ရန်လည်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က တိုက်တွန်းသည်။

စက်တင်ဘာ ၇ ရက်တွင် ခုခံတော်လှန်စစ် စတင်ကြောင်း ကြေညာပြီးနောက် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန် တိုင်းသုံးတိုင်းတွင် ‘ပျံလွှားအောင်’ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီပစ်မှတ်များကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်ဆိုသူများ မကြာခဏ လုပ်ကြံခံနေရသည့်နည်းတူ စစ်ကောင်စီတပ်ဖွဲ့များလည်း နေ့စဉ်နှင့်အမျှ တိုက်ခိုက်ခံနေရပြီး နှစ်သစ်ကူးညဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်က မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတိုက်ခိုက်ခံရစဉ် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button