သတင်း

မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်သားတို့က မြိုင်ဒေသခံ ၂၀၀ ကျော်ကို ဖမ်းဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ (ဇန်နဝါရီ ၁၁) က မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ရွာသား ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး နေအိမ်များကို ဖျက်ဆီးလျက်ရှိသည်ဟု ဒေသခံ ၃ ဦးထံမှ သိရသည်။ 

ယမန်နေ့က မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့အစပ်ရှိ လက်ယက်မစံပြကျေးရွာနှင့် ကျောက်ဆောက်မကျေးရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ကို ရွှေဓားဗိုလ်ဒေသကာကွယ်ရေးအဖွဲ့နှင့်အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် PDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မိုင်းဆွဲပြီးတော့ အပြန်အလှန်ပစ်တယ်။ ပြီးတော့ နောက်ဆုတ်လိုက်တာပေါ့။ မိုင်းဆွဲပြီးတော့ ထွက်လို့ရအောင် ပစ်ခတ်ပြီး ဆုတ်တော့တာ။ သူတို့ဘက်က အင်အားများတာကိုး။ လက်နက်ကြီးတွေနဲ့ ထုတော့ ကိုယ့်လူထိမှာစိုးလို့ နောက်ဆုတ်လိုက်တာ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

“သူတို့ဘက်က ပြန်မထနိုင်သူတွေ ၇ ယောက်လောက် ရှိတယ်။ ရေလို့ရတာပေါ့ါ။ အလောင်းကို သေချာ မမြင်ရဘူး။ ပစ်ပြီးပြေးရတာဆိုတော့”

ပစ်ခတ်မှုများကြောင့် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိ လက်ယက်မရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်။

PDF များ ဆုတ်ခွာသွားသည်နှင့် စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်တပ်စွဲလိုက်ပြီး ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုအများစု ပါဝင်သော ရွာသား ၂၀၀ ကျော်ကို ထိန်းသိမ်းလိုက်သည်။ 

“သူတို့ကို လူသားတံတိုင်းလုပ်တဲ့သဘောမျိုးဖြစ်တာပေါ့။ အခုထိတော့ ဘာမှမသိရသေးဘူး။ တချို့လည်း မြို့ပေါ် ရှောင်နေကြတယ်”ဟု PDF မှ တာဝန်ရှိသည့် ထိုအမျိုးသားက ပြောသည်။

မြိုင် PDF (တောင်ပိုင်း) တာဝန်ခံ ခွန်းချိမ့်က မြိုင်နှင့် ပခုက္ကူကြား ကျောက်ဆောက်ရွာတစ်ဝိုက်၊ မြိုင်မြို့နယ်တောင်ပိုင်းနှင့် မြိုင်မြို့နယ်အနောက်ပိုင်းရှိ ရေနံမြေဇုန်တို့အနီး စစ်ကောင်စီတပ်က အင်အားတိုးချဲ့လျက်ရှိပြီး စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ပြောသည်။

“လက်ယက်မမှာက ဘုန်းကြီးကအစ အဖမ်းခံရတာ။ သူတို့ (လက်လုပ်)မိုင်းဆွဲခံရပြီးတော့ မကျေနပ်လို့ ဖမ်းတာ။ ဆိုင်ကယ်တွေလည်း မီးရှို့နေတယ်လို့ ကြားတယ်”ဟု ခွန်းချိမ့်က ဆက်ပြောသည်။​

မြိုင်မြို့ခံ အမျိုးသားနောက်တစ်ဦးက ရွာသား ၂၀၀ ကျော်ကို တပ်စွဲထားသည့်နေရာများတွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း၊ အခြေအနေအသေးစိတ်ကိုမူ မသိရသေးကြောင်း ပြောသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ အိမ်များနှင့် လူဦးရေ ၃၀၀၀ နီးပါးစာအတွက် ရေဖြန့်ဝေပေးနေသည့် ရေစင်နှစ်လုံးကိုလည်း ဖျက်ဆီးလျက်ရှိသည်ဟု သိရကြောင်း ၎င်းက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

“လမ်းဘေးက အိမ်တွေ ဖျက်ဆီးခံရတယ်လို့ ပြောတယ်။ ရွာထဲ သူတို့ရှိနေတုန်းဆိုတော့ အတိအကျတော့ ပြောလို့ မရနိုင်ဘူးဗျ” ဟု ထိုသူက ဆက်ပြောသည်။

“မနက်ပိုင်းမှာ မိုင်းခွဲပြီးတော့ လက်နက်ကြီးတွေ တအားပစ်တော့ ကာကွယ်ရေးအဖွဲ့တွေက နောက်ကို ဆုတ်ပေးလိုက်တာ။ အဲဒီအချိန်မှာ ရွာထဲ ဝင်ဖျက်ဆီးတော့၊ ရေစင်နဲ့ ဆီဆိုင်တစ်ဆိုင်ကတော့ သေချာတယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိုးစစ်ကြောင့် လက်ယက်မရွာသားများအပြင် အနီးအနားရှိ ရွာသစ်ကြီးရွာမှ ရွာသား ၆၀၀ နီးပါးမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မြိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့က ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မိုင်းဆွဲမှုများကြောင့် လက်ယက်မရွာနှင့် အနီးဝန်းကျင်မှ ဒေသခံတချို့မှာ စစ်တပ်ရန် စိုးရိမ်၍ မန္တလေးမြို့ပေါ်အထိ တိမ်းရှောင်နေရသည်။

ဒေသတွင်းအခြေအနေကြောင့် အိမ်နီးချင်းရွာသားများလည်း ထွက်ပြေးကြရသည်ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က လက်ယက်မရွာနဲ့ ကပ်လျက် တောင်ကိုင်းရွာက။ လက်ယက်မရွာဘက်မှာ စစ်တပ်က ဝင်ကြမ်းနေလို့ ကျွန်မတို့ရွာကပါ ကြောက်လို့ ရွာလုံးကျွတ်နီးပါးပဲ ပြေးလာကြရတာ” ဟု အမည်မဖော်လိုသည့် ထိုအမျိုးသမီးက ပြောသည်။

“ကျန်ခဲ့တဲ့သူတွေလည်း ကျန်ခဲ့တယ်။ အကုန် ပစ်ပြေးကြရတာ။ နွားတွေရော အိမ်တွေရောပဲ အကုန်ပစ်ခဲ့ရတယ်”

PDF ကို အကြမ်းဖက်သမားဟု ညွှန်းဆိုလေ့ရှိသည့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ မြိုင်မြို့နယ်အတွင်း စစ်တပ်က ရွာသားအများအပြားကို ဖမ်းဆီးသည်၊ ရွာအတွင်း သောင်းကျန်းဖျက်ဆီးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button