သတင်း

ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်  

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၁၂) တွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကသာမြို့မြောက်ဘက် ၁၀ မိုင်ကျော်ခန့် အကွာရှိ မိုးတားကြီးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲသည့်ပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

မြစ်ကြီးနားမြို့ဘက်မှ ပျံတက်လာသည်ဟု ယူဆရသော တိုက်လေယာဉ်သုံးစီးက မိုးတားကြီးရွာအနီးတွင် ပျံဝဲကာ တစ်စီးစီ အလှည့်ကျတိုက်ခိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မိုးတားကြီးရွာခံ အမျိုးသားက ဆိုသည်။ 

“အရင်ကလဲ မိုးတာလေးဘက်ကို လာပစ်သေးတယ်၊ အခုလည်း သုံးစီး ရွာကို လာချသွားတာ ဘာမှလဲ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူးဗျာ ဒီဘက်တွေက” ဟု အသက် ၄၀ အရွယ် အထက်ပါ အမျိုးသားက ပြောသည်။ 

တိုက်လေယာဉ် သုံးစီးမှ ဗုံးအလုံးပေါင်း ၂၀ ခန့် ကြဲချခဲ့ပြီး စက်သေနတ်များဖြင့်လည်း မနားတမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်ခံရသဖြင့် မိုးတားကြီးရွာအတွင်းရှိ နေအိမ်တစ်လုံးနှင့် စပါးကျီတစ်ခု မီးလောင်ပျက်စီးသွားကာ အခြားနေအိမ်ငါးလုံးထက်မနည်းမှာ ခေါင်းမိုးများပွင့်ထွက်ခဲ့ပြီး စက်သေနတ်ထိမှန်သည့် နေအိမ်များရှိသည်ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။​

“စစ်ဖြစ်တဲ့နေရာလဲ မဟုတ်ဘဲနဲ့ သုံးစင်း (တိုက်လေယာဉ်)တွဲကြီး လာပြီး၊ သုံးစင်းလုံးက ချတယ် ပြီးကျတော့ စက်သေနတ်တွေနဲ့ ပစ်တယ်၊ ရုပ်ရှင်ဇာတ်ကားထဲကလို လုပ်တာ” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။ 

မိနစ်အနည်းငယ်ပစ်ခတ်ပြီးနောက် တိုက်လေယာဉ်များ ပြန်လှည့်သွားချိန်တွင် မီးလောင်သည့်နေအိမ်ကို ရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။ 

တိုက်ခိုက်မှုအပြီး ရွာအတွင်း လက်နက်ကြီးကျည်အချို့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟုလည်း အထက်ပါ မိုးတားကြီးရွာခံနှစ်ဦးထံမှ သိရသည်။ 

ထို့ပြင် ဗုံးစထိမှန်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရသည့် ကလေးငယ်တစ်ဦးကို ကသာဆေးရုံသို့ ပို့လိုက်ရပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း မိုးတားကြီးရွာခံ အမျိုးသားက ဆိုသည်။

“ကလေးတစ်ယောက် ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ပြောတယ်။ ခြေထောက်တောင် ဖျက်ရမလားမသိဘူးတဲ့ အဲဒီလိုပြောနေကြသံ ကြားရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် ဗုံးတချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ​ – ပေးပို့) 

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ မိုးတားကြီးရွာမှာ အိမ်ခြေ ၈၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်သည်။ 

ထိုရွာအရှေ့ဘက် ၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မိုးတားလေးတိုက်နယ်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဒေသခံ PDF များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ ဂဟဲရွာကို ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်တွင် စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် မောင်နှစ်မ ၄ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တစ်လျှောက်တွင် စစ်သည်၊ လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ဆောင်သော စစ်ကောင်စီတပ်များကို ဒေသခံ PDF အဖွဲ့များက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။ 

ထိုဒေသခံ PDF များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထောက်ပံ့ကူညီနေသည်ဆိုသော ယူဆချက်ဖြင့် ကချင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ တပ်စခန်းများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လေ့ရှိသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button