
ရန်ကုန် – အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု လတ်တလော ဝေဖန်ခံနေရသည်။
ဝေဖန်ချက်များနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဉာဏ်ဝင်းကို သွားရောက်တွေ့ဆုံ မေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး။ ။ NLD က အငြင်းပွားစရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဝင်ပြီး လွှတ်တော်ထဲ ရောက်နေတာ ၅ နှစ် ပြည့်ပါတော့မယ်။ နိုင်ငံရေးရည်မှန်းချက်တွေ အကောင်အထည် ဘယ်လောက်ပေါ်ပြီလဲ။
ဖြေ။ ။ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတဲ့အချိန်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တပ်ခေါင်းဆောင်တွေအကြား အပြန်အလှန်စာရေးသားမှုတွေရှိခဲ့ပါတယ်။ အဓိကအချက်တွေကတော့ NLD ပါတီရွေးကောက်ပွဲတာကို လက်ခံမယ်။ နောက်ထပ် အချက်နှစ်ချက်၊ သုံးချက်ရှိပါသေးတယ်။ သူတို့နဲ့ အပြန်အလှန်ညှိနှိုင်းပြီးတော့ သဘောတူမှ ဒီလိုအခြေအနေကို ရောက်တာပါ။ ပြည်သူတွေက ကိုယ့်ကိုအုပ်ချုပ်မယ့်သူကို ရွေးချယ်ခွင့်ရလာတာကတော့
အဓိကအချက်ပဲ။ အပြည့်အဝတော့ ရွေးချယ်ခွင့်မရှိပါဘူး။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်အရ (လွှတ်တော်ထဲ အလိုအလျောက် နေရာရတဲ့ တပ်မတော်သားကိုယ်စားလှယ်များ)၂၅ရာခိုင်နှုန်းကို ပြည်သူက ရွေးချယ်တာ မဟုတ်ဘူး။
မေး။ ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါတီက ကြိုးပမ်းနေတာ ဘယ်ကာလလောက်မှာ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုတွေ ရှိလာမလဲ။
ဖြေ။ ။ တစ်ချိန်မှာတော့ ရှိမှာပဲ။ ဘယ်တော့လုပ်မယ်သာ မပြောနိုင်တာပါ။ ကျွန်တော်တို့က ဒီမိုကရေစီသွားမယ်လို့ ပြောထားတာ။ ဒီမိုကရေစီမှာ ရွေးကောက်ခံမဟုတ်တာ မရှိပါဘူး။ တစ်နေ့ကျရင်တော့ ဒီရွေးကောက်ခံမဟုတ်တာတွေကို ပယ်ရမှာပါပဲ။ အချိန်အခါပဲ လိုတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော၊ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရရော တပ်မပါဘဲနဲ့ ရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရဘူး။
မေး။ ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအချက်အလက်တွေနဲ့ ရွေးချယ်နေပါသလဲ။
ဖြေ။ ။ အခုလတ်တလောမှာက နိုင်ငံရေးအတွေ့အကြုံ၊ နိုင်ငံရေးလုပ်သက် အတွေ့အကြုံရင့်ကျက်တာ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိတာ၊ ဥပမာ-အင်ဂျင်နီယာတစ်ယောက်ဆိုရင် အင်ဂျင်နီယာဘာသာရပ်မှာ ကျွမ်းကျင်တယ်၊ ဆရာဝန်ဆိုရင်လည်း ဆရာဝန်ဘာသာရပ်မှာ ကျွမ်းကျင်တာမျိုး၊ ဥပဒေသမားဆိုရင်လည်း သူ့ဘာသာရပ်မှာ ကျွမ်းကျင်တာမျိုးပေါ့၊ ဒါတွေကိုလည်း ထည့်စဉ်းစားပါတယ်။ ဘာသာရပ်အလိုက်ကျွမ်းကျင်မှုကိုလည်း ကြည့်ပါတယ်။ နိုင်ငံရေး အတွေ့အကြုံမှာဆိုရင်လည်း တခြားမှာဖြစ်ဖြစ်၊ NLD မှာပဲ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ရင့်ကျက်တဲ့ အတွေ့အကြုံရှိတဲ့ လူတွေကို စဉ်းစားပါတယ်။
မေး။ ။ ယခင် ရွေးကောက်ပွဲတွေအတွက် တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီးဆိုပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ခဲ့ပါတယ်။ အခုရော ဘာတွေများ ကွာခြားပါသလဲ။
ဖြေ။ ။ အဲဒါက ဦးစားပေးကို ပြောတာပါ။ ကျွန်တော် ခုပြောတာက ရွေးချယ်ရေးမှုကို ပြောတာပါ။ တူရင် ဦးစားပေးမှာ တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီးပေါ့။ ရွေးချယ်တဲ့အခါမှာတော့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ဘာသာရပ်ကျွမ်းကျင်မှု၊ ဒါတွေကို ဦးစားပေးပါတယ်။
မေး။ ။ ဒီလိုမျိုးရွေးချယ်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ထဲမှာ ဘယ်လိုမျိုး ညှိနှိုင်းခဲ့ရပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဒီမူကို အရင်ချတယ်။ ပြီးတော့ ဒီမူနဲ့ ရွေးမယ်ပေါ့။ အဖြစ်နိုင်ဆုံးပေါ့။ ကိစ္စတိုင်းမှာ ကိုယ်လိုချင်တဲ့ ပုံစံမျိုးတော့ မရပါဘူး။
မေး။ ။ CEC ထဲမှာ အဖွဲ့ဝင်အဖြစ် ထပ်မံ ရွေးချယ်တင်မြှောက်ထားတာတွေ ရှိပါသလား။ ဘယ်လိုမူနဲ့ ရွေးချယ်ပါသလဲ။
ဖြေ။ ။ CEC ကို ညီလာခံကနေစပြီး ဖွဲ့တာပါ။ ညီလာခံက အားလုံးအောက်ခြေကနေ တက်လာတဲ့ ဗဟိုကော်မတီဆိုတာ ရှိလာတယ်။ ပထမဆုံး ပါတီဥက္ကဋ္ဌကို ရွေးတယ်။ ပါတီဥက္ကဋ္ဌက ပါတီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးတော့ CEC ကို ရွေးလိုက်တယ်။ ပြီးတော့ ဗဟိုကော်မတီကို ချပြတယ်။ ဗဟိုကော်မတီက အတည်ပြုလိုက်တဲ့အတိုင်း CEC ကို ဖွဲ့တယ်။ ဒါက ညီလာခံကနေလာတာ။ ညီလာခံမရှိတဲ့ အခုလိုအချိန်မှာ ကိုဖြိုးမင်းသိန်းတို့ ကိုအောင်စိုးတို့ကို ခန့်တယ်ဆိုတာ ဒါက CEC ဆုံးဖြတ်ချက်နဲ့ ခန့်တာ။ ပြီးခဲ့တဲ့လကလုပ်တဲ့ ဗဟိုကော်မတီမှာ ကိုဖြိုးမင်းသိန်းတို့ အကျုံးဝင်သွားတယ်။ ဒါသူတို့က အတည်ပြုပြီးသား။ အဲဒီလို ရွေးချယ်ပါတယ်။
မေး။ ။ ပါတီ CEC ကနေ ဒုဝန်ကြီးတစ်ဦးကို တာဝန်က နုတ်ထွက်ဖို့ ဖိအားပေးခဲ့တာတွေ ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ လုံးဝမရှိဘူး။ ကျွန်တော်တို့မသိဘူး။ ကျွန်တော်မသိဘူး။ အဲဒီတော့ ဒီဒုဝန်ကြီးကို ဖြုတ်တယ်ဆိုတာ သမ္မတရုံးက ဖြုတ်တာပဲ။ ကျွန်တော်တို့ဖြုတ်တာမှ မဟုတ်တာ။ ပါတီက မဟုတ်ဘူး။ သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာပဲလေ။
မေး။ ။ ဒါပေမယ့် ဦးထွန်းဝင်းက အင်တာဗျူးတွေမှာ ပြောပါတယ်၊ သူကို နုတ်ထွက်ဖို့ CEC ထဲက တစ်ယောက်က ဖိအားပေးတယ်တဲ့။
ဖြေ။ ။ အဲဒါက သီးခြားကိစ္စပဲ ဖြစ်မယ်။ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ CEC ကိုလည်း တင်ပြတာမျိုးလည်းမရှိဘူး။ CEC မှာလည်း ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးတာမရှိဘူး။ ပါတီက အုပ်ချုပ်ရေးမှာ ဝင်ရောက်ပါဝင်ပတ်သက်တာမျိုး က မသင့်တော်ဘူးလို့ ထင်ပါတယ်။
မေး။ ။ လတ်တလောဖြစ်နေတဲ့ တောင်ကြီးက ဒေါ်ခင်မို့မို့တို့။ လွှတ်တော်ကိုယ်စားလှယ်သုံးဦးတို့ကို ပါတီတာဝန်တွေက အနားပေးတာတွေကရော CEC ရဲ့ ဆုံးဖြတ်ချက်တွေပါလား။
ဖြေ။ ။ ဒေါ်ခင်မို့မို့ကိစ္စမှာဆိုရင် ပထမက CEC ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒါကြောင့်မို့ မမှန်ဘူးလို့ သတင်းမီဒီယာတွေကို ကျွန်တော်တို့ ပြောတာပါပဲ။ နောက်ကျတော့ ဒါနဲ့ပတ်သက်ပြီး သူ့ကို ခုခံချေပခွင့် အပြည့်ပေးတာပါပဲ။ အပြီးမှာ ကြားနာပေးတယ်။ နောက်ဆုံးဟာကတော့ စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကို CEC က အတည်ပြုပေးခဲ့ပါတယ်။ ပထမဆုံးဟာကတော့ CEC လုံးဝမပါပါဘူး။ လွှတ်တော်ကိုယ်စားလှယ်သုံးဦးကိစ္စကတော့ CEC ရဲ့ဆုံးဖြတ်ချက်ပါ။ သူတို့သုံးယောက်မှာ သီးခြားပြဿနာတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ လောလောဆယ် ရပ်ထားလိုက်။ အချက်အလက်တွေအားလုံးကို ပြန်စုမယ်။ စုပြီးတော့မှ ဘာဆက်လုပ်ရမယ်ဆိုတာ ဆက်စဉ်းစားမယ်။
မေး။ ။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို NLD လူကြီးပိုင်းတွေက ကန့်သတ်၊ ထိန်းချုပ်မှုတွေရှိတယ်လို့ ကြားသိနေရပါတယ်။ ပါတီက ဒါတွေလုပ်ဖို့ ဆုံးဖြတ်ထားတာများ ရှိပါသလား။
ဖြေ။ ။ ပါတီက ထိန်းချုပ်ခွင့် မရှိပါဘူး။ ဒါပေမယ့် ဆော်သြရေးမှူးတွေတော့ ရှိပါတယ်။ ဆော်သြရေးမှူးတွေကတော့ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဆော်သြရေးမှူးတွေရဲ့ အဓိပ္ပာယ်ထဲမှာ အဲဒီလိုလုပ်ခွင့်တော့ မရှိပါဘူး။ ဒါက ပါတီနဲ့မဆိုင်ဘူး။ ပါတီက အဲဒီလိုလုပ်ခွင့်လည်း မရှိပါဘူး။ အဲဒီတော့ ဥပဒေပြုရေးအပိုင်းကိုင်တဲ့ လွှတ်တော်က သူ့ကဏ္ဍနဲ့ သူပေါ့။ ပြောကြပါတယ်၊ ကျွန်တော်တို့လည်း ကြားတယ်၊ ကိုယ်နဲ့မဆိုင်တာဆိုတော့ မပြောတာပါ။ လွှတ်တော်က ကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်ဘူးလေ။ ကျွန်တော်တို့က ပါတီကလေ။
မေး။ ။ ဒီအပေါ်ရော ဘာများ မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ပါတီမှာ အဲဒီလို ဆုံးဖြတ်ဆောင်ရွက်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပေးထားပါဘူး။
မေး။ ။ လတ်တလောမှာ ဝန်ကြီးချုပ်တစ်ဦးကို အင်တာဗျူးဖို့ ခွင့်တောင်းတော့ ပါတီက သူ့ကို အင်တာဗျူးခွင့် ပိတ်ထားတယ်လို့ အဲဒီဝန်ကြီးချုပ်က ဆိုပါတယ်။ ဒီလိုမျိုး CEC က ဆုံးဖြတ်ပြီး ပိတ်ပင်ထားတာမျိုးတွေများ ရှိပါသလား။
ဖြေ။ ။ ကျွန်တော်မသိဘူး။ တစ်ခါမှ မကြားဖူးဘူး။ သူ့ကို တစ်စုံတစ်ယောက်က ပြောတာမျိုးလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပါတီအနေနဲ့တော့ အဲဒီလိုလုပ်တာမျိုး ညွှန်ကြားတာမျိုး တစ်ခါမှ မရှိဘူး။ စွက်ဖက်တယ်ဆိုရင်တော့ မဖြစ်သင့်ဘူး။ တစ်ခါတလေလည်း အဓိပ္ပာယ်တွေက အမျိုးမျိုးဖြစ်တယ်။ ပါတီဝင်အချင်းချင်းပဲ အထက်မှာတစ်ယောက်ရှိတယ်၊ အောက်မှာ တစ်ယောက်ရှိတယ်၊ နှစ်ယောက် ရင်းရင်းနှီးနှီးနဲ့ တိုင်တိုင်ပင်ပင်နဲ့ လုပ်တာကို အမိန့်ပေးတာလို့ ယူဆတဲ့လူက တစ်မျိုးယူဆတယ်။ အမိန့်ပေးတာမဟုတ်ဘူး ဂိုက်လိုင်းပေးတာ၊ ကောင်းအောင်လုပ်တာဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီဟာက အဓိပ္ပာယ်ဖွင့်တာ သိပ်အရေးကြီးပါတယ်။ ဘယ်သူမှ မတိုင်ပင်ဘူး။ ငါက Independent ပဲ ဆိုတာမျိုး၊ ဒီလိုရပ်တည်တယ်ဆိုရင်လည်း ဘယ်မှန်နိုင်မလဲ။ အဲဒီတော့ မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံကိုတော့ လုံးဝလက်ခံပါတယ်။
မေး။ ။ ပါတီအတွက် အရေးကြီးလို့ CEC က ဆုံးဖြတ်ရမယ့်အချက်တွေကို ရန်ကုန် ဗဟိုဌာနချုပ်ရုံးမှာပဲ ဆုံးဖြတ်တာလား။ နေပြည်တော်မှာ ဆုံးဖြတ်ကြတာလား။
ဖြေ။ ။ တချို့ဟာတွေ သူတို့ဆုံးဖြတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် ပြောရရင်တော့ အနည်းစုပါ။ အဓိကကတော့ CEC အနေနဲ့တော့ ဗဟိုအနေနဲ့ပဲ ဆုံးဖြတ်ပါတယ်။ အနည်းစုကိုလည်း ကျွန်တော်တို့ သဘောမတူကြောင်းလည်း ပြောခဲ့ တယ်။ ။ ဆက်သွယ်ရေးတွေအပေါ်လည်း မူတည်တာပေါ့ဗျာ။ တချို့အမိန့်တွေမှာ ကျွန်တော်တို့ မသိလိုက်ဘူး၊ မြို့နယ်တစ်ခုက လူအစားထိုးတဲ့ ကိစ္စတွေပေါ့။ ကျွန်တော်တို့ မသိဘဲ အမိန့်တွေထွက်တယ်။ ဒါမျိုး မလုပ်သင့်ဘူးဆိုတာကို ကျွန်တော်တို့ ဆွေးနွေးတာပါ။ သူတို့ကလည်း အရေးပေါ်ပေါ့ဗျာ။ အရေးပေါ်ဆိုတိုင်းလည်း (ပါတီစည်းမျဉ်း၊ စည်းကမ်း) ဥပဒေတွေကို ချိုးဖောက်လို့တော့ ဘယ်ရမလဲဗျာ။
မေး။ ။ ပါတီတွင်းမှာ အုပ်စုဖွဲ့တဲ့ ပုံစံတွေများ မြင်နေရပါသလား။
ဖြေ။ ။ ကျွန်တော်က မဖွဲ့ဘူး။ ဒါပေမယ့် ကျွန်တော် ရိုးရိုးပဲပြောပါ့မယ်။ မီဒီယာတွေက ကျွန်တော်တို့ကို အုပ်စုဖွဲ့ခိုင်းချင်နေတာ။ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းထိန်နဲ့က အုပ်စုပေါ့။ ဘယ်သူမှလည်း မလုပ်ပါဘူး။ အဲဒါကို မီဒီယာတွေက အဲဒီလိုရေးတာပါ။ ဖြစ်စေချင်လို့ ရေးနေတာလားတော့ မသိပါဘူး။ ကျွန်တော်တို့မှာ အဲဒီလိုမျိုး မရှိပါဘူး။ ။