
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း စစ်ကားတစ်စီး နိုဝင်ဘာလဆန်းတွင် တိုက်ခိုက်ခံရအပြီး ရန်ပြုခံရမည်ကို စိုးရိမ်သည့် အနီးအနားရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရရာ နေအိမ်မှ ပစ္စည်းများကို စစ်ကောင်စီတပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များက နေ့ညဆက်၍ ခိုးယူနေကြကြောင်း ဒေသခံသုံးဦးထံမှ သိရသည်။
ထိုသို့တိုက်ခိုက်ခံရပြီးချိန်မှစ၍ စစ်ကောင်စီတပ်သားတို့က အင်္ဂလုံး၊ ဒေးဒနော၊ ရန်ကြီးအောင် ရွာများမှ ဒေသခံများကို ရိုက်နှက်စစ်ဆေးခဲ့သောကြောင့် စစ်ကောင်စီတပ်ရန်ကို ကြောက်ရွံ့၍ အများအပြား ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
ရပ်ရွာအတွင်း လူသူကင်းရှင်းနေခြင်းသည် ခိုးယူသူတို့အတွက် အခွင့်ကောင်းဖြစ်နေသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“သူတို့အဖွဲ့က နေ့ဘက်မှာ ဒေးဒနောစံပြကျေးရွာ (လယ်ကွင်း)ကွင်းထဲနဲ့ ညဘက်ဆိုရင် ရွာထဲကအိမ်တွေကို ဝင်မွှေနှောက်သွားတယ်။ အဖိုးတန်ပစ္စည်း အသုံးအဆောင်တွေကိုလည်း နေ့စဉ်ရက်ဆက် လာခိုးယူနေတယ်”ဟု ပစ္စည်းပျောက်သည့် ဒေးဒနောကျေးရွာမှ အဆိုပါ ရပ်မိရပ်ဖက Myanmar Now ကို ပြောသည်။
ဇန်နဝါရီ ၃ တွင်လည်း ဒေးဒနောရွာသား ဦးဝင်းအောင်လတ်၏ မွေးမြူရေးငါးများကို စစ်သားအချို့က သယ်ယူသွားကြောင်း၊ တောင်ပိုင်းရပ်ကွက်၏ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမောင်ကို ဦးဆောင်သည့် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင် ၄ ဦးလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေးဒနောရွာ နေအိမ် ၁၂ လုံးရှိ ရေခဲသေတ္တာ၊ လျှပ်စစ်ပန်ကာ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် မွေးမြူထားသည့် ကျွဲ၊ နွား၊ ငါးများပါမကျန် တစ်ရက်ခြားတစ်ခါလာ၍ ထိုသူများက ယူနေကြောင်း အထက်ပါ ရပ်မိရပ်ဖက ဆိုသည်။
ထို့သို့ သယ်ယူနေကြသူများမှာ စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူများဖြစ်သည်ဟု ဒေသခံသုံးဦး၏ ပြောဆိုချက်နှင့်ပတ်သက်၍ Myanmar Now က ကွမ်းခြံကုန်းမြို့မရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီတပ် အုပ်စုထဲတွင် ဓားရှည်လွယ်ထားသူနှင့် သေနတ်ကိုင်ထားသူ အနည်းဆုံး ၆ ဦးမှ ၁၂ ဦးခန့် ပါလာတတ်ပြီး အသုံးတည့်သည့်ပစ္စည်းမှန်သမျှ ယူသွားကြကြောင်း ဒေးဒနောရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်အသုံးအဆောင်ပစ္စည်းတွေကတော့ ဆိုလာ၊ ဘက်ထရီပေါ့။ ပြီးတော့ လယ်နဲ့ ပတ်သက်လို့ လုပ်ငန်းသုံးပစ္စည်းတွေကတော့ စက်လှေပါတယ်။ အင်ဂျင်စက်တွေပါတယ်။ အဲလိုပစ္စည်းတွေကစလို့ သူတို့ယူတာပေါ့” ဟု အသက် ၃၀ ကျော်ဝန်းကျင်ရှိ ထိုအမျိုးသားက ပြောသည်။
“အရင်ဦးဆုံးတော့ စက်လှေယူပြီးတော့မှ နောက်တော့မှ အိမ်ပေါ်က လူ့ရဲ့အသုံးအဆောင်တွေကအစ ကလေးအဝတ်အစားကအစ မချန်ခဲ့ဘူး”

၎င်း၏ အိမ်ရှိပစ္စည်းများလည်း ရှာဖွေယူဆောင်ခံရပြီး နေအိမ်၌ မည်သည့်ပစ္စည်းမျှ မကျန်တော့သည့်အချိန်တွင် ရေကန်ထဲ၌ မွေးထားသည့် ငါးမြစ်ချင်းနှင့် ငါးကြင်းများကို ပိုက်နှင့်ဖမ်း၍ သယ်ယူသွားသည်ဟု ၎င်းက ပြောသည်။
၎င်းတစ်ဦးတည်းအနေဖြင့်ပင် ပျောက်ဆုံးသွားသည့်ပစ္စည်းများမှာ ကျပ် ၁၅ သိန်းခန့် အနည်းဆုံး တန်ကြေးရှိသည်ဟု ဆိုသည်။
“ကျွန်တော်တို့က ဘဝနဲ့ရင်းပြီး ဒါတွေ ရှာထားရတာဗျာ။ နောက်တစ်ခုက ကျွန်တော်တို့က လူရိုးတွေဗျ။ ဘယ်သူ့ပစ္စည်းမှ အဲ့ဒီလိုမလုပ်ခဲ့ဘူး၊ ကိုယ်ဟာနဲ့ကိုယ်ဗျာ။ တော်တော်ဆိုးဆိုးဝါးဝါးကို ခံစားရပါတယ်ဗျာ”ဟု ထိုသူက ဆက်ပြောသည်။
ဒေးဒနောရွာမှ ထွက်ပြေးတိမ်းရှောင်နေသူများအနက် သုံးပုံ ၂ ပုံခန့်သည် ရွာသို့ ပြန်ရောက်ကြပြီဖြစ်သော်လည်း ၎င်းတို့အနေဖြင့် မပြန်ဝံ့သေးကြောင်း နေအိမ်မှပစ္စည်းများ ယူဆောင်ခံရသူ ၁၂ ဦးအနက် Myanmar Now က ဆက်သွယ်မေးမြန်းခွင့်ရသည့် ရွာသားသုံးဦးထံမှ သိရသည်။
“သူတို့ ဝင်ရင်းထွက်ရင်းနဲ့ မွှေတယ်။ ယူတာပေါ့။ တဲကို တစ်ခုလုံး ရစရာမရှိအောင် မွှေတယ်။ သူတို့လိုချင်တာရှိရင် ယူသွားတယ်” ဟု ရွာသားနောက်တစ်ဦးက ပြောသည်။
အာဏာသိမ်းမှုကို တက်တက်ကြွကြွဆန့်ကျင်သူ မဟုတ်သူတို့လည်း မဖြစ်မနေထွက်ပြေးခဲ့ရသည်ဟု ဒေးဒနောရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့နဲ့ ဆိုင်တော့မဆိုင်ဘူးဆိုပေမဲ့ သူတို့လာရင် ကိုယ်တွေပါ အန္တရာယ်ဖြစ်မှာစိုးလို့ ရှောင်နေရတာ။ သူတို့လာရင်ကျတော့ ဘေးနားက မဆိုင်တဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်ကဟာတွေပါ လိုက်ယူတော့တာ။ အဲဒီလိုတွေဆိုတော့ မနေရဲတော့ အဝေးကို ထွက်နေရတာ”ဟု သူက ပြောပြသည်။
ယခုကဲ့သို့ ဆောင်းဦးပေါက်ကာလ အအေးဝင်ချိန်တွင် နေအိမ်စွန့်ခွာထွက်ပြေးနေရသဖြင့် အနေအထိုင် အစားအသောက် ခက်ခဲစွာဖြတ်ကျော်နေရသည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။
အင်္ဂလုံးကျေးရွာအနီး နိုဝင်ဘာ ၅ တွင် ကင်းလှည့်လာသော စစ်ကားတစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ကြားဖြတ်တိုက်ခိုက်သဖြင့် စစ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က အနီးအနားရှိ ဒေသခံရွာသားအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး တစ်ပတ်ခန့်အကြာတွင် ရွာသားလေးဦး၏ နေအိမ်များကို စစ်ကောင်စီတပ်က ညအချိန် မီးဝင်ရှို့ကာ ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီက PDF တို့သည် အကြမ်းဖက်သမားများဖြစ်ကြောင်း၊ စစ်သားတို့က ပြည်သူတို့ကို အကာအကွယ်ပေးနေကြောင်း ပြောကြားလေ့ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်မှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဆန့်ကျင်သူ ရဟန်း၊ ပြည်သူများကို အချိန်မရွေး နည်းမျိုးစုံဖြင့် ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်၍ ထောင်ချနေဆဲဖြစ်သည်။
အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက် အလုပ်ဆက်လုပ်နေသူများ တိုက်ခိုက်ခံရသည့် ဒေသများတွင် လူဦးရေ သိန်းနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)