သတင်း

ရုပ်နှင့်စိတ် မထိခိုက်စေရန် အခွန်တိုးကောက်ခြင်းဟု စစ်ကောင်စီ အကြောင်းပြ

မိုဘိုင်းဆင်းကတ်နှင့် အင်တာနက်ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်မည့် စစ်ကောင်စီ၏ ယမန်နေ့ (ဇန်နဝါရီ ၆) ထုတ်ပြန်ချက်တွင် ကျောင်းသူကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု လျှော့ချရန်ဟု အကြောင်းပြချက်ထည့်သွင်းထားသည်။​

ဆင်းကတ်တစ်ခုလျှင် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀,၀၀၀ နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ၏ ရငွေအပေါ် ၁၅ ရာခိုင်နှုန်း အခွန်တိုးကောက်ရန် စစ်ကောင်စီက ၂၀၂၂ အခွန်အကောက်ဥပဒေကို ပြင်ဆင်ကြောင်း ကြေညာခဲ့သည်။ 

အခွန်တိုးကောက်ရန် အာဏာသိမ်းစစ်ကောင်စီ၏ အကြောင်းပြချက်မှာ ဆင်ခြင်ဉာဏ်နည်းသော လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ကျောက်ဆည်တက္ကသိုလ်ကျောင်သားများသမဂ္ဂ အလုပ်အမှုဆောင်တစ်ဦးက ဝေဖန်သည်။

“ဘတ်ဂျက်မရှိတော့ မရှိရှိတာ ရှာကြံပြီးတော့ လျှောက်လုပ်ပြီး အရူးချေးပန်းလျှောက်ပြောတာ။ ဒီပိုက်ဆံတွေ တိုးကောက်ပစ်လိုက်တာ။ တကယ်တမ်း ကျွန်တော်တို့(ကျောင်းသားထု) အပေါ် (စစ်ကောင်စီက) စေတနာတစ်စက်မှ မရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်တိုင်းမှာ အာဏာရှင်၏ သရုပ်သကန်ဖြစ်ပြီး ၎င်းတို့ ဆက်လက်အာဏာတည်မြဲသရွေ့ အင်တာနက်ကို အခွန်တိုးကောက်သလို အခြားနယ်ပယ်များတွင် တစ်ခုပြီးတစ်ခု ဆုတ်ယုတ်လာမည်ဟုလည်း ၎င်းက ဝေဖန်သည်။ 

ယခင်စစ်အစိုးရ ဦးသန်းရွှေလက်ထက်က ဆင်းကတ်တစ်ခုကို ၁၅ သိန်းအထိ ပေးခဲ့ရသလို ဦးသိန်းစိန်အစိုးရ ကနဦးနှစ်များတွင် နှစ်သိန်းခွဲအထိ ရှိခဲ့ပြီး အင်တာနက်အသုံးပြုခွင့်ရရန် ကျပ်တစ်သောင်းဖြင့် လျှောက်ခဲ့ရသဖြင့် ထိုခေတ်ကို ပြန်ရောက်သွားခြင်းဖြစ်ကြောင်းလည်း ထိုကျောင်းသားလူငယ်က ဆိုသည်။​

စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေများကြောင့် ပညာသင်ကြားခြင်းနှင့် ဈေးရောင်းခြင်းအပါအဝင် လုပ်ငန်းမျိုးစုံအတွက် အင်တာနက်ကို အမှီသဟဲပြုနေရချိန်တွင် စစ်ကောင်စီက အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန်အမည်ခံကာ အခွန်တိုးကောက်တော့မည်ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ သွယ်ဝိုက်ကောက်ခံသည့် အခွန်အမျိုးအစားဖြစ်ရာ ဝယ်ယူသုံးစွဲသူများက ထပ်ဆင့်ပေးဆောင်ရမည်ဖြစ်သည်။ အဏာမသိမ်းမီက မိုဘိုင်းဆင်းကတ်တစ်ခုလျှင် ကျပ် ၁၀၀၀ သာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၂၀,၀၀၀ အထိ ပေးရတော့မည်ဖြစ်သည်။​

အခြားဝန်ဆောင်မှုလုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်သော်လည်း အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။​

အာဏာသိမ်းပြီးနောက်ပိုင်း Facebook ကဲ့သို့သော နာမည်ကျော်လူမှုကွန်ရက်များတွင် သတင်းထုတ်လွှင့်ခွင့်၊ ကြော်ငြာခွင့် ကန့်သတ်ပိတ်ပင်ခံထားရသည့် စစ်ကောင်စီက ၎င်းကို ဆန့်ကျင်သော သတင်းစီးဆင်းမှုများကို ထိန်းချုပ်လိုခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ဆိုသည်။

အာဏာသိမ်းစတွင် စစ်ကောင်စီက အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ခဲ့သည့်ပြင် ၎င်းတို့ကို ဆန့်ကျင်ရေးသားမှုများ ဖြန့်ဖြူးရာ အင်တာနက်စာမျက်နှာများကိုလည်း ပိတ်ဆို့ထားသည်။ 

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို ကြည့်ရှုလိုပါက အွန်လိုင်းလှုပ်ရှားမှုကို ခြေရာဖျောက်ရာတွင် အသုံးတည့်သည့် VPN ခေါ် သီးသန့်ကွန်ရက်ကို ထည့်သွင်းအသုံးပြုကြရသည်။

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာမှုဒဏ်ကို ပြည်သူများ ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီက လူအများ မဖြစ်မနေသုံးနေသည့် ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခနှုန်းထားများကို တိုးမြှင့်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ဖုန်းပြောခနှင့် အင်တာနက်ဈေးနှုန်းကို ဒီဇင်ဘာ ၇ မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ရာ အင်တာနက်ဈေး နှစ်ဆနီးပါး မြင့်တက်သွားသည်။ 

“အရင်ကဆိုရင် ဖုန်းဘေ တစ်ထောင်ဖြည့်ပြီးတောင် သုံးနိုင်ကြတာ။ အခုဆိုရင် ဈေးမြှင့်လိုက်တော့ သုံးစွဲတဲ့လူ လျော့ကျတယ်။ အရင်လောက် ပေါပေါလောလော မသုံးနိုင်ကြတော့ဘူး။ အချိန်ပေးပြီး မသုံးနိုင်ကြတော့ဘူး” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်မှ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button