အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့နယ် နတ်ချောင်းရွာတွင် အသတ်ခံရသူ ၁၉ ဦး၊ မီးရှို့ခံရသည့်အိမ် ၃၀ ရှိ

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများဆက်ဖြစ်နေသည့် စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့နယ် နတ်ချောင်းရွာတွင် အရပ်သား ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၃၀ ရှိသည်ဟု သိရသည်။ 

ဒီဇင်ဘာ ၂၂ ရက်မှစ၍ အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် တပ်စွဲထားခဲ့သည့် နတ်ချောင်းရွာတွင် မီးရှို့ခံရသည့်နေအိမ်များကို ယနေ့ လိုက်လံစစ်ဆေးရာ၌ အထက်ပါအတိုင်း သိရခြင်းဖြစ်သည်ဟု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူထံမှ သိရသည်။

လက်ရှိတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းနေဆဲဖြစ်ကာ နတ်ချောင်းအနီးဝန်းကျင်ရှိ ဟားခါးလေး၊ ချောင်းခွ၊ ရေစို၊ ပန်းမွန်ချောင်းရွာများမှ ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်း မရသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဒေါ်သန့်ဝေကျော်က Myanmar Now ကို ယနေ့ (ဒီဇင်ဘာ ၃၁) ပြောသည်။ 

ယနေ့ ညနေ ၇ နာရီခွဲအချိန် ရရှိသော စာရင်းများအရ နတ်ချောင်းရွာမှ သေဆုံးခဲ့သူများတွင် အသက် ၇၂ အရွယ် ဦးထူးအောင်၊ ၆၂ နှစ်အရွယ် ဦးမင်းဒင်၊ ၆၀ အရွယ် ဒေါ်ဝင်းမြင့်ရီ၊ ၅၈ နှစ်အရွယ် ဦးမောင်ကြည်၊ ၅၇ နှစ်အရွယ် ဦးဌေးမောင် စသည့် သက်ကြီးငါးဦးနှင့် အသက် ၃၀ မှ ၄၀ ဝန်းကျင်အရွယ် ရှစ်ဦးရှိကာ ကျန်သူ ခြောက်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရွာထဲကို ဝင်ပြီးတော့ ရှာနိုင်တာမလို့။ တချို့အလောင်းတွေက လမ်းပေါ်မှာ အခုဝင်တဲ့အချိန်မှာ ကောက်လို့ မရတော့လို့ လမ်းပေါ်တင် မီးရှို့လိုက်ရတယ်။ ရက်ကြာလို့” ဟု ဒေါ်သန့်ဝေကျော်က ပြောသည်။ 

သေဆုံးသူ ၁၉ ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။ Myanmar Now က ရရှိထားသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများတွင် နတ်ချောင်းကျေးရွာအတွင်း မီးလောင်ပြာကျလျက်ရှိသော အဆောက်အအုံကို တွေ့ရသည်။ 

နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ကလေး(PDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးဘဲ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာရှိ နတ်ချောင်းရွာကို ဒီဇင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံစဉ် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ PDF အဖွဲ့များက ထုတ်ပြန်ထားသည်။ 

ဒေသခံ PDF များအနေဖြင့် နယ်မြေရှင်းလင်းရေးအပိုင်းကို ဆောင်ရွက်နေဆဲဖြစ်သဖြင့် ထိခိုက်သေဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အတိအကျမသိရသေးကြောင်းလည်း ဒေါ်သန့်ဝေကျော်က ဆိုသည်။​

“လောလောဆယ် နတ်ချောင်းကို PDF က နယ်မြေရှင်းလင်းရင်းနဲ့ မီးလောင်တဲ့စာရင်း၊ အသတ်ခံရတဲ့ စာရင်းတွေကို ပြုစုရပြီ။ ကျန်တဲ့နေရာတော့ မသိရသေးဘူး။ နတ်ချောင်းမှာလည်း စစ်ဘေးရှောင် ပြည်သူတွေက ပြန်မလာနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။  

နတ်ချောင်း၊ နတ်မြောင်းကေးရွာအုပ်စုများရှိ ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်၊ စောင်၊ ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button