အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းပြီး ပထမသုံးလအတွင်း Mytel ဝင်ငွေ ဒေါ်လာ၂၅ သန်းခန့် ထိခိုက်

ဖုန်းသုံးသူများနှင့် အရောင်းဆိုင်ပိုင်ရှင်များ၏ သပိတ်မှောက်မှုကြောင့် အာဏာသိမ်းပြီး သုံးလအတွင်း သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားသည့် စစ်တပ်၏ Mytel ကုမ္ပဏီသည် ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း Justice For Myanmar အဖွဲ့က ယနေ့ (နိုဝင်ဘာ ၅) တွင် ထုတ်ပြန်သည်။ 

ထို့ပြင် Mytel Pay အရောင်းကိုယ်စားလှယ်များ နုတ်ထွက်မှုကြောင့် အာဏာမသိမ်းခင် ဇန်နဝါရီလအတွင်းက ကိုယ်စားလှယ် ၅၄,၄၃၀ ကျော်ရှိရာမှ ၆ လအကြာ ဇူလိုင်လတွင် ၃၈,၁၈၉ သာ ရှိတော့သည်ဟု Justice For Myanmar က ဆိုသည်။

Mytel ကို သပိတ်မှောက်သည့် လှုပ်ရှားမှုများတွင် ဆင်းကတ်များဖျက်ဆီးခြင်း၊ Mytel ဖုန်းနံပါတ်နှင့် ဆက်သွယ်ပြောဆိုရင် ငြင်းဆန်ခြင်း၊ အရောင်းဆိုင်ပိုင်ရှင်များက Mytel ထုတ်ကုန်များကို မရောင်းချတော့ဘဲ ဆိုင်းဘုတ်များ၊ အမှတ်အသားများကို ၎င်းတို့ဆိုင်မှ ဖယ်ရှားခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

ပေါက်ကြားလာသော သတင်းအချက်အလက်အရ Mytel ရောင်းအား၏ ၈၀ ရာခိုင်နှုန်းခန့်မှာ Mytel ထုတ်ကုန်များကို ရောင်းချနေသည့် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကဖုန်းအရောင်းဆိုင်များမှဖြစ်ကြောင်း Justice For Myanmar က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်အာဏာသိမ်းမှုကို မနှစ်သက်သဖြင့် ကျပ် ၇ သိန်းကျော်တန်ဖိုးရှိသည့် Mytel ငွေဖြည့်ကတ်နှင့် ဆင်းကတ်များကို စစ်တပ်အာဏာသိမ်းသည့် ရက်ပိုင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အရင်ကတည်းက ကျွန်တော် Mytel မသုံးဘူး။ ဒါပေမဲ့ ဆိုင်မှာဆိုတော့ မရှိလို့လည်း မရဘူးဆိုပြီးတော့ ရောင်းဖူးတယ်။ ဆင်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းဖူးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကုန်လုံး ဖျက်ဆီးပစ်လိုက်တယ်။ (အခုထိ) ရောင်းလဲမရောင်းဘူး၊ (Mytel) ဖုန်း အဝင်အထွက်တောင် ကျွန်တော်လက်မခံဘူး” ဟု ၎င်းက ဆိုသည်။

အရောင်းဆိုင်နှင့် သုံးစွဲသူအများစုမှာ အစပိုင်းတွင်သာ သပိတ်မှောက်ကြပြီး Mytel ၏ အခြားအော်ပရေတာများထက် ဈေးနှုန်းထက်ဝက်လျှော့ချသည့် အရောင်းမြှင့်တင်ရေးကြောင့် သုံးစွဲသူများရှိနေကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

သတ်မှတ်ထားသည့် အရောင်းပမာဏတစ်ခု ပြည့်မီပါက Hyundai ကားသစ်တစ်စီး ဆုချီးမြှင့်မည့် မက်လုံးအပါအဝင် အရောင်းပမာဏအလိုက် ဖုန်း၊ ပါဝါဘဏ် စသည့် ပစ္စည်းများ လက်ဆောင်ပေးသဖြင့် လက်ကားအရောင်းဆိုင်များက  ဆက်လက်ရောင်းချနေကြသည်ဟု ၎င်းက ပြောသည်။

“အကျိုးအမြတ်က များတယ်လေ၊ သူတို့နားလိုက်ရင် သူတို့စီးပွားရေး အများကြီးထိခိုက်တဲ့အတွက် လက်ကားသမားတွေကတော့ boycott မလုပ်ဘူး (သပိတ်မမှောက်ဘူး)၊ သေချာတယ်။ လက်လီသမားတွေကတော့ လုပ်တဲ့ဆိုင်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အခြားပြည်နယ်နှင့် တိုင်းများတွင် Mytel သုံးစွဲသူ မရှိသလောက် လျော့ကျသွားသော်လည်း မွန်ပြည်နယ်တွင်မူ အာဏာမသိမ်းခင်ကထက် ၃၀ ရာခိုင်နှုန်းပို၍ ရောင်းအားကောင်းလာကြောင်း မွန်ပြည်နယ်ရှိ Mytel အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

Mytel Wifi များသည် ကျေးလက်ဒေသအထိ ထိုးဖောက်နိုင်ပြီး Telenor, Ooredoo, MPT စသည့် ပြိုင်ဘက်များထက် ဈေးနှုန်းပိုသက်သာကာ လှိုင်းပိုငြိမ်သဖြင့် သုံးစွဲနေကြကြောင်း အဆိုပါ အရောင်းဝန်ထမ်းက ပြောသည်။ 

အာဏာသိမ်းပြီးနောက် ပြည်သူများ သပိတ်မှောက်သဖြင့် ရောင်းအားကျလာချိန်တွင် Mytel Pay ဖြင့် အင်တာနက်ဒေတာများဝယ်ယူခြင်း၊ ဖုန်းဘေဖြည့်ခြင်းတို့တွင်လည်း ဈေးနှုန်းထက်ဝက်လျှော့ပေးလာကြောင်း ၎င်းက ဆက်ပြောသည်။

မတ်လ ၁၅ ရက်တွင် စစ်ကောင်စီက မိုဘိုင်းအင်တာနက် အသုံးပြုမှုများကို စတင်ပိတ်ဆို့ချိန်တွင် မွန်ပြည်နယ်၌ Mytel Wifi အသုံးပြုမှု နှစ်ဆအထိ တိုးလာခဲ့ကြောင်း အထက်ပါဝန်ထမ်းက ဆိုသည်။

အခြားကွန်ရက်အသုံးပြုသူများ ဆက်သွယ်ရေးပြတ်တောက် အမှောင်ကျနေစဉ် Mytel သုံးစွဲသူများအတွက် အင်တာနက်ဆက်လက်ရရှိနေစေသည့် စစ်တပ်၏ အင်တာနက်ပိတ်ဆို့မှုအမိန့်များကို ကွက်ကျားမိုး သက်ရောက်စေခြင်းဖြင့် သုံးစွဲသူများလာစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု Justice For Myanmar က ဝေဖန်သည်။

Mytel သည် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ကုစားရာတွင် ဈေးကွက်ပျက်စေမည့် ဈေးဖျက်ရောင်းချခြင်း၊ ဆက်သွယ်ရေးဥပဒေများ ချိုးဖောက်ခြင်း၊ ၎င်းတို့၏ ဝန်ထမ်းများကို ထိခိုက်စေခြင်းအပါအဝင် အကုန်အကျများပြီး တရားမဝင်သည့် မဟာဗျူဟာများ အသုံးပြုခဲ့ကြောင်း Justice For Myanmar က ဆိုသည်။

မတရားမှုများကို ထုတ်ဖော်တတ်သော Distributed Denial of Secrets အင်တာနက်စာမျက်နှာက ဖွင့်ချခဲ့သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရွက်စာတမ်းများကို Justice For Myanmar က လေ့လာသုံးသပ်ထားချက်အရ လာမည့်ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်က Mytel ထံမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၀၀ ကျော် ရရှိရန် ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

Mytel ပိုင်ဆိုင်မှု၏ ၂၈ ရာခိုင်နှုန်းကို စစ်တပ်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ လက်အောက်ခံ Star High ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး  ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment က ပိုင်ဆိုင်ထားသည်။ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding က ပိုင်ဆိုင်ထားသည်။ 

Mytel ၏ ဆုံးရှုံးမှုတွင် စစ်တပ်ခေါင်းဆောင်ပိုင်းတို့လည်း အမြောက်အမြားနစ်နာဆုံးရှုံးကြမည်ဖြစ်ကြောင်း Justice For Myanmar က ဆိုသည်။ 

အရောင်းဆိုင်များအပါအဝင် သုံးစွဲသူများအနေဖြင့် Mytel ထုတ်ကုန်များကို ဆက်လက်သပိတ်မှောက်ကြစေလိုကြောင်း မော်လမြိုင်မြို့ရှိ အထက်ပါ ဖုန်းအရောင်းဆိုင်ပိုင်ရှင်က တောင်းဆိုသည်။

“ကိုယ့်အကျိုးစီးပွား ကိုယ်ကြည့်လို့မရဘူးလေ။ တစ်နိုင်ငံလုံး အခက်အခဲဖြစ်နေ၊ ဒုက္ခရောက်နေတယ်။ ကျည်ဆန်ဖိုးပေးနေတာကို သိသိကြီးနဲ့ ဘယ်လိုမှ လုပ်စရာမလိုဘူး၊ ဘယ်လောက်ရရ။ ကျွန်တော်ကတော့ ကန့်ကွက်မှာ။ ကျွန်တော်ကတော့ မလုပ်ဘူး။ မလုပ်စေချင်ဘူး ဘယ်သူ့ကိုမှ” ဟု ၎င်းက ပြောလိုက်သည်။

Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Mytel က တုံ့ပြန်ခြင်း မရှိသေးပေ။ 

ဤအတောအတွင်း Mytel တယ်လီဖုန်း တာဝါတိုင်များသည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံသည့် PDF ခေါ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များ၏ ပစ်မှတ်ဖြစ်လာသည်။ တိုင်အများအပြား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက်တွင် စစ်တပ်က Mytel အင်ဂျင်နီယာများကို ခေါ်ယူပြီး ပင်မတာဝါတိုင်များအနီးတွင် မိုင်းထောင်သည့်နည်းဖြင့် လုံခြုံအောင် ကာကွယ်နေကြသည်။

တာဝါတိုင်အနီး မိုင်းပေါက်ကွဲသည့်သတင်းများ ထွက်ပေါ်နေသော်လည်း ထိခိုက်ဒဏ်ရာရ သေဆုံးသူများထဲတွင် PDF များ မပါဝင်သေးပေ။

Mytel ကုမ္ပဏီ၏ အကြီးအကဲဖြစ်သော စစ်အရာရှိဟောင်း ဦးသိန်းအောင်သည် ယမန်နေ့ (နိုဝင်ဘာ ၄) နံနက်ပိုင်းက ၎င်း၏ ရန်ကုန်မြို့နေအိမ်အနီး ပစ်သတ်ခံရသည်။

အချင်းချင်းလုပ်ကြံမှုဖြစ်နိုင်သည်ဟု သုံးသပ်သူများရှိသော်လည်း အာဏာသိမ်းမှုထောက်ခံကြောင်း အင်တာနက်လူမှုကွန်ရက်တွင် ရေးသားသူတို့ကမူ PDF တို့၏ လက်ချက်ဖြစ်သည်ဟု သတင်းဖြန့်နေကြသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles