အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင် ၄ မြို့နယ် ဗုံးကြဲမှု မွေးကင်းစကလေးအပါအဝင် လူတစ်ဒါဇင် သေဆုံး

AA ထိန်းချုပ်မြို့နယ်များနှင့် တိုက်ပွဲဖြစ်နေသော ကျောက်ဖြူမြို့နယ်အတွင်းကိုပါ လေယာဉ်များက တစ်ရက်အတွင်း ဗုံးကြဲခဲ့၍ ဆေးခန်းရှိ မွေးကင်းစကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် ဝီရဌာနီ (ပေါက်တော) စသည့် မြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က ယမန်နေ့(နိုဝင်ဘာလ ၁ ရက်)အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိသွားကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်သည်။

ယမန်နေ့ နံနက်အရုဏ်တက်ချိန်၌ ပေါက်တောမြို့နယ်တွင် ဗုံးကြဲခဲ့ပြီးနောက်  ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ကျောက်တော်၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်တို့အတွင်း တိုက်လေယာဉ်များက တဆက်တည်းဗုံးကြဲခဲ့ခြင်း ဖြစ်သည်။  

ကျောက်တော်မြို့နယ် ဝါးတောင်နှင့် ပန်းဖဲချောင်းရွာအကြားရှိ ယိုးချောင်းတံတားကို ညနေ ၅ နာရီခွဲခန့်၌ ဗုံးကြဲခဲ့သောကြောင့် လမ်းသွားလမ်းလာ ခုနစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိသွားသည်။ 

တချိန်တည်းမှာပင် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်းတစ်ခုကိုလည်း ဗုံးကြဲခံရပြီး မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိသည်၊ ဆေးဝန်ထမ်း အချို့လည်း ဒဏ်ရာရရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြောက်ဦးမြို့ပေါ်ကို တိုက်လေယာဥ်နှစ်စီးပျံဝဲလာပြီး သုံးစက္ကန့်ခန့်အကြာတွင် ဗုံးကြဲခံရ၍ လူထိခိုက် သေဆုံးမှုရှိခဲ့ကြောင်း၊ ဗုံးကြဲပြီးနောက် လူအများပြေးလွှားကာ အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြောင်း ဗုံးကျရာဆေးခန်းအနီးရှိ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မက လမ်းလျှောက်ထွက်နေတုန်း လေယာဥ်သံကြားတော့ ကြဲမယ်လို့ စိတ်ကထင်တာနဲ့ မြောင်းနားကို ပြေးလိုက်တာ။ မြောင်းထဲရောက်တာနဲ့ (ဗုံး) တန်းချတာပဲ ”ဟု ၎င်းက ဆိုသည်။

မြောက်ဦးနှင့်ကျောက်တော်ကိုသာမက ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ယမန်နေ့ ညနေ ၅ နာရီခန့်က တိုက်လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သောကြောင့် အမျိုးသမီး ငါးဦးနှင့်အမျိုးသား ခြောက်ဦး ဒဏ်ရာ ရရှိသွားသည်။

ထို့ပြင် ထိုနေ့ နံနက် ၄ နာရီခန့် ကလည်း ပေါက်တော (ဝီရဌာနီ) မြို့နှင့် အနီးရှိ ရွာချောင်းကြီးကျေးရွာကို ဗုံးကြဲခဲ့သောကြောင့် အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦးဒဏ်ရာရရှိသွားသည်။

ယိုးချောင်းတံတားသည် စစ်တွေ- ရန်ကုန်ကားလမ်းမပေါ်တွင်ရှိသည့် အချက်အချာကျသော တံတားဖြစ်ပြီး ဗုံးကြဲခံရသောကြောင့် ပြည်သူများသွားလာရေး ခက်ခဲစေသည်ဟု ရခိုင်ဒေသအခြေစိုက် လူမှုကူညီရေးသမား စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“နောက်တစ်ဖက်မှာတော့ ကလေးတွေ မွေးဖွားတဲ့အဆောင်(ဆေးခန်း) ပစ်ခတ်ခံရတယ်အတွက်ကြောင့် ကိုယ်ဝန်ဆောင်တွေ၊ ကလေး မွေးဖွားမဲ့သူတွေအတွက် တော်တော်လေးအခက်အခဲဖြစ်သွားတယ်။ နဂိုကတည်းကပင်လည်း ဆေးဝါးရရှိဖို့အတွက် ခက်ခက်ခဲခဲလည်ပတ်နေတဲ့ ဒေသဖြစ်တာကြောင့် ပိုပြီး ခက်ခဲမှုကို ဖြစ်စေတယ် ”ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် ပြည်သူလူထုရှိနေသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲ တိုက်ခိုက်လေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယမန်နေ့ (နိုဝင်ဘာလ ၁ရက်) က ဗုံးကြဲမှုကြောင့်ပျက်စီးသွားသည့် ကျောက်တော်မြို့နယ် ယိုးချောင်းတံတား။ (ဓာတ်ပုံ-AA)

လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့်AA တို့သည် စစ်တွေမြို့ပတ်ဝန်းကျင်၊ ပေါက်တောမြို့နယ် ငပြီကျွန်း၊ ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။ 

AA ဘက်ကမူ အောက်တိုဘာလ ၂၆ ရက်က စစ်တွေမြစ်တွင် စစ်သင်္ဘောသုံးစီးကို တိုက်ခိုက်ခဲ့ကြောင်း နှစ်စီးနှစ်မြှုပ်ခဲ့ကြောင်း  AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောထားသည်။ ထို့အပြင် အမ်း- ပဒါန်း လမ်းပေါ်ရှိ မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းတွင် ခဲယမ်းနှင့်ရိက္ခာလာချသော စစ်တပ်၏ ပါရာမော်တာတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း AA က အောက်တိုဘာလ ၃၀ ရက်က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင် နယ်မြေ အများစုကို လက်လွှတ်ထားရသည့် စစ်တပ်က ယခုနှစ်ဆန်းမှစတင်၍ ရခိုင်အပါအဝင် နိုင်ငံအနှံ့အပြား လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်လာခဲ့ပြီး ယခုနှစ် ဩဂုတ်လ အတွင်း ရခိုင်တောင်ပိုင်းကို ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ 

ထို့နောက် စစ်တပ်သည် စစ်တွေမြို့ကို အခြေပြုကာ စက်တင်ဘာလဆန်းမှစတင်၍ AA ထိန်းချုပ်သည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သလို  ပေါက်တောနယ်ဘက်ကိုလည်း ခြေကုပ်ရယူရန် ကြိုးစားခဲ့သည်။ ထိုအတောအတွင်း ရခိုင်ဒေသအနှံ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့နယ် အိန္ဒိယဈေး ဗုံးကြဲခံရမှုတွင် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

Myanmar Now ၏ စာရင်းများအရ စက်တင်ဘာလ ၁ မှ အောက်တိုဘာလ ၂၄ ရက်အထိ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော ၊ ဂွ၊ သံတွဲ၊ တောင်ကုတ် စသည့် မြို့နယ်များတွင် လေကြောင်း တိုက်ခိုက်မှုကြောင့်  ၈၇ ဦးသေဆုံးပြီး  ၁၃၈ ဦး ဒဏ်ရာရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ   စက်လှေဆိပ်တစ်ခုကိုလည်း  နှစ်ရက် ဗုံးကြဲခံရပြီး ကိုးဦး သေဆုံး၊ ဒဏ်ရာရသူ  ငါးဦး ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားပစ်မှတ်များအား ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချကြောင်း၊ အငတ်ဘေးကြုံနေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးရန်နှင့် လေယာဉ်မပျံသန်းရဇုန် (No-Fly Zone) သတ်မှတ်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့ ၇၀ က  အောက်တိုဘာလ ၃၀ ရက်တွင်  သဘောထား ထုတ်ပြန်ခဲ့သည်။ 

စစ်ရေးသုတေသနအဖွဲ့ဖြစ်သော မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၅ ခု၊ အကြိမ်ရေ ၆၅၀ ကြိမ် ရှိခဲ့ပြီး ဩဂုတ်လထက် သိသိသာသာ မြင့်တက်လာသည်ဟု အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။  စစ်တပ်၏ “စစ်ဆင်ရေးပစ်မှတ်” နှင့် “အရပ်ဘက်နေရာ” ဦးတည်တိုက်ခိုက်မှုမှာ ဒေသအလိုက် ကွဲပြားနေပြီး ရခိုင်ဒေသတွင် အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

MDSI စစ်ရေးသုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်တပ်အနေဖြင့် ငပြီကျွန်း ထိုးစစ်ဆင်မှုမှာ ကနဦး ထိုးစစ်ဆင်မှုဖြစ်ပြီး လာမည့်ပွင့်လင်းရာသီတွင် ရခိုင်ဒေသ၌ စစ်မီးပိုမိုတောက်လောင်လာနိုင်ဖွယ် ရှိကြောင်း အောက်တိုဘာလ တတိယပတ်က Myanmar Now ကို ပြောထားသည်။ 

“ ရခိုင်မှာတော့ စစ်တပ်ရဲ့ ဦးစားပေးရည်မှန်းချက်က အာရက္ခတပ်တော် (AA) ကို ချေမှုန်းရေးနဲ့ ရခိုင်ပြည်ကို ပြည်လည်စိုးမိုးသိမ်းပိုက်ရရှိရေးဟာ စစ်တပ်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ဒါကြောင့် ရခိုင်ပြည်မှာ ကနဦးထိုးစစ်ဆင်နေတာ ဖြစ်တယ်။ ပွင့်လင်းရာသီမှာ အင်အားအလုံးအရင်းနဲ့ ကြည်း၊ ရေ၊ လေ တိုးမြှင့်ဖော်ဆောင်မှုတွေ ရှိလာနိုင်တယ်”ဟု ကိုနောင်ရိုးက ပြောသည်။  

MDSI သည် ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်မှစတင်၍  CDM စစ်သားများနှင့် စုဖွဲ့ထားသည့် စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြုအဖွဲ့ ဖြစ်သည်။

ရခိုင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ စစ်တပ်က ယနေ့အထိ တစုံတရာ ထုတ်ပြန်ခြင်း မပြုသေးပေ။

မြောက်ဦးမြို့ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီဆေးကုခန်း ဗုံးကြဲခံရပြီး သေဆုံးသူများ၏ နာရေး ယနေ့ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ညီထွေး)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles