အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်လာသည့် မြန်မာ့အကြီးစားမူးယစ်စီးပွားရေး

စျေးပေါ၊ ပစ္စည်းပေါ၊ ဝယ်ရလွယ်ကူလာသော မူးယစ်ဆေးမျိုးစုံမှာ အဖွဲ့အချို့၏ အကာအကွယ်ဖြင့်ထုတ်လုပ်နေခြင်းဖြစ်ပြီး အာရှနှင့် ကမ္ဘာအနှံ့ ဆက်လက် စီးဆင်းနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်ရာနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာသည်။ တချိန်တည်းမှာပင် တရားမဝင် ဓာတုစိတ်ကြွဆေး ထုတ်လုပ်၊ ဖြန့်ချိရောင်းချမှုကလည်း အကြီးစားစက်မှုလုပ်ငန်းသဖွယ် ကြီးထွားလာပြီး ဒေသတွင်း အဓိကဗဟိုချက်တခု ဖြစ်လာနေသည်။

ရန်ကုန်မြို့မှ အမည်မဖော်လိုသူ အသက် ၅၀ အရွယ် အမျိုးသားတဦးက ဈေးပေါသော ‘ယာဘ’ ခေါ် စိတ်ကြွဆေးပြားများကို ယခုအခါ “နေရာတိုင်းလိုလိုမှာ” အလွယ်တကူ၊ အလွန်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနေပြီဟု ပြောသည်။ လတ်တလော ရှမ်းပြည်နယ်ခရီးစဉ်အတွင်း အသေးစား စက်ပစ္စည်းများဖြင့် လူနေအိမ်များထဲတွင်ပင် စိတ်ကြွဆေးပြားများ ရိုက်နှိပ်ထုတ်လုပ်နေသည်ကို ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက အလားတူ အခြေအနေကို အစီရင်ခံတင်ပြခဲ့ပြီး ထုတ်လုပ်မှုနည်းပညာများ ပိုမိုရရှိလာသည်နှင့်အမျှ အသေးစား ဆေးပြားရိုက်စက်များဖြင့် ‘နေရာမရွေး’ ထုတ်လုပ်လာနိုင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လူအများကြား လမ်းမများပေါ်အထိ မူးယစ်ဆေး အလွယ်တကူ လက်လှမ်းမီလာသည့် နောက်ကွယ်တွင် မြန်မာ့ တရားမဝင် မူးယစ်ဆေးစီးပွားရေး၏ ပုံစံတခုလုံးမှာလည်း ပြောင်းလဲလာနေသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို လေ့လာသည့် GI-TOC အဖွဲ့မှ အရှေ့တောင်အာရှရေးရာ ညှိနှိုင်းရေးမှူး အလန်စတဲယား မက်ဘက်သ် (Alastair MacBeath) က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မက်သာဖက်တမင်းကဲ့သို့ ဓာတုစိတ်ကြွဆေး အဓိကထုတ်လုပ်သည့် နိုင်ငံတခုဖြစ်ကြောင်း ပြောသည်။

“မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဓာတုစိတ်ကြွဆေး အများဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တခုဖြစ်ပြီး၊ အကြီးဆုံးလို့တောင် ပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ ၎င်းက ဤမူးယစ်ဈေးကွက်ကို “ကြီးမားလှတဲ့ ဓနဥစ္စာဖန်တီးပေးနေတဲ့ အရင်းအမြစ်တခု” အဖြစ် ဖော်ပြခဲ့ပြီး “အုပ်ချုပ်ရေးယန္တရားတွေထဲအထိ အပြည့်အဝ စိမ့်ဝင်ပေါင်းစပ်နေပြီ” ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စက်မှုလုပ်ငန်းအဆင့် စိတ်ကြွဆေး

ဒေသတွင်း မက်သာဖက်တမင်း ဖမ်းဆီးရမိမှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၄၉ တန်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တနှစ်အတွင်း ၄၈ ရာခိုင်နှုန်း တိုးလာကာ လွန်ခဲ့သည့် ဆယ်စုနှစ်က ဖမ်းဆီးရမိမှုထက် ငါးဆကျော် ပိုများလာသည်။ ဈေးနှုန်း အပြောင်းအလဲများကလည်း ရောင်းလိုအား အလွန်ပေါများနေကြောင်း ညွှန်ပြနေသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒေသတွင်းမှာ ‘အိုက်စ်’ (Crystal-meth) မူးယစ်ဆေးဝါး စျေးအပေါဆုံး ဖြစ်နေပြီး  တဂရမ်လျှင် ခြောက်ဒေါ်လာခန့်သာ ရှိတော့ကြောင်း သိရသည်။

‘ဝ’ ဒေသအပါအဝင် မြန်မာနိုင်ငံ မူးယစ်လုပ်ငန်းများအကြောင်း ကိုယ်တိုင်ကွင်းဆင်း သုတေသနပြုကာ ‘Narcotopia’ စာအုပ် ရေးသားခဲ့သူ ပက်ထရစ် ဝင်း (Patrick Winn) က  မူးယစ်လုပ်ငန်းမှာ စီးပွားရေးအရ တွက်ခြေကိုက်သောကြောင့် ဓာတုမူးယစ်ဆေးဘက်သို့ အလေးသာသွားခြင်းဖြစ်ကြောင်း ဆိုသည်။

 “ဂြိုဟ်တုကနေ ကြည့်ရင် မက်သာဖက်တမင်းဓာတ်ခွဲခန်းတခုဟာ စပါးကျီ၊ စာသင်ကျောင်း ဒါမှမဟုတ် တခြားအဆောက်အအုံတခုခုလိုပဲ မြင်ရနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

“ဓာတုမူးယစ်ဆေးတွေ၊ အထူးသဖြင့် မက်သာဖက်တမင်းဟာ မြန်မာနိုင်ငံနဲ့ အာရှတလွှားက မူးယစ်ဆေးစီးပွားရေးရဲ့ အဓိက မဏ္ဍိုင် ဖြစ်လာပါတယ်။”

ဓာတုပစ္စည်းများနှင့် ‘မြေရှင်’ များ

ဤလုပ်ငန်းသည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဓာတုပစ္စည်းများအပေါ် မှီခိုနေရသည်။ မက်သာဖက်တမင်း ထုတ်လုပ်သူများသည် တင်းကျပ်စွာ ထိန်းချုပ်ထားသည့် အက်ဖီဒရင်း (ephedrine) နှင့် ဆူဒိုအက်ဖီဒရင်း (pseudoephedrine) တို့အစား ဓာတုအဆင့်ဆင့် ပြောင်းလဲပြီး မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် pre-precursor ဓာတုပစ္စည်းများဘက်သို့ ပြောင်းလဲအသုံးပြုလာကြောင်း မက်ဘက်သ်က ပြောသည်။ အဆိုပါ ဓာတုပစ္စည်းအများအပြားကို တရားဝင် စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုကြသည်။

တရုတ် အစိုးရပိုင်းက ဓာတုပစ္စည်းများ မှောင်ခိုသွင်းရာတွင် ပါဝင်ပတ်သက်နေသည့် အထောက်အထားမျိုး မတွေ့ရသော်လည်း တရုတ်နိုင်ငံက စီးပွားဖြစ် ထောက်ပံ့လာသည့် ဓာတုပစ္စည်းများသည် မူးယစ်ဆေးထုတ်လုပ်မှုအတွက် မရှိမဖြစ် အရေးပါကြောင်း ပက်ထရစ်ဝင်းက ဆိုသည်။ 

“ရှင်းရှင်းပြောရရင်၊ တရုတ်နိုင်ငံရဲ့ ဧရာမ ဆေးဝါးစက်မှုလုပ်ငန်းကနေ ဓာတုပစ္စည်းတွေသာ ဝင်မလာဘူးဆိုရင် မြန်မာနိုင်ငံက မူးယစ်ဆေးစီးပွားရေးဟာ လအနည်းငယ်အတွင်းမှာပဲ လုံးဝ ရပ်တန့်သွားပါလိမ့်မယ်။ ဒီဓာတုပစ္စည်းတွေအပေါ် လုံးလုံးလျားလျား မှီခိုနေရတာပါ” ဟု ၎င်းက ဆိုသည်။

ဘေဂျင်းအစိုးရသည် ၂၀၂၄ ခုနှစ်တွင် မြန်မာ၊ လာအိုနှင့် အာဖဂန်နစ္စတန်တို့သို့ တင်ပို့မည့် နောက်ထပ် ဓာတုပစ္စည်းများအပေါ် လိုင်စင်ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ မြန်မာ့ ဓာတုမူးယစ် လုပ်ငန်းအတွက် နောက်ထပ် အရင်းအမြစ်တခုမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ဆေးဝါးသုံး ဓာတုပစ္စည်းများသည်   ချင်းပြည်နယ်မှတဆင့် ရှမ်းပြည်နယ်သို့ လမ်းကြောင်းပြောင်း ဝင်ရောက်နေကြောင်း မက်ဘက်သ်က ရှင်းပြသည်။ အိန္ဒိယ- မြန်မာ နယ်စပ်တလျှောက် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှု တိုးလာကြောင်းကိုလည်း UNODC က မှတ်တမ်းတင်ထားသည်။

ရှမ်းပြည်နယ် အချို့ဒေသများတွင် ‘မြေရှင်’ (Landlord) စနစ်ပုံစံမျိုး ကျင့်သုံးနေကြောင်း မက်ဘက်သ်နှင့် ပက်ထရစ်ဝင်း နှစ်ဦးလုံးက ထောက်ပြကြသည်။ ကျွမ်းကျင်မှုရှိသော ရာဇဝတ်ဂိုဏ်းများက ဓာတုဓာတ်ခွဲခန်းများကို လည်ပတ်ကြပြီး၊ နယ်မြေခံ အာဏာပိုင်များက အခွန် သို့မဟုတ် ငှားရမ်းခယူကာ နယ်မြေနှင့် အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ 

“နယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ဟာ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်လုပ်နေတဲ့ အဓိကအင်အားစု မဟုတ်ပါဘူး” ဟု ပက်ထရစ်ဝင်းက ဆိုသည်။

 “တကယ်တမ်း သူတို့လုပ်နေတာက မြေရှင်သဘောဆောင်ပါတယ်။”

စစ်တပ်၏ အခန်းကဏ္ဍမှာမူ သွယ်ဝိုက်ဆက်စပ်မှုရှိကြောင်း မက်ဘက်သ်က ရှင်းပြသည်။ စစ်တပ်ထိန်းချုပ်ထားသော စစ်ဆေးရေးဂိတ်များကို မူးယစ်ဆေးများ  ဖြတ်သန်းသွားရာမှ ဝင်ငွေရရှိနေခြင်း၊ စစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားအတွင်းရှိ လူအချို့က မူးယစ်ဆေးထုတ်လုပ်ရာတွင် လိုအပ်သည့် ဓာတုပစ္စည်းများ ဝင်ရောက်ရရှိနိုင်ရေး ကူညီပံ့ပိုးပေးနေဖွယ်ရှိခြင်းကို ၎င်းက ထောက်ပြသည်။ 

“သူတို့ ပတ်သက်နေတာ သေချာပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံ ပတ်သက်နေလဲဆိုတာကတော့ တော်တော်လေး ရှုပ်ထွေးပါတယ်။ စစ်တပ်ယန္တရားထဲက လူတွေကပဲ အကျိုးအမြတ် ခံစားနေကြတာပါ” ဟု ၎င်းက ပြောသော်လည်း ခိုင်လုံသော အထောက်အထားပြရန်မူ ခက်ခဲကြောင်း သတိပေးသည်။

ပြည်သူ့စစ်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်အချို့ အတွက်မူ စစ်တပ်ကို သစ္စာခံနေသရွေ့ တရားမဝင်စီးပွားရေးလုပ်ငန်းများမှတဆင့် ရန်ပုံငွေရှာခွင့် ကာလကြာရှည်စွာ ပေးထားကြောင်း ပက်ထရစ်ဝင်းက ဆိုသည်။ မြန်မာနိုင်ငံအတွင်း စက်မှုလုပ်ငန်းအဆင့် မူးယစ်ဆေးဓာတ်ခွဲခန်းများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း                များသည် ယှဉ်တွဲလည်ပတ်နေပြီး၊ အကာအကွယ်ပေးမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ငွေကြေးကွန်ရက်များကို မျှဝေသုံးစွဲနေကြကြောင်း UNODC ကလည်း ဖော်ထုတ်တွေ့ရှိထားသည်။

အာရှတလွှား ပျံ့နှံ့နေသည့် မြန်မာ့မူးယစ်ဆေး

မြန်မာနိုင်ငံမှ ထွက်လာသည့် မူးယစ်ဆေးများသည် ထိုင်းနှင့် လာအို၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ၊ ထို့အပြင် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှတဆင့် ဖြတ်သန်းသွားကြသည်။ မက်သာဖက်တမင်းဈေးနှုန်း “အဆမတန်” မြင့်သည့် ဩစတြေးလျနှင့် နယူးဇီလန်သည် အမြတ်အစွန်းအများဆုံး ရနိုင်သည့် အဓိကဈေးကွက်များ ဖြစ်ကြောင်း မက်ဘက်သ်က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်သည် ဈေးပေါသော ‘ယာဘ’ များအတွက် အရေးပါသော ဈေးကွက်တခု ဖြစ်လာကြောင်း ပက်ထရစ် ဝင်းက ပြောသည်။

အာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကြိုးပမ်းမှုများကိုလည်း အသားပေး သတင်းထုတ်ပြန်လေ့ရှိသည်။ ဇွန်လအတွင်းက မြန်မာအာဏာပိုင်များသည် ဖမ်းဆီးရမိသည့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပြခဲ့သည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် သြဇာကြီးမားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကမူ ၂၀၀၅ ခုနှစ်ကတည်းက ၎င်းတို့ထုတ်ပြန်ခဲ့သော မူးယစ်ဆေးဝါး တားမြစ်ချက်ကို ကိုးကားပြပြီး ၎င်းတို့နယ်မြေသည် မူးယစ်ဆေးကင်းစင်ကြောင်း ဖော်ပြလေ့ရှိသည်။ ဤဆောင်းပါးတွင် ဖော်ပြထားသည့် ‘ဝ’ ထိန်းချုပ်နယ်မြေများတွင် အကာအကွယ်ပေးမှု ပုံစံများရှိနေသည်ဟူသော ကျွမ်းကျင်သူတို့၏ သုံးသပ်ချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို မေးမြန်းခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိပေ။

စက်တင်ဘာလတွင် အမေရိကန်အစိုးရက ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အဓိက မူးယစ်ဆေးဝါး ဖြတ်သန်းရာ သို့မဟုတ် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နိုင်ငံ ၂၃ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းခဲ့ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် “သိသိသာသာ ပျက်ကွက်ခဲ့သည့်” နိုင်ငံ လေးနိုင်ငံအနက် တနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။

အာဏာသိမ်းမှုက ဘာများပြောင်းလဲသွားစေသနည်း

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းအဆင့် စိတ်ကြွဆေး မက်သ် ကုန်သွယ်မှုသည် ၂၀၂၁ စစ်အာဏာမသိမ်းမီကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။ GI-TOC ၏ ၂၀၂၆ ခုနှစ် လေ့လာချက်တခုအရ အာဏာသိမ်းပြီးနောက်ပိုင်း ရုတ်တရက် ထုတ်လုပ်မှု မြင့်တက်လာခြင်းမျိုးထက်၊ ဓာတုထုတ်လုပ်နည်းများ၊ လုပ်ငန်းစီမံခန့်ခွဲပုံနှင့် မှောင်ခိုပို့ဆောင်ရေးကွန်ရက်များ ပိုမိုကျွမ်းကျင်လာခြင်းကြောင့် အာဏာမသိမ်းမီနှင့် သိမ်းပြီးနောက်ပိုင်းပါ ရေရှည် မြင့်တက်လာသည့် လမ်းကြောင်းတခုကို တွေ့ရှိခဲ့ရသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဓာတုမူးယစ်ဆေး ထုတ်လုပ်မှုနှင့် ဈေးကွက် အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းနှင့်အတူ ဘိန်းထုတ်လုပ်မှုကလည်း တကျော့ပြန် ခေါင်းထောင်လာခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ဟက်တာ ၅၃,၁၀၀ အထိ ရောက်ရှိလာကာ ဆယ်စုနှစ်တခုအတွင်း အမြင့်ဆုံးဖြစ်လာကြောင်း UNODC က ခန့်မှန်းထားပြီး၊ ၎င်း၏ ၈၈ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်မှ ဖြစ်သည်။ ဘိန်းထွက်ရှိမှုမှာ တန်ချိန် ၁,၀၁၀ ခန့်အထိ ရောက်ရှိလာပြီး၊ ဘိန်းစီးပွားရေး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံအထိ ရှိလာခဲ့သည်။ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ဆိုးရွားလာခြင်းကြောင့် မိသားစုများစွာသည် ရရှိနိုင်သမျှ “အမြတ်အစွန်းအများဆုံး သီးနှံ” ဘက်သို့ လှည့်လာကြခြင်းဖြစ်သည်ဟု ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်းကို ပက်ထရစ်ဝင်းက ချိတ်ဆက် သုံးသပ်ပြသည်။

မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ကြီးနားမြို့ရှိ ဘိန်းဖြူသုံးစွဲခဲ့ဖူးသူတဦးက ၎င်းကျောင်းသားဘဝက  ဘိန်းဖြူတပုလင်းလျှင် ကျပ် ၅၀,၀၀၀ ပေးရပြီး ယခုအခါ ကျပ် ၁၀,၀၀၀ ခန့် (ဒေါ်လာငွေလဲနှုန်း ၄,၀၀၀ ကျပ်ဖြင့် တွက်လျှင် ၂ ဒသမ ၅၀ ဒေါ်လာခန့်) သာ ပေးရတော့ကြောင်း၊  ထိုစျေးနှုန်းမှာ ဓာတ်ဆီတလီတာဖိုးထက်ပင် နည်းနေသေးကြောင်း ပြောသည်။

 “မြန်မာနိုင်ငံမှာ ဈေးနှုန်း ဒီလောက်အထိ ထိုးကျသွားတာ မူးယစ်ဆေးကလွဲလို့ တခြား ဘာမှမရှိဘူး” ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဖြတ်ရန် လာရောက်သူများကို ဆေးစစ်ရာတွင် HIV ပိုးတွေ့ရှိမှုနှုန်းသည် ယခင်က ၁၀ ဦးလျှင် ၁ ဦးခန့်သာရှိရာမှ ယခုအခါ ၂ ဦးလျှင် ၁ ဦးအထိ မြင့်တက်လာကြောင်း ကူညီကယ်ဆယ်ရေးလုပ်သား တဦးက ပြောသည်။ (သို့သော် ယင်း ကိန်းဂဏန်းမှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ခန့်မှန်းချက်တော့ မဟုတ်ပေ)။ အခြားသူတဦးကမူ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် ပါတီပွဲများအတွက် သီးသန့် ‘High Rooms’ ခေါ် မူးယစ်ခန်းများ စီစဉ်ထားခြင်းမှာ ပုံမှန်ကိစ္စတရပ်လို ဖြစ်လာနေပြီဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေချိန် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်မူ စစ်တပ်အာဏာပိုင်များက အခြေခံကုန်စည်များကို ကန့်သတ်ထားပြီး ရပ်ကွက်တိုင်းလိုလိုတွင် ရဲကင်းများ ရှိနေသော်လည်း မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုကိုမူ ထိထိရောက်ရောက် အရေးယူခြင်း မရှိဟု မြို့ခံ အမျိုးသားက ဆက်ပြောသည်။

“ဘိလပ်မြေ ဒါမှမဟုတ် ဆီသယ်တဲ့သူတွေ ဖမ်းဆီးခံရပေမယ့်၊ မူးယစ်ဆေးရောင်းတဲ့သူ ဒါမှမဟုတ် သယ်တဲ့သူ တယောက်မှ အဖမ်းမခံရဘူး။ အာဏာပိုင်တွေက မျက်ကွယ်ပြုမထားဘဲ ဒီမူးယစ်ဆေးတွေ သယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။”

မက်ဘက်သ်၏ အဆိုအရ တရားမဝင် စီးပွားရေးလုပ်ငန်းများသည် “နိုင်ငံရေး၊ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းတွေထဲကို အများကြီး စိမ့်ဝင်ပေါင်းစပ်နေပြီ” ဖြစ်ပြီး ယခင်ဆယ်စုနှစ်များစွာကတည်းက ရှိခဲ့သော “အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ် (ceasefire capitalism)” တွင် အမြစ်တွယ်နေကြောင်း ထောက်ပြသည်။ အနာဂတ်တွင် ဖော်ဆောင်မည့် မည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မဆို ဤပြဿနာများကို ရင်ဆိုင်ဖြေရှင်းရလိမ့်မည်ဟု ၎င်းက သုံးသပ်သည်။

ဓာတုမူးယစ်ဆေးဝါးများကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူလာလိမ့်မည်ဟုလည်း ၎င်းက မမျှော်လင့်ပေ။ “သီးနှံအခြေခံတဲ့ ဘိန်းနဲ့ ကိုကင်းတွေလို မဟုတ်ဘဲ၊ ဓာတုမူးယစ်ဆေးတွေကို နေရာမရွေး ထုတ်လုပ်နိုင်ပြီး ဘာနဲ့မဆို ပေါင်းစပ်နိုင်ပါတယ်” ဟု မက်ဘက်သ်က ပြောသည်။ 

ထို့ကြောင့် ဖမ်းဆီးရုံသက်သက်ထက် ပိုမိုသော တုံ့ပြန်မှုများ လိုအပ်ကြောင်း၊ ဓာတုပစ္စည်းများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ခြင်း၊ တရားမဝင် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ခရစ်ပတိုငွေကြေး ပလက်ဖောင်းများကို အရေးယူခြင်း၊ အမြဲပြောင်းလဲနေသည့် မူးယစ်ဆေး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိုမိုကောင်းမွန်စွာ ခြေရာခံခြင်းတို့ လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

“မြန်မာနိုင်ငံမှာ အခြေတည်တဲ့ ငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးတွေ၊ လူကုန်ကူးမှုတွေ စတဲ့ ခြိမ်းခြောက်မှုတွေက ကမ္ဘာတဝန်းလုံးကို ပျံ့နှံ့နေပါတယ်” ဟု ၎င်းက ဆိုသည်။ ဤကိစ္စကို တုံ့ပြန်ရန် မူဝါဒပိုင်းဆိုင်ရာတွင် “အခြေခံကျကျ ပြန်စဉ်းစားဖို့ လိုနေတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

(Democracy Asia မဂ္ဂဇင်း နိုဝင်ဘာလထုတ်တွင် ဖော်ပြခဲ့သည့် Beyond opium: Myanmar’s ‘meth’ economy goes industrial သတင်းဆောင်းပါးကို စာရေးသူ ကိုယ်တိုင် မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ ဆောင်းပါးရှင် ငြိမ်းချမ်းအေးသည် ဝါရှင်တန်အခြေစိုက် သတင်းစာဆရာ တဦးဖြစ်ပြီး မြန်မာနှင့် ဒေသတွင်းရေးရာများကို ရေးသားနေသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles