အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

“ည ၇ နာရီမထိုးခင်အိမ်ပြန်ပါ”

“ပြီးခဲ့တဲ့လတုန်းက ရခိုင်မှာ ဗုံးကြဲသွားတယ် သိလား။ ဈေးကို ဗုံးချတာ။ လူ ၅၀ ကျော်သေတယ်၊ ဒဏ်ရာရတာကတော့ အဲဒီထက်ပိုများတယ်။ တခါတလေဆို ကျွန်တော် ငိုမိတယ် သိလား” လို့ အင်္ဂလိပ်စာ ဆရာတယောက်က မချိတင်ကဲပြုံးရင်းပြောတယ်။

ကျွန်မစိတ်ကူးထဲက ရန်ကုန်ဆိုတာ သူငယ်ချင်းတွေရဲ့ မှတ်ဉာဏ်ထဲကနေ ယူပြီး ပုံကြမ်းခြစ်ထားတဲ့ မြို့ပါ။ ဘုရားစေတီတွေအပြည့်နဲ့ ရွှေရောင်လွှမ်းတဲ့မြို့၊ မုန့်ဟင်းခါးဆိုင်လေးတွေ နေရာတိုင်းတွေ့ရတဲ့ မြို့။ အဲဒီ သူငယ်ချင်းတွေဟာ တချိန်တုန်းကဆိုရင် ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံတွေအောက်က လက်ဖက်ရည်ဆိုင်လေးတွေမှာ ထိုင်ရင်း အာလူးဖုတ်ခဲ့ကြ၊ ပူအိုက်စွတ်စိုတဲ့ ညတွေမှာ မှုန်မှိုင်းနေတဲ့ အလင်းရောင်အောက် အိမ်ကိုပြန်ခဲ့ကြတဲ့မြို့ပေါ့။ 

ဒီလိုနဲ့ ရန်ကုန်ကို ကျွန်မရောက်သွားခဲ့ပါတယ်။ ကျွန်မကိုဆီးကြိုခဲ့တဲ့ ပျားပန်းခတ်သလို လှုပ်ရှားနေတဲ့ မြို့ကတော့ ယဉ်ကျေးမှုတွေ၊ ခေတ်ကာလတွေ၊ အရသာခံစရာတွေ သဗ္ဗရနံပေါင်း စုစည်းထားတဲ့နေရာပါပဲ။ နောက်ပြီး ညနေခင်းတွေဟာ သိပ်ကိုလှပပါတယ်။

ဒါပေမဲ့လည်း ပုစွန်ဆီရောင်တောက်တောက် ညနေခင်းကောင်းကင်တွေဟာ မြို့သူမြို့သားတွေ ပုံမှန် အိမ်အပြန်နှုတ်ဆက်လမ်းခွဲကြတဲ့ တနေ့တာရဲ့အချိန်တချိန် မဟုတ်တော့ပါဘူး။ အခုတော့ ညနေတွေဟာ သတိပေး၊ အချက်ပေးသံတွေ ဖြစ်သွားပါတယ်။ မှောင်တော့မယ်၊ အိမ်ပြန်သင့်ပြီဆိုတဲ့ သဘောပါ။ 
“ည ၇ နာရီနောက်ဆုံးထားပြီး အိမ်ပြန်နော်” လို့ လူတိုင်းက ကျွန်မကိုပြောကြတယ်။ လမ်းမတွေဟာ မလုံခြုံတော့ပါဘူး။ 

ကျွန်မစိတ်ကူးထဲက ပုံရိပ်လှလှလေးတွေကို လာပြီးအနှောင့်ယှက်ဆုံး အချက်ကတော့ ပုံမှန်ဆို လူငယ်တွေ လမ်းမထက်မှာ၊ လက်ဖက်ရည်ဆိုင်တွေထဲ၊ ဘားတွေထဲမှာ စုရုံးနေတတ်ကြတဲ့ ညဦးပိုင်းအချိန်ရောက်တာနဲ့ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ အချက်ပါပဲ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လမ်းမထက်မှာ ခြင်းလုံးကျွမ်းကျင်မှုကို ပြသနေတဲ့ လူငယ်တွေ၊ လက်မောင်းချင်းချိတ် ချီတက်သွားကြတဲ့ ဒါမှမဟုတ် စက်ဘီးတွေခပ်သုတ်သုတ်စီးသွားကြတဲ့ ကျောင်းသားလူငယ်လေးတွေ ရှိမနေပါဘူး။ လမ်းဘေးဈေးသည်တွေကလည်း ရောင်းကုန်တွေကို ခပ်မြန်မြန်သိမ်းလို့ ထွက်ခွာသွားကြပြီ။ တက္ကစီတစီးတလေကိုသာ လမ်းမတွေထက် ဘီးကလေး လိမ့်နေတာ မြင်ရပါတော့တယ်။ 

သူတို့ရဲ့ ပြုတ်ပြုတ်ပြုန်းစစ်တပ်ကြီးထဲကို စစ်သားတွေပြန်ဖြည့်ဖို့အတွက် စစ်တပ်ဟာ လူငယ်တွေကို လမ်းမတွေထက်ကနေ အတင်းလိုက်ဆွဲနေတဲ့အချိန်ကြီးမှာ ညဘက် အပြင်ထွက်တာဟာ အဲဒီ လူငယ်ရဲ့ အနာဂတ်ကို၊ ကုန်ကုန်ပြောရရင် အသက်ကို လောင်းကြေးထပ်လိုက်ရသလိုပါပဲ။ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေဟာ စစ်တပ်အရာရှိတွေနဲ့ ပေါင်းပြီး စစ်မှုထမ်းဦးရေပြည့်အောင် ကြိုးစားကြပါတော့တယ်။ သူတို့ မျက်စိအောက်တင် ကြီးလာကြတဲ့ ကလေးတွေကို ဖမ်းချုပ်ခေါ်သွားပြီး ရှေ့တန်းစစ်မျက်နှာကို ပို့လိုက် ကြပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးခါစတုန်းက ကြုံခဲ့ရတဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် နှိမ်နင်းမှုတွေကလွဲရင် မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဟာ တိုင်းပြည်နေရာအနှံ့ ကြုံနေရတဲ့ စစ်ရဲ့ ဖျက်ဆီးမှုစွမ်းပကားကို မမြင်ရပါဘူး။ ဒါပေမဲ့လို့ စစ်ရဲ့အဖျားအနား အပူမီးဟပ်ခံရတာမျိုးကတော့ သေချာပါတယ်။ 

ရဲစခန်းတွေ၊ ဟိုတယ်တွေ၊ ရုံးအဆောက်အအုံကြီးတွေ တဝိုက်မှာဆိုရင် သံဆူးကြိုးတွေ ချထားတာ မြင်ရပါတယ်။ ဒါ့အပြင် ကွန်ကရစ် စောင့်ကြပ်ရေးကင်းတဲတွေကို ပန်းခြံနဲ့ကစားကွင်းတွေနံဘေးမှာ ချထားတာ ဒါမှမဟုတ် ရှေးဟောင်းကိုလိုနီအဆောက်အအုံတွေမှာ မှီပြီးဆောက်ထားတာတွေလည်း ရှိပြန်ပါတယ်။ 

စစ်ဆေးရေးဂိတ်တွေဟာလည်း တင်းကျမ်းပါပဲ။ ဂိတ်တခုဖြတ်တိုင်း သွေးတခါတိုးရပါတယ်။ မြန်မြန်လုပ်… ဦးထုပ်ဆောင်း… နောက်ခန်းထဲဝင်… အိုင်ဒီကတ်ပြား (မှတ်ပုံတင်) ထုတ်ထား… လူအများအတွက် ကတော့ ဂိတ်ကိုမြန်မြန်ဖြတ်နိုင်ဖို့ မလုပ်မဖြစ်အရာက ‘ဂိတ်ကြေး’ ပါပဲ။ 

တက္ကသိုလ်ကျောင်းသားလေး တဦးကဆိုရင် သူ ညပိုင်းအိမ်ပြင်သွားတိုင်း သူ့အဖေက တနာရီတခါလောက် ဖုန်းလှမ်းဆက်တယ်လို့ ပြောပါတယ်။ လူတွေနဲ့တွေ့တဲ့အခါ လျှို့ဝှက်လုံခြုံမှုရှိတဲ့ အခန်းထဲမှာပဲ တွေ့ဖို့၊ လမ်းတွေပေါ်မှာ မနေဖို့ မှာပါတယ်။ 

“မိဘတွေကတော့ ကျွန်တော့်ကို ညဘက် အပြင်လုံးဝမထွက်စေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ သတိထားပါတယ်” လို့ သူက ပြောပါတယ်။ သူ့ သူငယ်ချင်းတွေကတော့ ဘားတွေမှာသွားထိုင်ရတာထက် အလုံပိတ်အခန်းထဲမှာ သီချင်းဆိုရတဲ့ ကာရာအိုကေဆိုင်တွေသွားရတာ ပိုလုံခြုံတယ်လို့ ခံစားရတယ်လို့ သူက ဆက်ပြောတယ်။ 

လူတွေကို အပြင်ထွက်ရမှာ စိုးရွံ့စေတာက စစ်တပ်ရဲ့ပေါ်တာဆွဲခံရမယ့် အန္တရာယ်တခုတည်း မဟုတ်ပါဘူး။ ရာဇဝတ်မှုခင်းတွေ မြင့်တက်နေတာ၊ ဥပဒေစိုးမိုးမှုမရှိတော့တာတွေကြောင့် လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မဖြစ်မနေ အိမ်မှာပဲ နေနေကြတဲ့အဖြစ် ရောက်လာခဲ့ကြ တာပါ။

ခုနက ပြောတဲ့လူငယ်လေးကိုယ်တိုင် တခါက သူငှားစီးလာတဲ့ သုံးဘီးဆိုင်ကယ်သမားက ဓားပြတိုက်တာ ခံခဲ့ရလို့ ငွေ ၄၅၀,၀၀၀ ပေးလိုက်ရပါသေးတယ်။ သူ့မှာ အဲဒီလောက်ငွေပမာဏမပါတဲ့အတွက် ကြောက်ကြောက်လန့်လန့်နဲ့ ဖုန်းတွေလှမ်းဆက်၊ သူ့ဆရာဆီကနေ ငွေချေးပေးလိုက်ရပြီး  အန္တရာယ်ကြားကနေ လက်မတင်လေးထွက်လာနိုင်ခဲ့ပါတယ်။ 

“ကျွန်တော် ဘာတတ်နိုင်မှာလဲ။ ရဲလည်း သွားတိုင်လို့မရ။ မပေးရင် သူတို့ ကိုယ့်ကိုလုပ်သွားမှာ ကြောက်ရတယ်။ အသက်ထက် ပိုက်ဆံက ဘာတန်ဖိုးရှိမလဲ” လို့ သူက ပြောပါတယ်။ 

ရန်ကုန်မြို့လယ်ရှိ ရဲစခန်းတခု။ ( ဓာတ်ပုံ- Myanmar Now)

ကြားလိုက်လား

ဒါပေမဲ့လည်း ရန်ကုန်မြို့သူမြို့သားတွေဟာ အနေကျပ်လာနေတဲ့ သူတို့မြို့ရဲ့ပေးထားချက်တွေကို တနည်းနည်းနဲ့ ဆက်လက်အာခံနေဆဲပါပဲ။ စကားတွေ ပြောချင်နေကြတယ်။ သူတို့ရဲ့ ဘာမထီ ဟန်ပန်တွေဟာ သူတို့ဆီကကြားရတဲ့ စိတ်ပျက်စရာသတင်းဆိုးတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဆိုင်သလိုပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနိမ့်အမြင့် အတက်အကျတွေနဲ့ ကြုံဆုံရဖန်များတော့ သူတို့အတွက် ဒူပေနာပေခံတယ်ဆိုတာဟာ မွေးရာပါအရည်အချင်းလိုတောင်ဖြစ်နေပါပြီ။

တွေ့တွေ့ချင်း သူတို့ပြောမယ့်စကားက အခြေအနေ ဘယ်လောက်ဆိုးကြောင်းကိုပါ။ “ဟယ်လို ဘယ်နိုင်ငံကလာလဲ” လို့ ရိုးရိုးရှင်းရှင်း စကားစပြီး “ကျုပ်တို့နိုင်ငံကတော့ ဆိုးရွားစုတ်ပြတ်နေပြီ” လို့ ချက်ချင်း ဆက်ပြောတော့တာပါပဲ။ 

အင်္ဂလိပ်စာဆရာတယောက်က ကျွန်မကို လမ်းမှာပဲ ရပ်ပြောတယ်။ ခဏလေးပဲ ပြောလိုက်ရတာပါ။ 
“ပြီးခဲ့တဲ့လတုန်းက ရခိုင်မှာ ဗုံးကြဲသွားတယ် သိလား။ ဈေးကို ဗုံးချတာ။ လူ ၅၀ ကျော်သေတယ်၊ ဒဏ်ရာရတာကတော့ အဲဒီထက်ပိုများတယ်။ တခါတလေဆို ကျွန်တော် ငိုမိတယ် သိလား” လို့ သူက ပြောတယ်။ 

ရန်ကုန် မရောက်ဖူးခင်တုန်းကတော့ ကျွန်မထင်ခဲ့တာက လူတွေဟာ နေ့စဉ်နဲ့အမျှ ဗုံးကြဲ လူသတ် တိုက်ခိုက်တဲ့ သတင်းတွေကြောင့် ဟုံနေလောက်ပြီပေါ့။ ဒါပေမဲ့ ဒီ သတင်းတွေဟာ မြို့တော်ကြီးဆီကို ပိတ်ဆို့ထားတဲ့ကြားက စိမ့်ဝင်ပျံ့နှံ့နေပုံပါပဲ။ သူတို့ကလည်း ဒီသတင်းတွေကို အများသူငါ ကြားသိစေချင်ကြတယ်။ 

ကျွန်မ စကားပြောဖြစ်ခဲ့သူတွေကတော့ နိုင်ငံတဝန်း တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအချင်းချင်းကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေကို မပြတ်နားစွင့်နေကြတုန်း။ နိုင်ငံရဲ့အိပ်မက်တွေကိုရိုက်ချိုး၊ လူတွေကို မတရားသဖြင့် ထောင်သွင်းအကျဉ်းချ၊ ဒီမိုကရေစီထမင်းလုတ်ကို ပုတ်ချသွားခဲ့တဲ့ စစ်အာဏာရှင် အစိုးရကို ပေါ်ပေါ်တင်တင် ဆဲနေကြတုန်းပါပဲ။ ဒီလိုလုပ်ခြင်းဖြင့် ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်တယ် ဆိုတာ သူတို့ သိသိရက်နဲ့ကို အားတက်သရော ပြောကြတာပါ။ 

ရန်ကုန်မြို့လယ် ရှေးဟောင်း ကိုလိုနီလက်ရာ အဆောက်အအုံတလုံးအပြင်ဘက်တွင် တွေ့ရသည့် စစ်တပ်၏ စောင့်ကြပ်ရေးကင်းတဲ။ (ဓာတ်ပုံ- Myanmar Now)

လက်ချောင်းတွေကြားက စီးထွက်သွားတဲ့ငွေတွေ

ရန်ကုန်လေဆိပ်ထဲကနေ အပြင်ကိုထွက်လိုက်တာနဲ့ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကို မြင်ရပြီးသားပါပဲ။ အုန်းပင်တွေရဲ့အောက် ကားမရပ်တာကြာနေပြီဖြစ်တဲ့ ယာဉ်ရပ်နားရန်နေရာတွေမှာ ရေညှိတွေတက်နေတာ အတိုင်းသားမြင်ရပါတယ်။ ဘယ်သူမှ ခရီးသွားမနေဘူးဆိုရင် လေဆိပ်မှာလည်း ကားရပ်နားကွင်းဆိုတာ ဘယ်လိုပါ့မလဲ။

မြို့ထဲမှာတော့ လမ်းတိုင်းလမ်းတိုင်းမှာ အမျိုးသမီးတွေဟာ ကလေးငယ်တွေကို ခါးထစ်ခွင်ချီလို့ လက်ရှေ့ထုတ်ပြီး ထိုင်နေကြတယ်။ လမ်းသွားလမ်းလာတဦး ဖြတ်သွားတိုင်း သူတို့ရဲ့အကြည့်ငေးငေး တွေက မျှော်လင့်ချက်အပြည့်နဲ့အတူ လိုက်ပါသွားကြတယ်။ အမျိုးသမီးတွေနဲ့အပြိုင် ပွားစီးနေဟန် ရှိတာကတော့ ကွမ်းယာဆိုင်တွေပါပဲ။ ဒီလုပ်ငန်းကတော့ အလုပ်ဖြစ်နေတဲ့ပုံပါပဲ။ 

အခြေခံစားသောက်ကုန်စည်တွေ ဈေးနှုန်းကတော့ ခေါင်ခိုက်နေပါတယ်။ ကြက်ဥတလုံးရဲ့ ဈေးဟာ ငါးနှစ်အတွင်း ကျပ် ၉၀ ကနေ ၉၀၀ အထိ တက်သွားပါတယ်။ ဆန်တပြည်ဈေးနှုန်းဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ကျပ် ၂၀၀၀ ကနေ အခု ၅၀၀၀ နဲ့ ၁၁,၀၀၀ ကြားမှာ ရှိနေပါတယ်။ 

မနက် အရုဏ်တက်ကတည်းက ရပ်ကွက်တွေထဲမှာ လူတွေဟာ စားအုန်းဆီရဖို့ တန်းစီကြရပါတယ်။ မုန့်ဟင်းခါးတပွဲဈေးကလည်း သုံးဆကျော် တက်သွားခဲ့ပါပြီ။

ရန်ကုန်မြို့လယ်ကောင်ကနေ မြစ်တခုပဲခြားတဲ့ ဒလမြို့မှာတော့ လူတိုင်းက စက်သုံးဆီကိစ္စအကြောင်းပဲ ပြောနေကြတာပါပဲ။ ဓာတ်ဆီခွဲတမ်း ၃၅ လီတာရဖို့ ဆီဆိုင်မှာ ညလုံးပေါက်အိပ်တန်းစီခဲ့ရတဲ့ အကြောင်း သုံးဘီးဆိုင်ကယ်သမားတယောက်က ပြောပြပါတယ်။ 

တလီတာ ၅၀၀၀ ဖြစ်တဲ့နောက် သူဟာ ဘုရားဖူး ခရီးသည်တွေကို ပို့ပေးရုံနဲ့ တနေ့တွက်တာ ကျန်ဖို့ သိပ်မလွယ်တော့ပါဘူး။ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ယှဉ်ရင် ကားဈေးတွေ ၁၀ ဆ လောက် ပိုကြီးနေတဲ့ ဒီနိုင်ငံမှာ တက္ကစီခတွေ ခုန်တက်သွားတာကလည်း မဆန်းပါဘူး။ 

လောင်စာဆီဆိုတာ ယာဉ်တွေအတွက်တင် သုံးရတာမဟုတ်ပါဘူး။ လျှပ်စစ်မီးပြတ်တောက်သွားပြီ ဆိုတာနဲ့ အသံစုံမြည်ဟည်းလာပြီဖြစ်တဲ့ လူသွားစင်္ကြံလမ်းတွေထက်က မီးအားပေးစက်တွေမှာလည်း ဒီ ဆီကိုပဲ သုံးရတာပါ။

စွမ်းအင်မလုံလောက်မှု ပြဿနာနဲ့ရင်ဆိုင်နေရတဲ့နောက် စစ်အစိုးရဟာ အယ်လ်နီညိုကို အကြောင်းပြပြီး မြို့တော်တဝန်း ခြောက်နာရီလာ၊ ခြောက်နာရီဓာတ်အားဖြတ်စနစ်နဲ့ လျှပ်စစ်ဓာတ်အား အလှည့်ကျဖြန့်ဖြူးတဲ့ စနစ်ကို ကျင့်သုံးလာပြန်ပါတယ်။ အရန်စွမ်းအင်စနစ် မရှိတဲ့ မြို့သူမြို့သားတွေကတော့ ပူအိုက်တဲ့အချိန်မှာ အိမ်ပြင်လမ်းမမှာ အချိန်ကုန်ဆုံးကြပါတယ်။ လေညင်းခံရင်းဖြစ်ဖြစ်၊ ဘီယာအေးအေးလေး သောက်ရင်းဖြစ်ဖြစ်ပေါ့။  မီးပြန်လာတဲ့အချိန်မှာတော့ အိမ်ပြန်ခရီးနှင်ကြ ပါတော့တယ်။

အနည်းဆုံးတော့ ဘီယာဆိုင်တွေဟာ ပန်းပန်နေဆဲ စီးပွားရေးတွေပေါ့။

တစေ့တစောင်း မြင်ခဲ့ရတဲ့ ရန်ကုန်မြို့ကနေတဆင့် အပေါ်ယံမျက်နှာပြင်အောက်မှာပဲ ကိုယ့်ရေကြောနဲ့ ကိုယ် သွားနေတဲ့ စစ်ပွဲရဲ့ဂယက်ကို မြင်နိုင်ပါတယ်။ တနိုင်ငံလုံးအနှံ့ အကြမ်းဖက်မှု၊ တိုင်းပြည်အထီးကျန်မှုတို့ရဲ့ အကျိုးဆက်တွေကိုတော့ ရန်ကုန်သော နယ်သော မခွဲခြား အားလုံးခံစားနေရတဲ့ အခြေအနေက ပိုသိသိသာသာ မြင့်တက်လာနေပါတယ်။

အမိမြေနဲ့အဝေးရောက် မြန်မာတွေလွမ်းဆွတ်ပုံဖော်ကြတဲ့ ရွှေမြို့တော်ဟာ ခြောက်နှစ်တာ အကြမ်းဖက်မှု၊ တင်းကျပ်မှု၊ ဓားပြတိုက်မှုတွေကြောင့် ကြိတ်စက်ထဲကထွက်လာတဲ့ကြံဖတ်လိုပါပဲ။ မြို့သူမြို့သားတွေကတော့ လက်နက်ကိုင်အတင်းအဓမ္မ အုပ်ချုပ်နေသူ လူတစုရဲ့ ဆုံးဖြတ်ချက်တွေကြားမှာ မလူးသာ မလွန့်သာဖြစ်လို့ပါ။

လျှပ်စစ်မီးပြတ်သည့်အခါ အသုံးပြုရန် ရန်ကုန်မြို့လယ်ခေါင်၌ တပ်ဆင်ထားသည့် မီးအားပေးစက်တလုံး။ (ဓာတ်ပုံ-Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။