ရခိုင်ပြည်နယ်အတွင်း ပေါက်တော၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA)နှင့် စစ်တပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်တွေမြို့အနီးတိုက်ပွဲမှာ အရှိန်အဟုန် ပြင်းထန်လာကြောင်း ဒေသခံများထံက သိရသည်။
စက်တင်ဘာလဆန်းမှ စတင်၍ စစ်တပ်ထိန်းချုပ်သည့် ပြည်နယ်မြို့တော်နှင့် AA ထိန်းချုပ်သည့် ပုဏ္ဏားကျွန်းမြို့နယ် နှစ်ခုအစပ် တိုက်ပွဲများစတင်ဖြစ်ပွားလာပြီးနောက် စစ်တွေမြို့အနီးဝန်းကျင်အထိ တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။
AAနှင့် နီးစပ်သူတို့၏ အဆိုအရ AA သည် နယ်မြေထိစပ်လျက်ရှိသော ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တို့မှတဆင့် စစ်တွေမြို့သို့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
“အာရက္ခတပ်တော်ဘက်ကတော့ စစ်တွေမြို့နယ်ကို ခံစစ်အခိုင်အမာ လုပ်ထားတဲ့ကြားက ထိုးဖောက် ဝင်ရောက်သွားပြီဖြစ်တယ်။ စစ်တွေမြို့နယ်ထဲကို ဝင်ရောက်ပြီးတော့ တိုက်ပွဲဖော်လာနိုင်တာကတော့ သေချာတယ်”ဟု AA နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ရေချမ်းပြင်ကျေးရွာသည် မေယုမြစ် အရှေ့ဘက်ကမ်းဘေး စစ်တွေမြို့အနောက်မြောက်ဘက် ကိုးမိုင်ခန့် အကွာတွင်တည်ရှိပြီး အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ တိုက်ပွဲများ ပြင်းထန်နေသည့် မင်းချောင်းတံတား (အမြင့်ကျွန်းတံတား) တည်ရှိသည်။
စက်တင်ဘာလ တတိယပတ်တွင်မူ စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်း၊ ကျားမသောက်၊ တောကန်စသည့် ကျေးရွာများနှင့် မင်းချောင်းတံတားအနီးတွင် ယနေ့အထိ တိုက်ပွဲများဆက်ရှိနေပြီး မြို့နယ်အနောက်ဘက်၌ပါ တိုက်ပွဲများ ဖြစ်လာသည်ဟု စုံစမ်းသိရသည်။
လက်ရှိတွင် စစ်တွေမြို့အတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများ တခါတရံ ရှိလာသောကြောင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးကလည်း ပြောသည်။
“ထွက်ပေါက်လည်းမရှိ ပိတ်မိနေပြီ။ လေကြောင်း(လေဆိပ်) ကတော့ ဖွင့်ထားတယ်။ ဒါပေမဲ့ ရန်ကုန်ကို သွားဖို့ကလည်း ပိုက်ဆံမရှိဘူး”ဟု ၎င်းက ဆိုသည်။
စစ်တွေနှင့်ရန်ကုန်မြို့သို့ လေယာဉ်ခရီးစရိတ်မှာ လေကြောင်းလိုင်းများတွင် တရားဝင်ပေါက်ဈေး ကျပ် ငါးသိန်းကျော်သာ ရှိသော်လည်း မှောင်ခိုဈေး ကျပ် ၁၀ သိန်းနှင့် ၁၅ သိန်းကြားအထိ မြင့်တက်နေကြောင်း ဒေသတွင်းသတင်းဌာနများအဆိုအရ သိရသည်။
“ စစ်တွေမြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒီမနက်လည်း ပြင်းထန်နေတုန်းရှိပါတယ်။ လက်နက်ကြီး ကျကွဲသံတွေက မြို့ပေါ်က အိမ်တွေပါ တုန်ခါနေတယ်လို့ ပြောတယ်” ဟု စစ်တွေမြို့ခံများကို ကိုးကား၍ ရခိုင်ဒေသခံ အမျိုးသားတစ်ဦးကလည်း ယမန်နေ့က ပြောသည်။
စစ်တပ်အခြေစိုက်ရာ စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်လာနေသော်လည်း မြို့ပေါ်တွင်မူ သီတင်းကျွတ် လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲအခမ်းအနားကို အစဉ်အလာမပျက် စည်ကားစွာကျင်းပမည်ဟု စစ်တပ် ထိန်းချုပ်သည့် သတင်းစာများတွင် ယမန်နေ့က ဖော်ပြထားကြသည်။
စစ်တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ)၊ အမြင့်ကျွန်း၊ ရေချမ်းပြင်နှင့် ပါဒလိပ်ကျေးရွာ အခြေစိုက်တပ်စခန်းများ၊ အမှတ် (၁၂) ရဲတပ်ရင်း၊ ရွှေမင်းဂံရေတပ်စခန်းအပြင် အသစ်တိုးချဲ့ထားသော ဗျိုင်းဖြူရွာ၊ အမြင့်ကျွန်းရွာ ကာကင်းစခန်းများ အခြေစိုက်ထားသည့် စစ်တပ် ရုံးစိုက်ရာမြို့လည်းဖြစ်ပြီး စစ်တွေအပြင် ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကိုသာ ဆက်လက်ထိန်းချုပ် ထားနိုင်ခြင်း ဖြစ်သည်။
ယခင်လ ၄ ရက်မှစတင်၍ စစ်တပ်က အဆင်မြင့်ဒရုန်းအများအပြား အသုံးပြုကာ စစ်တွေမြို့ အရှေ့ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကို စတင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို စစ်တပ် ဝါဒဖြန့်သူများက “၄၉၂၆ စစ်ဆင်ရေး” ဟု ဆိုကြသော်လည်း စစ်တပ်ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။
ထို့နောက် AA ကလည်း စစ်တပ်အခြေချရာ စစ်တွေနယ်အတွင်း တန်ပြန်ထိုးစစ် လုပ်ခဲ့သဖြင့် စစ်တပ်၏ ပုဏ္ဏားကျွန်းထိုးစစ် အရှိန်လျော့သွားခဲ့သည်။ တပြိုင်နက်တည်းမှာပင် စစ်တပ်အခြေပြုရာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုရေတပ်မှ ကျောက်ဖြူနယ်အတွင်း AA ထိန်းချုပ်သည့် စနဲမြို့ဘက်သို့ ဦးတည်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုအတောအတွင်း စစ်သင်္ဘောများကလည်း ကျောက်ဖြူနှင့် စစ်တွေမြို့တို့အကြား ပင်လယ်ပြင်၌ လှည့်လည်သွားလာကာ ဒေသခံငါးဖမ်းစက်လှေများကို ဖမ်းဆီးခြင်း၊ နှစ်စ်မြှုပ်ခြင်း ပြုလုပ်နေသလို ကမ်းပေါ်ရှိ လူနေကျေးရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

ထိုစစ်သင်္ဘောများဖြင့် ဒေသတွင်းကူးလူးသွားလာကာ စစ်တပ်က အင်အား ဖြည့်နေသည်ဟု ယူဆရပြီး စက်တင်ဘာလ ၁၆ ရက် အမြင့်ကျွန်း- ကွမ်းတောင်ရွာအနီးတိုက်ပွဲတွင် AA က အရှင်ဖမ်းမိခဲ့သော စစ်သားလေးဦးမှာ မကွေးတိုင်း ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မမှ ဖြစ်ကြသည်။
အောက်တိုဘာလ ၇ ရက်တွင် စစ်တွေမြို့အရှေ့ဘက်ရှိ ပေါက်တော (ဝီရဌာနီ)မြို့နယ်၊ ငပြီကျွန်းကို စစ်သင်္ဘောများ ကမ်းတက်ရန် စတင်ကြိုးစားခဲ့သည်။ ကျွန်းပေါ်တက်ရန်ကြိုးပမ်းနေသော ရေတပ်အတွက် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ကူခဲ့သည်။
အလယ်ရွာ၊ ရွာမနှင့် သရက်တော ရွာသုံးရွာဝန်းကျင်သာရှိသော ထိုကျွန်းပေါ်တွင် AA ၏ လက်နက်ကြီး အထိုင်စခန်းများရှိသည်ဟု AA နှင့်နီးစပ်သူများထံက သိရပြီး စစ်တပ်က ကျွန်းပေါ်ရောက်သွားသည်ဟု ဆိုကြသည်။
AA သိမ်းပိုက်ထိန်းချုပ်ထားသည့် စစ်တွေတစ်ဖက်ကမ်းရှိ ထိုကျွန်းကို လေကြောင်းနှင့်လက်နက်ကြီး ပစ်ကူအမြောက်အမြားပေးမှုကြောင့် စစ်သားအချို့ကျွန်းပေါ်ရောက်ရှိသွားကြောင်း ရခိုင်စစ်ရေး စောင့်ကြည့်သူတစ်ဦးဖြစ်သော စာရေးဆရာဝေဟင်အောင်က ပြောသည်။
“ကျွန်းပေါ်တိုက်ပွဲက ပြင်းထန်ခဲ့တယ်။ အခုတော့ စကမ(စစ်တပ်) ဘက်လည်း အင်အားတွေ ထပ်မဖြည့် နိုင်တော့ဘူး”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ထိုကျွန်းကို တိုက်လေယာဥ်များ၊ Y-12 လေယာဥ်များက မကြာခဏဗုံးကြဲတိုက်ခိုက်နေကာ ရေပြင်ပေါ်တွင်ရပ်နားထားသည့် စစ်သင်္ဘောများနှင့်စစ်တွေမြို့ရှိ လက်နက်ကြီးအထိုင်စခန်းများက လက်နက်ကြီးပစ်ကူအမြောက်အမြားပေးနေကြောင်း ပေါက်တောဒေသခံတစ်ဦးကပြောသည်။
“ပစ်ခတ်သံတွေအချိန်ပြည့်ကြားရတယ်။ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတယ်။ နှစ်ဖက်လည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့သိရတယ်။ ကိုယ့်ဘက် (AA)ကတော့ သာနေတယ်လို့သိရတယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်က AA ထိန်းချုပ်သည့် ပေါက်တောမြို့နယ်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှုမှာ စစ်တွေမြို့ရှိ စစ်စခန်းများကို ခြိမ်းခြောက်နိုင်သောကြောင့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် ထိုကျွန်းကို ထိန်းချုပ်လို၍ တိုက်ခိုက်ခြင်းဟု AA နှင့်နီးစပ်သူများက ယူဆကြသည်။
ထိုငပြီကျွန်းသည် ရေပတ်ပတ်လည်ဝိုင်းရံနေသောကျွန်းဖြစ်ကာ တောင်ကုန်းများမရှိဘဲ ရွာသုံးရွာမှ ဒေသခံများသည် စစ်တွေမြို့ဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ အမြဲလိုလိုရှိသောကြောင့် ယခင်ကတည်းကပင် ထွက်ပြေးသွားခဲ့ကြပြီး လူနေထိုင်မှု မရှိပေ။
စစ်တပ်ဝါဒဖြန့်သူများက ငပြီကျွန်းပေါ်ရှိ ရွာမနှင့်အလယ်ရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျွန်းမြောက်ဘက်အစွန်ဆုံးရှိ သရက်တောရွာကို တိုက်ခိုက်နေကြောင်း ရုပ်သံဖိုင်များ၊ ဓာတ်ပုံများဖြင့် ဖော်ပြနေကြသည်။

မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ စစ်ရေးသုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်တပ်အနေဖြင့် လက်လွှတ်ထားရသော ရခိုင်ကို တန်ပြန်ထိုးစစ် စတင်ရန် ကြိုးပမ်း နေကြောင်း ဆိုသည်။
“ လက်ရှိ ၂၀၂၆ နှစ်ဆန်းကစပြီး ရခိုင်ပတ်ပတ်လည်ကို ဝိုင်းပတ်ပိတ်ဆို့နိုင်ဖို့ စစ်တပ်က ကြိုးပမ်း ပြင်ဆင်လာတာရှိတယ်။ စက်တင်ဘာလဆန်းကစပြီး AA ကို တန်ပြန်ထိုးစစ် ဖော်ဆောင်နေတာ တွေ့ရတယ်။ သူ့ရဲ့(စစ်တပ်) ထိုးစစ်က ပင်လယ်ဘက်ခြမ်းရယ် ၊ ကုန်းတွင်းထိုးစစ်ရယ်ပေါ့။ ကုန်းတွင်းဘက်မှာတော့ မကွေး၊ ချင်း၊ ဧရာဝတီ အစပ်ကနေ ပတ်ပတ်လည် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာပေါ့ ။ တစ်ဖက်က စစ်တွေကို ကာပြီးမှ ပင်လယ်ပြင်ဘက်ကနေ စစ်ကြောင်းထိုးဖို့ နှစ်ဖက်ညှပ်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ။ ဒါက စစ်တပ်ရဲ့ ရခိုင်ပြည် ပထမအဆင့် တန်ပြန်ထိုးစစ် လို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။
“ စစ်တပ်ဘက်ကလည်း စစ်တွေကိုကာရင်းနဲ့ တန်ပြန်ထိုးစစ် ဖော်ဆောင်နေသလို အာရက္ခတပ်တော် (AA) ဘက်ကလည်း ခုခံရင်းနဲ့ တန်ပြန်ထိုးဖောက် ဖိအားပေး ဖော်ဆောင်နေတာလို့ နားလည်ရတယ်။ နှစ်ဖက် စလုံးကတော့ စစ်တပ်က ပျော့တဲ့ဘက်ကနေ ထိုးဖောက်နိုင်ဖို့ကြိုးစားသလို AA ဘက်ကလည်း ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တန်ပြန်ချေမှုန်းနိုင်ဖို့ပြင်ဆင်နေတာ၊ နှစ်ဖက် အပြန်အလှန် ပြင်ဆင်နေကြတဲ့အနေအထားမျိုးလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
MDSI သည် ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှစတင်၍ CDM စစ်သားများနှင့် စုဖွဲ့ထားသည့် စစ်ဘက် နှင့် လုံခြုံရေး ဆိုင်ရာ သုတေသနအခြေပြုအဖွဲ့ ဖြစ်သည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ် စခန်းအနီးပတ်ဝန်းကျင်သည် လတ်တလော တိုက်ပွဲ ပြင်းထန်မှုမရှိတော့ဘဲ စစ်တွေနှင့် ပေါက်နယ်တိုက်ပွဲများသာ ပိုပြင်းထန်လာနေသည်။
ထိုအတောအတွင်း စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အနှံ့ကို လေကြောင်းမှ ဗုံးကြဲနေသောကြောင့် အရပ်သား သေဆုံးမှုများ ရှိနေပြီး ရခိုင်ဒေသခံများကြောက်လန့် တိမ်းရှောင်နေရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော ထိုးစစ်အတွင်း AA သည် ရခိုင်ဒေသ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားရာ လက်ကျန် သုံးမြို့နယ်တွင် တိုက်ပွဲများ ရှိခဲ့သော်လည်း ယခုနှစ် စက်တင်ဘာလဆန်းမှစတင်၍ ပြင်းထန်လာခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်နေရာ AA ၏ မဟာမိတ်များဖြစ်သော ကိုးကန့် (MNDAA)၊ တအာင်းတပ် (TNLA) သာမက အခြား ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားအဖွဲ့များက နေပြည်တော်၌ လာရောက်တွေ့ဆုံကာ အပစ်အခတ် ရပ်စဲထားကြသည်။
AA ၏ မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုလည်း ယခင်လအတွင်းက စာပေးပို့ကာ နေပြည်တော်၌ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး KIA က နေပြည်တော်၌ လာရောက်တွေ့ဆုံရန် အဆင်မပြေကြောင်း အကြောင်းပြန်ထားသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၆ရက်) က ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်ပြည့် အခမ်းအနားတွင် တွင် စစ်ခေါင်းဆောင်က ဝါရင့်လက်နက်ကိုင် များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကျောင်းသား တပ်မတော် (ABSDF) တို့ကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။
စစ်တပ်၏ ဖိတ်ခေါ်မှုတွင် လတ်တလောအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် AA တို့ မပါဝင်သေးပေ။
ထိုအခမ်းအနားအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက စစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြည်နယ်တစ်ခုသည် လူမျိုးတစ်ခုတည်း၏ ပိုင်ဆိုင်မှု မဟုတ်ဘဲ ဒေသတွင်းနေထိုင်သည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ထည့်သွင်းပြောခဲ့သည်။





