ကုလားတန်မြစ်၏ အရှေ့ဘက် ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းညှင်းဝရွာကို ယနေ့ (သြဂုတ် ၂၄ ရက်) နံနက် ၁၁ နာရီ ကျော်အချိန်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် ဒေသခံ ငါးဦး သေဆုံး၍ ၁၇ ဦး ဒဏ်ရာ ရရှိသွား ကြောင်း သိရသည်။
ပလက်ဝမြို့၏ တောင်ဘက် ၁၃ မိုင်ခန့်အကွာ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်နှင့် ကျေးရွာ ထဲကို ဗုံးလေးလုံး ကြဲချခဲ့ခြင်း ဖြစ်သည်ဟု ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
” ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံမှာ စာသင်နေကြတယ်။ အဲဒါကို ဗုံးချလို့ ကျောင်းသား ၊ ကျောင်းသူတွေ သေဆုံး၊ ဒဏ်ရာရတယ်။ ပြီးတော့ ရွာထဲကိုလည်းကျလို့ အသက်ကြီးပိုင်းတွေ ထိခိုက်ကြတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူများမှာ မောင်ထက်မြတ်ကျော် (တစ်နှစ်)၊ ဦးစံထွေးခိုင် (၇၁ နှစ်)၊ မြတ်ကျော်နိုင် ( ၁၀ နှစ်)၊ ဦးမောင်လှစိန် (၄၆ နှစ်)နှင့် ကိုမောင်ထွန်းစိန် (၃၆ နှစ်)တို့ ဖြစ်ကြသည်။
ဒဏ်ရာရသူများအနက် မောင်နိုင်စိုးလင်း (၁၁နှစ် )၊ နေပိုင်ဖြိုး (၁၀နှစ်)၊ မောင်မင်းမြတ်သူ ( ကိုးနှစ်)၊ မချမ်းအေးမေ (၁၃နှစ်)၊ မတင်တင်စိုး( ၁၂ နှစ် )၊ မသော်တာ ( ခုနစ်နှစ်)၊ မခိုင်အေးဆန်း( ရှစ်နှစ်)၊ ခိုင်လင်းဟိန်း ( ကိုးနှစ်) စသည့် ကလေးရှစ်ဦး ပါဝင်သည်။
ထို့အပြင် မဝင်းမြဦး (၂၇နှစ် )၊ ဦးတင်အောင်ထွန်း (၄၈နှစ်)၊ ဒေါ်အောင်မြစိန်( ၉၇နှစ် )၊ ဒေါ်လှသန်းဝင်း(၄၅နှစ် )၊ ဦးတင်ထွန်း ( ၄၈နှစ် )၊ မချစ်စုဝေ (၃၅နှစ်)၊ ဒေါ်ရွှေယိုင်နု (၄၀နှစ်)နှင့် ဒေါ်ဝဲဒိုးမ ( ၆၀နှစ်)တို့လည်း ဒဏ်ရာရကြသည်။
ဒဏ်ရာရရှိသူများအနက် နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း၊ လူနေအိမ် ၁၉ လုံးနှင့် စပါးကျီတစ်ခုလည်း ပျက်စီးသွားကြောင်း သိရသည်။
အရပ်သားနေထိုင်ရာနေရာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဒဏ်ရာရရှိသူ မချမ်းအေးမေ၏ ဆွေမျိုး အမျိုးသားတစ်ဦးက ပြောသည်။
“လူတွေက အခုအချိန်မှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတယ်။ ကားသံ၊ ဆိုင်ကယ်သံ ကြားရင်လည်း လေယာဥ်သံလားမသိဆိုပြီး ကြောက်လန့်စိုးရိမ်နေရတယ်” ဟု ၎င်းက ဆိုသည်။
“အခုလုပ်ရပ်က လူမဆန်တဲ့လုပ်ရပ်တမျိုးပဲ။ လူတိုင်းမှာ မိသားစုရှိတယ်။ အသိုင်းအဝိုင်းရှိတယ်။ ကိုယ့်သားသမီးတခုခုဖြစ်ရင် ဘယ်လိုခံစားရမလဲဆိုတာ လူလိုအသိရှိရင် လူလိုခံစားတတ်ဖို့လို့ ထင်တယ်”

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ကိုလည်း ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်က ဗုံးကြဲခဲ့ရာ ၁၆ နှစ် အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ၁၄ မြို့နယ်တွင် စစ်တပ်က ယခုနှစ်ဆန်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်နေရာ အရပ်သား အများအပြား ထိခိုက်သေဆုံးနေရသည်။
အထူးသဖြင့် ရခိုင်တောင်ပိုင်း ဂွနှင့် သံတွဲမြို့နယ်များကို နေ့စဉ်နီးပါး ဗုံးကြဲနေပြီး ဩဂုတ်လ ၂၁ ရက် ညသန်းခေါင်ယံကလည်း သံတွဲမြို့နယ် ငပလီမြို့ ၌ စစ်တပ်၏ တပ်ရင်းနေရာဟောင်းများ ဖြစ်သည့် ခလရ (၅၅) နှင့် ခမရ (၅၆၆) တပ်ရင်းဝန်းကျင်နှင့် အရပ်သားများ နေထိုင်ကြသည့် နေရာများကို လေယာဉ် ၁၀ စီးဖြင့် ဗုံးကြဲခဲ့သည်ဟု အာရက္ခတပ်တော်က နောက်တနေ့တွင် ထုတ်ပြန်သည်။
ထိုနေ့တိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦး သေဆုံး၊ ၂၂ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ပါရှိသည်။
ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း အာဏာသိမ်းစစ်တပ်အနေဖြင့် လူသားချင်းစာနာစိတ်လည်းမရှိကြောင်း ပြောသည်။
“အခုအခြေအနေက စစ်ရေး နိုင်ငံရေးနဲ့အများကြီးသက်ဆိုင်ပါတယ်။ ဟိုဘက် (စစ်) အစိုးရဆိုရင် စစ်ရေး စီမံခန့်ခွဲနေတဲ့လူတွေက ကျင့်ဝတ်ဆိုတာမရှိပါ။ စစ်ရေးမှာလည်း စစ်ရေးကျင့်၀တ်ဆ်ိုတာရှိတယ်။ သူတို့ (စစ်တပ်)က စစ်ရေးကျင့်၀တ်လည်း မရှိ လူသားချင်စာနာတဲ့စိတ်လည်းမရှိ” ဟု ထိုအမျိုးသမီးက ဆိုသည်။
” အဲဒါကြောင့်လည်း အပြစ်မရှိတဲ့ ပြည်သူတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ် ဒုက္ခပေးနေတာပါ။ အသက် အိုးအိမ်စည်းစိမ်တွေ အများကြီးပေးဆပ်ထားရပြီဆိုတော့ ဒီလို ပေးဆပ်လိုက်ရတာဟာ ကျွန်မတို့ အာရက္ခပြည်ကြီးအတွက် တန်ဖိုးရှိတဲ့ရလဒ်တခု ထွက်ဖို့လိုပါတယ်။ ထွက်မယ်လို့လည်း အာရက္ခပြည်က လူတွေက ယုံကြည်မျှော်လင့်နေပါတယ်”
AA ထိန်းချုပ်နယ်မြေများရှိ တိုက်ပွဲအခြေအနေ၊ အရပ်သားများ ထိခိုက်စေသော တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
AA ကမူ စစ်တပ်သည် အာရက္ခ(ရခိုင်)ဒေသ အပြင် မြန်မာပြည်အနှံ့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ ပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။ စစ်တပ်၏ လေကြောင်း နှင့် ရေကြောင်းရန်တို့ကို ယခင်ထက်ပိုမိုသတိထားကြရန်လည်း AA က သတိပေးထားသည်။
ရခိုင်မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည့် AA သည် ထိန်းချုပ်နယ်မြေများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်လျက်ရှိသည်။



