အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်း ပစ်ခတ်မှုအတွင်း အရှို(ချင်း)တော်လှန်ရေးခေါင်းဆောင်အပါအဝင် ၃ ဦး သေဆုံး

ထောက်ပို့စခန်းရှိရာ သွားနေသည့် အရှို(ချင်း)တပ်မှ  လေးဦး စစ်ကြောင်းနှင့်တိုးကာ ပစ်ခတ်ခံရစဉ် သုံးဦး သေဆုံး၊ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ငဖဲမြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်- အရှို (CDF- Asho) မှ  တပ်ဖွဲ့ဝင်များ ခရီးသွားလာစဉ် စစ်ကြောင်းနှင့်တိုး၍ ပစ်ခတ်ခံရပြီး အဖွဲ့ခေါင်းဆောင် ဆလိုင်းရိုးချင်း အပါအဝင် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ တစ်ဦး လွတ်မြောက်လာကြောင်း သိရသည်။

ဩဂုတ်လ ၁၄ ရက်က ဆလိုင်းရိုးချင်း အပါအဝင် CDF- Asho တပ်ဖွဲ့ဝင် လေးဦးသည် တပ်ဖွဲ့၏ ထောက်ပို့စခန်းရှိရာ နေရာသို့ ထွက်လာခဲ့ရာ လမ်းခရီးတွင် ငဖဲမြို့နယ်၊ ဆုံကုန်းကျေးရွာအခြေစိုက် အမှတ် (၉၀၅) အမြောက်တပ်ရင်းမှ စစ်သားများနှင့် တွေ့ဆုံစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုအတွင်း အသက် ၃၂ နှစ်အရွယ် ဆလိုင်းရိုးချင်း၊ ၂၂ နှစ် အရွယ် ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ၁၈ နှစ်အရွယ် ရဲဘော်အောင်လင်းဇော်တို့ သေဆုံးသည်၊ တပ်ဖွဲ့ဝင်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း CDF- Asho စစ်ရေးချုပ် ဆလိုင်းပြုံးသုန်က ပြောသည်။

ဆလိုင်းရိုးချင်းနှင့် အဆက်အသွယ်ပြတ်တောက်စဉ် အသက်ရှင်ရန် မျှော်လင့်ခဲ့သော်လည်း သေဆုံးသွားခဲ့ရကြောင်း၊ ဆလိုင်းရိုးချင်းအပါအဝင် ရဲဘော်သုံးဦး၏ အလောင်းများပြန်ရရှိကြောင်း သိရသည်။

“အဆက်အသွယ်ပြတ်ပြီးတော့လည်း လွတ်နိုင်ပါတယ်ဆိုတဲ့ အတွေးတွေနဲ့မျှော်လင့်မိသေးတယ်။ သတင်းလိုက်ရင်း မြေပြင်မှာသွားရောက်ရှာဖွေမှုလုပ်ပြီး ဓာတ်ပုံအရ Dead Body မြင်လိုက်ရတဲ့အချိန်မှာ တလောကလုံး မှောင်သွားတာပဲ။ ခြေမကိုင်မိ လက်မကိုင်မိ အရာအားလုံးအငွေ့ပျံသွားသလိုပါပဲ” ဟု Myanmar Now ကို ဆလိုင်းပြုံးသုန်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆလိုင်းရိုးချင်းသည် ချင်းကာကွယ်ရေးတပ် (အရှို) ၏ တပ်ဦးချုပ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်ဟု သိရသည်။

CDF- Asho ၏ ထောက်ပို့စခန်းရှိရာနေရာနှင့် သိပ်မဝေးသည့် ကျေးရွာတို့ကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ဆလိုင်းရိုးချင်းဦးဆောင်သည့်အဖွဲ့က စစ်တပ်စစ်ကြောင်းနှင့် မမျှော်လင့်ဘဲ ထိပ်တိုက်တိုးမိသဖြင့် ယခုကဲ့သို့ ကျဆုံးသွားခြင်းဖြစ်ကြောင်း ဆလိုင်းပြုံးသုန်က ဆက်ပြောသည်။

စစ်တပ်၏ နတ်ရေကန်ဗျူဟာ စခန်းနှင့် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ရှိရာ ငဖဲမြို့နယ်အခြေအနေနှင့်ပတ်သက်၍ ပိုမိုသိနိုင်ရန် စစ်တပ်၏ သတင်းပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးမျိုးအောင်ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ၎င်းက ခရီးသွားနေသဖြင့် ဖုန်းပြောရန်အဆင်မပြေကြောင်း တုံ့ပြန်ဖြေကြားသည်။

ဆလိုင်းရိုးချင်း၏ နာရေးအခမ်းအနားမြင်ကွင်း။ (ဓာတ်ပုံ- CDF-Asho)

တပ်ဦးချုပ် ဆလိုင်းရိုးချင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကတည်းက အရှို(ချင်း)အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ၎င်းသေဆုံးသွားခြင်းသည် တပ်ဖွဲ့အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း CDF-Asho တပ်ဖွဲ့ဝင်အချို့က ပြောသည်။

“အရှို(ချင်း)တွေအတွက် တတ်စွမ်းသလောက်လုပ်ခဲ့တဲ့သူပါ။ တော်လှန်ရေးအပေါ်မှာလည်း အရမ်းကို ယုံကြည်ခိုင်မြဲပါတယ်။ ကျန်တဲ့ရဲဘော်တွေလည်း တော်လှန်ရေးအပေါ်ယုံကြည်ကြပါတယ်။ အနေအေးပြီးတော့ စကားနည်းကြပါတယ်” ဟု CDF အရှို၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်တစ်ဦးက ဆိုသည်။

အရှိုလူမျိုးများသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပဲခူးတိုင်းစသည့် မြေပြန့်ဒေသတွင် နေထိုင်ကြပြီး ရိုးရာနတ်၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာတို့ကို ကိုးကွယ်ယုံကြည်ကြသူများ ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးကာလအတွင်း အရှို(ချင်း)လူငယ်များက အရှို(ချင်း) ကာကွယ်ရေးတပ် (ACDF) ထူထောင်၍  စစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်ခဲ့ကြသည်။ 

ထို့နောက် သဘောထားမတိုက်ဆိုင်မှုကြောင့် ACDF မှ ခွဲထွက်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ချင်းကာကွယ်ရေးတပ်- အရှို (CDF- Asho) ထူထောင်ခဲ့သည်။ သို့သော်လည်း အရှို(ချင်း)နှစ်တပ်အကြား ဆက်ဆံရေးပြေလည်သည့်အတွက် အတူပူးပေါင်း၍ မကွေးတိုင်း ငဖဲမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှုများ ပြုလုပ်သည်။

CDF- Asho သည် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်  (AA) ဖော်ဆောင်သည့် တိုက်ပွဲများ၌ စစ်ရေးအတွေ့အကြုံ ယူထားသလို ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်ကလည်း ငဖဲမြို့နယ်ရှိ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံကိုလည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button