စိုးမိုးနယ်မြေအများစု လက်လွှတ်လိုက်ရသော စစ်တပ်သည် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ဧရာဝတီတိုင်းဘက်မှ ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေမှုကို တိုက်ခိုက် ဟန့်တားနေသည်ဟု အာရက္ခတပ်တော်(AA) က ထုတ်ပြန်သည်။
ယခုလဆန်းတွင် တပ်မ (၆၆) လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သော အမှတ် (၁)၊ (၁၁) တို့မှ စစ်အင်အားများ ဖြည့်တင်း၍ ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်တပ်နှင့် ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ယနေ့ (သြဂုတ်လ ၅ ရက်) ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၁ ရက်တွင် သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာ၏အရှေ့ဘက်၌ နှစ်နာရီနီးပါး တိုက်ပွဲ ဖြစ်ကာ စစ်တပ်ဘက်မှ ဒရုန်းနှင့် မြေပြင်ပစ်ကူအများအပြား အသုံးပြုခဲ့သည်ဟု သိရသည်။
တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်တပ်သည် အထိအခိုက်များနှင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း၊ အလောင်းနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရကြောင်း AA ဘက်က ဆိုသည်။
နောက်တစ်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ရေကြည်မြို့နယ် ရုံးပင်ရွာအနောက်မြောက်ဘက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရခိုင်နှင့် ဧရာဝတီနယ်စပ် စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် AA ပြန်ကြားရေး တာဝန်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်ဖြေကြားခြင်း မရှိသေးပေ။
ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်ဘက် ထိုးစစ်ဆင်ရန် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ အမှတ် (၃၄၄) အမြောက်တပ်နှင့် ပုသိမ်မြို့အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား ၄၀၀ ကျော်ကို အမြောက်တပ်အနီး စခန်းများတွင် အင်အားဖြည့်တင်းခဲ့သည်။
အဆိုပါအမြောက်တပ်အနီး အင်အားဖြည့်ထားသော စစ်တပ် ပွိုင့်စခန်းကုန်းသုံးခုကို ဇွန်လ နောက်ဆုံးပတ်တွင် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သံတွဲခရိုင် ဂွမြို့နယ်တွင် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်၌ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီနောက် AA ၏ ထိုးစစ်သည် ဧရာဝတီတိုင်းဘက်အထိ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး AA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များသည် ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မကျီးဇင်၊ ဘောမိနှင့် စစ်စခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဧရာဝတီတိုင်းရှိ ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တို့ကို ထိုးဖောက်နေရာယူနိုင်ခဲ့သည်။
စစ်တပ်သည် ဂွမြို့ကို ဝင်ရောက်ရန် အစွမ်းကုန်တိုက်ခိုက်နေသော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် နောက်ပြန်ဆုတ်နေရကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သော CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“သူတို့ (စစ်တပ်)က ရခိုင်တောင်ပိုင်းတနေရာရာကို ရကို ရလိုတယ်။ စစ်ရေးသိက္ခာပိုင်းအရပေါ့ ။ ဒါပေမဲ့ အာရက္ခတပ်က ရေကြည်၊ သာပေါင်း၊ လေးမျက်နှာပေါ့နော်။ အဲဒီ ဂွနဲ့ထိစပ်နေတဲ့ နေရာ အကုန်လုံးမှာ ဖြန့်ကြက်ပြီးတော့ ပိတ်ဆို့ကာရံပြီးသားပဲ။ ဒါကြောင့်လည်း စစ်တပ်က အင်အား အလုံးအရင်းနဲ့ လာရင်လည်း ပြန်ပြန်ပြီးတော့ လန်ကျသွားတဲ့ အနေအထားမျိုးပဲ”ဟု ၎င်းက မှတ်ချက် ပေးသည်။
မြေပြင်စစ်ကြောင်းဖြင့် ဝင်ရောက်ရန်မလွယ်ကူသဖြင့် လေကြောင်းမှ အကြမ်းဖက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်တပ်သည် ရခိုင်တောင်ပိုင်းမြို့နယ်များဖြစ်သည့် ဂွ၊ သံတွဲတို့ကို ရေကြောင်းမှ တဆင့် ကမ်းတက် စစ်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း AA ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်များ ကမ်းကပ်လာမှု မရှိကြောင်း ဒေသခံများထံကလည်း သိရသည်။
သို့သော်လည်း ဂွကမ်းခြေတလျှောက် စစ်ရေယာဥ် လေးစီး ထက်မနည်းရှိနေပြီး ဇူလိုင်လအတွင်း ဂွမြို့နယ်ကို စစ်ရေယာဥ်က လက်နက်ကြီးဖြင့် အလုံး ၃၀ ခန့်ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲမှုကြောင့် ဇူလိုင်လအတွင်း ပြည်နယ်တောင်ပိုင်း ဂွ၊ သံတွဲ၊ တောင်ကုတ်စသည့် မြို့နယ်တို့တွင် ၂၁ ဦး သေဆုံး၊ ၇၆ ဦးဒဏ်ရာရရှိခဲ့သည်။ AA ထိန်းချုပ်သည့် သံတွဲမြို့နယ် ငပလီကမ်းခြေကိုလည်း လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေရာ ဟိုတယ်ဘန်ဂလိုအချို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး စစ်တပ်သည် မြေပြင်တိုက်ပွဲများတွင် အသာစီး မရသောကြောင့် ၎င်းတို့၏အားသာချက်ဖြစ်သည့် လေယာဉ်များဖြင့် အရှိန်မြှင့်တိုက်ခိုက်နေသည်ဟု AA ဘက်က ပြောထားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော AA ၏ ထိုးစစ်အတွင်း ရခိုင် ၁၄ မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို စစ်တပ်က လက်လွှတ်လိုက်ရသည်။
လက်ရှိတွင် စစ်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည် (တောင်ပိုင်း) စသည့် ရခိုင်နှင့် နယ်မြေထိစပ်လျက်ရှိနေသည့် နေရာများကို တပြိုင်နက်တည်း မြေပြင်စစ်ကြောင်း ထိုးနေသောကြောင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။



