အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းတော်ကြီးဒေသရှိ KIA စခန်းကုန်း ၃ ခုကို စစ်တပ်နှင့် SNA သိမ်း

မိုးညှင်းမြို့နယ်အနီး KIA ရရှိထားသည့် စခန်းကုန်းသုံးခုကို စစ်တပ်နှင့် SNA တို့က ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ပြီး တပ်ပြန်စွဲလိုက်သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စခန်းသုံးခုကို စစ်တပ်က လေးရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်လိုက်သည်ဟု KIA ပြန်ကြားရေးတာဝန်ရှိသူနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံက စုံစမ်းသိရသည်။ 

စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်များ၏ ဇူလိုင်လ၂ ရက်မှ ဇူလိုင်လ ၅ ရက် ထိုးစစ်များအတွင်း အင်းတော်ကြီးကန်အနောက်ဘက်ကမ်း လုံးတုံနှင့် မမုန်ကိုင်ကျေးရွာများအနီးတွင် တဆက်တည်းရှိသော လွဲကျော်၊ ပတ္တမြား၊ ဟိုဖာ စသည့် စခန်းကုန်းသုံးခုကို KIA က လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

အဆိုပါစခန်းကုန်းများ လက်လွှတ်ခဲ့ရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု သော်လည်း အသေးစိတ် အခြေအနေများကိုမူ မသိရဟု ဆိုသည်။

“အဲဒီဘက်က တချို့စခန်းတွေ ဆုတ်ပေးလိုက်ရတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ မြေပြင်က ဘာမှ မသိရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

မိုးညှင်းမြို့၏ မြောက်ဘက် ၃၅ မိုင်ခန့်အကွာ မိုးညှင်း- အင်းတော်ကြီး- ဖားကန့်လမ်းပေါ်ရှိ စစ်ရေးအရ အရေးပါသော အထက်ပါကျေးရွာများအနီး တည်ရှိကြသည့် ပတ္တမြားကုန်းစခန်းကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ ၄ ရက်နှင့် ၅ ရက်တွင် ကျန်စခန်းကုန်းနှစ်ခုကိုလည်းကောင်း လက်လွှတ်ခဲ့ရပြီး နှစ်ဖက် အထိအခိုက်ရှိကြောင်း အင်းတော်ကြီးဒေသရှိ KIA စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။

“စခန်းတချို့ရသွားတာမှန်တယ်၊ ကျွန်တော်တို့တွေ သုံးလပိုင်း၊ လေးလပိုင်းက တိုက်ယူခဲ့တဲ့စခန်းကုန်းတွေ အကုန်လုံးနီးပါးလောက် ပြန်ပေးလိုက်ရတယ်၊​ ကျွန်တော်တို့ဘက်က အထိအခိုက်လည်းရှိတယ်။ သူတို့ (စစ်တပ်)ဘက်ကတော့ ပိုများတာပေါ့” ဟု အဆိုပါ KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အင်းတော်ကြီးဒေသရှိ KIA စခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များနှင့်  ရှမ်းနီသတင်းဌာနအချို့တို့တွင် ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြနေကြသည်။

အထက်ပါစခန်းကုန်း သုံးခုမှ ဆုတ်ပေးခဲ့ရပြီးနောက် ယမန်နေ့ (ဇူလိုင်လ ၆ ရက်) အထိ အင်းတော်ကြီး ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊  ယနေ့ နံနက်တွင်မူ တိုက်ပွဲများ ငြိမ်သက်နေကြောင်း  အထက်ပါ သတင်းရင်းမြစ်ကပြောသည်။

“သူတို့က ပြန်ရသွားတဲ့ ကုန်းတွေကို ဘက်ဟိုးတွေနဲ့ ရှင်းလင်းရေးလုပ်နေတယ်။ အဲဒီနေရာတွေ အထိုင်ချပြီးမှ (ရှေ့ကို) ဆက်တိုးလာဖွယ်ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

KIA စခန်းကုန်းသုံးခုနှင့် ဒေသတွင်းအခြေအနေပြမြေပုံ။
KIA စခန်းကုန်းသုံးခုနှင့် ဒေသတွင်းအခြေအနေပြမြေပုံ။

မိုးညှင်းမြို့မြောက်ဘက် ၃၅ မိုင်ခန့်အကွာ မိုးညှင်း- အင်းတော်ကြီး- ဖားကန့်လမ်းပေါ်ရှိ လုံးတုံကျေးရွာမှာ အင်းတော်ကြီးဒေသတစ်ခုလုံး နယ်မြေစိုးမိုးနိုင်ရေးအတွက် မြေပြင်အနေအထားအရ အရေးပါသည့် ရွာဖြစ်သလို လွဲကျော်ကုန်းမှာလည်း လုံးတုံရွာကို ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့် စခန်းကုန်းဖြစ် သည်ဟု အထက်ပါ KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လုံးတုံရွာသည် ယခင်က SNA တပ်များနှင့် ရှမ်းနီပြည်သူ့စစ်များ၏ အထိုင်စခန်းဖြစ်ခဲ့ပြီး မိုးကောင်းမြို့ အခြေစိုက် စစ်တပ်၏အမှတ်(၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၃) လက်အောက်ခံ ဟိုပင်မြို့ အခြေစိုက် အမှတ် (၃၈၉) ခြေလျင်တပ်ရင်းမှ တပ်များလည်း ပူးပေါင်းအခြေစိုက်သောရွာ ဖြစ်သည်။

အဆိုပါနေရာများနှင့် မနီးမဝေးတွင်ရှိသောလွဲကျော်၊ ပတ္တမြား၊ ဟိုဖာ  စခန်းကုန်းသုံးခုကို KIA နှင့် ကချင်ဒေသကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များက ယခုနှစ် မတ်လနှင့် ဧပြီလတွင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်။ 

ထို့ကြောင့် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက စခန်းကုန်းများအနီးရှိ လုံးတုံ၊ မမုန်ကိုင်နှင့် မိုင်းနောင် ကျေးရွာတို့သို့ ဇွန်လအတွင်း စစ်ကူများ အသုတ်လိုက် ပို့ကာ ဇူလိုင်လ ၂ ရက်တွင် စခန်းကုန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

SNA သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဆန့်ကျင်သည့် လူငယ်များကို သင်တန်းပေးခဲ့ဖူးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ​ နောက်ပိုင်းတွင် စစ်တပ်နှင့်ပူးပေါင်းလိုက်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသတွင် စစ်ရေးလှုပ်ရှားနေသည်။

ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသအပြင် ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယနေ့တွင် စစ်တပ်က ထိန်းချုပ်ထားသော နဘားနှင့်ကသာလမ်းပိုင်းဘက်တွင် တိုက်ပွဲများ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့တောင်ဘက် မန္တလေး- ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှ ကျေးရွာနှစ်ရွာကို စစ်တပ် ပြန်ရသွားပြီး အဆိုပါတိုက်ပွဲများကြောင့် ကုန်တင်ကားများ သွားလာမရဘဲ ပိတ်မိနေသည်မှာ သီတင်းတစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။ 

မန္တလေး- ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ထိုလမ်းပိုင်းတွင် နဘား- ကသာလမ်းပိုင်းနှင့် မဲဇာ- နန့်သဲ- အင်းတော်ကွင်းလမ်းပိုင်းတို့ရှိကာ ထိုလမ်းကြောင်းနှစ်ခုလုံး စစ်ရေးပြင်းထန်နေသည်။ 

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့်ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ် မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်ရေးလမ်းများ အပါအဝင် ဒေသအတွင်း ကုန်စည်သွားလာရေး လမ်းကြောင်းများ ပြန်ဖွင့်ရန် ကြိုးပမ်းနေပြီး နယ်မြေစိုးမိုးရေးအတွက် ဒေသအနှံ့အပြားတွင် မြေပြင် စစ်ကြောင်းထိုးနေသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်က မန္တလေး- မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဟုဆိုကာ ကုန်စည်များ၊ စစ်သားများ၊ ၎င်းတို့ လက်အောက်ခံဝန်ထမ်းများ သယ်ဆောင်လာသော ယာဉ်တန်းများ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခဲ့သေးသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button