အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငွေဖောင်းပွနေသည့် မြန်မာတွင် စီးပွားရေး တိုးတက်မှု ၂ရာခိုင်နှုန်းသာရှိမည်

ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်အရ လောင်စာဆီအကျပ်အတည်းနှင့် ဖိအားပေါင်းစုံကြုံတွေ့နေရသည့် မြန်မာ့စီးပွားရေးသည် ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် တိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းသာ ရှိတော့မည် ဟုသိရသည်။ ယင်းမှာ ယခင်က ၃ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ခန့်မှန်းထားချက်ကို ပြန်လည်လျှော့ချလိုက်ခြင်းဖြစ်သည်။

လောင်စာဆီအကျပ်အတည်းနှင့် အလွန်ကြီးမားသော ဖိအားများအောက်ရောက်နေသည့် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်းပြန်လည်မြင့်တက်လာပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း  ၂ ရာခိုင်နှုန်းသာ ရှိနိုင်သည်ဟု ယခုနှစ် ဇွန်လ ၁၆ ရက်တွင် ကမ္ဘာဘဏ်က သတင်းထုတ်ပြန်သည်။

ယခုနှစ်ဆန်းတွင် ပေါ်ပေါက်လာသော အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လောင်စာဆီ အကျပ်အတည်းနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုသည် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးမှုစရိတ်များ မြင့်တက်လာစေပြီး လောင်စာဆီအတွက် နိုင်ငံခြားငွေလိုအပ်ချက် မြင့်တက်လာခဲ့သည့်အပြင် အခြားသောအခက်အခဲနှင့် ကန့်သတ်ချက်များလည်း ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၂၅-၂၆ (၂၀၂၅ ခုနှစ် ဧပြီ ၂၀၂၆ ခုနှစ် မတ်လအထိ) မြန်မာ့စီးပွားရေး တိုးတက်နှုန်းကို တိုင်းတာရာတွင် စုစုပေါင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာစီပွားရေး လေ့လာစောင့်ကြည့်မှု(Myanmar Economic Monitor) အစီရင်ခံစာနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုဘဏ္ဍာနှစ်ကုန်ချိန်တွင်ငွေကြေးဖောင်းပွမှုနှုန်း ၂၄ ဒသမ ၆ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့သည်ဟုလည်း တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အပြင် ယခုဘဏ္ဍာနှစ် ၂၀၂၆-၂၇ တွင် စီးပွားရေးတိုးတက်မှု ၂ ရာခိုင်နှုန်းသာ ရှိမည်ဟု ဆိုသည်။ ထိုခန့်မှန်းချက်သည် ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းမတိုင်မီ မြန်မာ့စီးပွားရေး တိုးတက်မှု ၃ ရာခိုင်နှုန်း ရှိနိုင်ကြောင်း တွက်ချက်မှုကို ပြန်လည်လျှော့ချခဲ့ခြင်းဖြစ်သည်။ဘဏ္ဍာရေးလိုငွေပြမှုသည် ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

“မကြာသေးမီက ဖြစ်ပွားသော အခက်အခဲသည် စနစ်ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကို ပိုမိုထင်ရှားစေပြီး လုပ်ငန်းပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာမှု မရှိလျှင် ပြန်လည်ထူထောင်မှုမှာ မတည်မငြိမ်ဖြစ်နေမည်” ဟု ထိုင်းနှင့် မြန်မာ ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာညွှန်ကြားရေးမှူး မယ်လင်ဒါဂွတ်ဒ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။ 

ငွေကြေးဖောင်းပွမှုနှုန်းမြှင့်တက်လာခြင်းကြောင့် သာမန်အိမ်ထောင်စုများအတွက် စားဝတ်နေရေးကို ပိုမိုခက်ခဲစေပြီး အားနည်းသော ပြည်သူများကို ထိခိုက်မှုကြီးမားစေသည်ဟု ဆိုသည်။ 

ပဋိပက္ခများဖြစ်ပွားနေခြင်း၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်များရှိခြင်း၊ ပို့ကုန်ဝင်ငွေလျော့ကျခြင်းနှင့် လောင်စာဆီဈေးနှုန်း မတည်ငြိမ်ခြင်း စသည့်ဖိအားများလည်း ဆက်လက်ရှိနေသည်ဟု ဆိုသည်။ 

၂၀၂၅ ခုနှစ် မတ်လ ငလျင်အပြီး လျှပ်စစ်မီးအခက်အခဲ အနည်းငယ်ပြေလျော့ပြီး ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ခံနိုင်စွမ်းရှိခြင်းတို့ကြောင့် စီပွားရေးလုပ်ငန်းများ တိုးတက်မှုအနည်းငယ်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ၂၀၂၁ အာဏာမသိမ်းမီနှင့် ငလျင်မတိုင်မီ အခြေနှင့်ယှဉ်လျှင် ရောင်းအားနှင့် အမြတ်အစွန်းများ နည်းပါးနေဆဲဖြစ်သည်ဟုလည်းဆိုသည်။

စစ်အုပ်စုသည် ပို့ကုန်ဦးစားပေးပြီး သွင်းကုန်စိစစ်ထိန်းချုပ်သည့် မူဝါဒကို သွားနေပြီး လောင်စာဆီနှင့် အခြားသော အထွေထွေစီပွားရေးရိုက်ခတ်မှုကို အောက်ခြေလူတန်းစားများ ခါးစည်းခံနေကြရသည်ဟု အမည်မဖော်လိုသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“စီပွားရေးလုပ်ငန်းရှင်တွေနဲ့ Upper Class တွေက အခက်အခဲပေါ်မှာ တအားမဖြစ်ဘူး။ တကယ်တမ်းတော့ အခြေခံပြည်သူလူထုနဲ့ Middle Class အလယ်အလတ်လူတန်းစားတွေက အခက်အခဲပိုများနိုင်တာပေါ့။ ဒါပေမဲ့လည်း သိတဲ့အတိုင်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ဖြေရှင်းကြတာပေါ့” ဟု ၎င်းက ဆိုသည်။

မသေချာမရေရာသည့် ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေရပြီး ကုမ္ပဏီအများစုသည် တိုးတက်မှုထက် ရှင်သန်ရပ်တည်ရေးကို အာရုံစိုက်နေရသဖြင့် အလုပ်အကိုင်ဖန်းတီးမှုနှင့် ဝင်ငွေတိုးတက်လာနိုင်ခြေကို အားနည်းစေသည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။ 

ကမ္ဘာ့ဘဏ်သည် ၎င်းတို့ကောက်ခံရရှိသည့် အချက်အလက်နှင့် ကိန်းဂဏန်းများအပေါ်ကိုမူတည်၍ စီပွားရေး အခြေအနေကို ခန့်မှန်းထုတ်ပြန်ခြင်းဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ထိုစီပွားရေးတိုးတက်နှုန်းသည် ပုံမှန်တိုးတက်မှုနှုန်းဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ပြောပလောက်သည့် အခြေအနေမဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာသူများက ဆိုသည်။ လူထုသည် အခက်အခဲနှင့် ဆိုးရွားမှုပေါင်းစုံကို ခံစားနေကြရကြောင်း၊ မြန်မာ့စီပွားရေးနာလန်ထရန် နိုင်ငံရေးအခြေအနေပေါ်တွင် မူတည်နေသည်ဟုလည်း ဆိုကြသည်။



နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button