အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာဒုက္ခသည်များအတွက် ထိုင်းအစိုးရ၏အစီအစဉ်အသစ်

မိုင်ပေါင်း ၁,၅၀၀ ကျော် ရှည်လျားသည့် မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများကို ပေါင်းစည်း (သို့မဟုတ်) ပိတ်သိမ်းရန် ထိုင်းအစိုးရက စီစဉ်နေသည်ဟု သိရသည်။

မြန်မာဒုက္ခသည်သိန်းချီခိုလှုံနေသည့် ထိုင်း- မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းများကို ပေါင်းစည်း သို့မဟုတ် ပိတ်သိမ်းရန် ထိုင်းအစိုးရက စီစဉ်နေသည် ဆိုသော်လည်း အဆိုပြုချက်အဆင့်သာရှိသေးပြီး အဆိုပါ အစီအစဉ်သည် ချက်ချင်းလက်ငင်းဖြစ်လာဦးမည်မဟုတ်သလို ဒုက္ခသည်စခန်းကိုးခုအနက် မည့်သည့်စခန်းများကို ဆက်လက်ဖွင့်လှစ်မည်၊ ပိတ်သိမ်းသွားမည်ကို အတည်ပြုဆုံးဖြတ်ချက်ချထားခြင်း မရှိသေးကြောင်း ဒုက္ခသည်အရေးအဖွဲ့အစည်းတစ်ခု၏ အကြီးအကဲက ပြောသည်။

လာမည့်လများအတွင်း ဆွေးနွေးမှုများထပ်မံပြုလုပ်ပြီးနောက် အခြေအနေပိုမိုရှင်းလင်းလာနိုင်ကြောင်း ထိုင်းမြန်မာနယ်စပ် တစ်လျှောက်ရှိ ဒုက္ခသည်များအား အကူအညီပေးနေသည့် The Border Consortium (TBC)၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယွန် ဒီ ရိမက်တန် (Leon de Riedmatten) က ပြောသည်။

TBC သည် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အဓိကထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ 

လတ်တလောတွင် နိုင်ငံတကာ၏ ရန်ပုံငွေလျှော့ချမှုကြောင့် ဒုက္ခသည် ၈၀ ရာခိုင်နှုန်းကျော် အကူအညီများမပေးနိုင်တော့ဘဲ တရားဝင်အလုပ်လုပ်ခွင့်အစီစဉ်ကို အားထားလာရကြောင်း မစ္စတာ ရိမက်တန်က ဆိုသည်။

“TBC နဲ့ ဒုက္ခသည်အသိုင်းအဝိုင်းက အကြံပြုချက်ပေးခွင့်ရမယ့် အခွင့်အရေးကို ကြိုဆိုပါတယ်။ နောက်ပြီး အကောင်းဆုံးရလဒ်တစ်ခုထွက်လာဖို့ ထိုင်းအစိုးရနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

မိုင်ပေါင်း ၁,၅၀၀ ကျော် ရှည်လျားသည့် မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီ၊ ရာချ်ဘူရီခရိုင်တို့ရှိ စခန်းကိုးခုရှိပြီး ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးစခန်းကိုပိတ်သိမ်း၍ အုန်းဖြန်၊ မယ်လဒုက္ခသည်စခန်းနှစ်ခုတို့ ပေါင်းစည်းရန် ကနဦးစီစဉ်နေသည်ဟု သိရသည်။ 

နို့ဖိုးစခန်းကို ငါးနှစ်ဝန်းကျင်ကာလအတွင်း ရွှေ့ပြောင်းမည်ဟု နားလည်ရပြီး လတ်တလောတွင် လုပ်ငန်းများစတင်ခြင်းမရှိသေးသည့်အပြင် ရွှေ့ပြောင်းရန် နှစ်အတော်ကြာ အချိန်ယူရဦးမည်ဖြစ်ကာ ရန်ပုံငွေလည်းလိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်လအတွင်း နို့ဖိုးစခန်းပိတ်သိမ်းမည့်အစီစဉ်ကို ဒုက္ခသည်များထံအကြောင်းကြားခဲ့ပြီး အကြောင်းအရင်းအသေးစိတ်ကို မသိရသော်လည်း နိုင်ငံတကာ၏ အကူအညီများလျှော့ချလာမှုနှင့် ဆက်စပ်နိုင်ကြောင်း ထိုစခန်းမှ ဒုက္ခသည်တစ်ဦးဖြစ်သူ ဦးဗညားဇင်က Myanmar Now ကို ပြောသည်။

နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်နှစ်သစ်ကူးကာလ ဘောလုံးပွဲတစ်ခုကို ၂၀၂၅ နှစ်ကုန်ပိုင်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ကိုလှိုင်း/ Myanmar Now) 

“ထိုင်းအစိုးရက လုပ်တဲ့ကိစ္စပေါ့။ ကျွန်တော့်အမြင်ဆိုရင် နိုင်ငံတကာတွေ ကူညီထောက်ပံ့တဲ့ ငွေကြေးရန်ပုံငွေမရှိတာတော့ အများဆုံးပါမယ်ပေါ့။ မရတာပါမယ်ပေါ့။ အခု စခန်းတွေဆိုလည်း ထိုင်းအစိုးရက မြေနေရာကို နှစ်ချုပ်တွေနဲ့ ငှားရမ်းရတာလေ။ ကျွန်တော်တောင် သိသလောက်ပေါ့လေ” ဟု ၎င်းက ဆိုသည်။ 

“အခက်အခဲတွေဖြစ်နိုင်တာပေါ့။ တခြားလူတော့မသိဘူး။ ကျွန်တော်တောင် အဲ့ဒီသတင်းကြားပြီးတော့ နည်းနည်းယောက်ယက်တော့ခတ်သွားတာပေါ့။ ဒီမှာက ကိုယ်အခြေကျပြီးတဲ့ နေရာတစ်ခုပဲ။ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်တယ်လေ။ အဲဒီလိုမျိုးအခြေအနေကနေ ရုတ်တရက် ကိုယ်တွေ မရောက်ဖူးတဲ့နေရာကို ရွှေ့ပြောင်းရမယ့်အခြေအနေမျိုးတွေကျတော့ တွေးပြီးပူတာပေါ့” ဟု သူက ထပ်မံပြောသည်။ 

ခိုလှုံရန်အိမ်၊ အလုပ်အကိုင်အတွက် စိုးရိမ်ပြီး ဒုက္ခသည်များ၏ သဘောထားကို ထိုင်းအစိုးရက မေးမြန်းရန်မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ 

တာ့ခ်ခရိုင်အတွင်းရှိ ဒုက္ခသည်တစ်သောင်းဝန်းကျင်ခိုလှုံနေသော နိုဖိုးဒုက္ခသည်စခန်းကို ၂၀၂၅ နှစ်ကုန်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ကိုလှိုင်း/ Myanmar Now) 

နိုင်ငံတကာ ရန်ပုံငွေဖြတ်တောက်မှုနှင့် အလုပ်အကိုင်အစီစဉ်

ဒုက္ခသည်စခန်းများကို ပေါင်းစည်းပိတ်သိမ်းရေး ထိုင်းအစိုးရ၏ အဆိုပြုချက်မထွက်လာခင် ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများလျှော့ချခဲ့သဖြင့် မြန်မာအတွက် ရန်ပုံငွေများလည်းကျဆင်းသွားရာ ဒုက္ခသည်စခန်းများကို ကူညီပေးနေသည့် အဖွဲ့အစည်းများအပေါ်ကို ကြီးမားစွာရိုက်ခတ်မှုရှိခဲ့သည်။ 

“ဒီအခြေအနေမှာ ရန်ပုံငွေက အရင်တုန်းက ရခဲ့တဲ့ပမာဏကို ပြန်လည်ရရှိမယ့်ပုံမပေါ်သေးပါဘူး” ဟု မစ္စတာ ရိမက်တန်က ပြောသည်။ 

“ပြီးခဲ့တဲ့နှစ်က TBC အနေနဲ့ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်အတွက် ရိက္ခာနဲ့ ချက်ပြုတ်ရေးလောင်စာအတွက် တစ်လကို အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းလောက် သုံးစွဲခဲ့ပါတယ်။ ရန်ပုံငွေတွေ သိသိသာသာ ဖြတ်တောက်လိုက်တာကြောင့် အခုအခါ အဲ့ဒီလို ထောက်ပံ့ဖို့ ရန်ပုံငွေအရင်းအမြစ်မရှိတော့ပါဘူး။ လက်ရှိမှာ (ဒုက္ခသည်တွေစုစုပေါင်းရဲ့) ၁၆ ရာခိုင်နှုန်းကိုသာ ရိက္ခာထောက်ပံ့နိုင်တော့တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

လက်ရှိတွင် အလုပ်မလုပ်ကိုင်နိုင်သူများ၊ ထိုင်းအစိုးရ၏ တရားဝင်အလုပ်လုပ်ခွင့်အစီအစဉ်တွင် ပါဝင်ခွင့်မရသူများအနက် Most vulnerable(အထူးလိုအပ်သူ) အုပ်စုဝင် ဒုက္ခသည်များကိုသာ ဦးစားပေးထောက်ပံ့ပေးနိုင်တော့ပြီး  ကျန် ၈၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့မှုမပေးနိုင်တော့ဟု သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတစ်နေရာကို တွေ့ရစဉ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတစ်နေရာကို တွေ့ရစဉ်။

ဒုက္ခသည်များကို Standard(သာမန်)၊ Vulnerable(လိုအပ်သူ)၊ Most vulnerable(အထူးလိုအပ်သူ) စသဖြင့် ခွဲခြားသတ်မှတ်ထားသည်။ စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် သာမန်အုပ်စုဝင် တစ်ဦးသည် တစ်လလျှင် ဘတ် ၃၀၀ (ကျပ် ၄၀၀၀၀ ဝန်းကျင်)၊ လိုအပ်သူအဖြစ် သတ်မှတ်ခံရသူသည် ဘတ် ၃၆၀ ရရှိပြီး အထူးလိုအပ်သူကို ဘတ် ၄၀၀ ကျော် ပေးခဲ့ဖူးသည်ဟု သိရသည်။ 

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစနစ်ကို အရင်တုန်းကလို ဆက်လက်အားကိုးလို့ မရနိုင်တဲ့အတွက် ဒုက္ခသည်တွေ အလုပ်ရရေးနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စေရန် ကူညီပေးဖို့က လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ဖြစ်ပါတယ်” ဟု မစ္စတာ ရိမက်တန် က ပြောသည်။ 

၄၂ နှစ်ကျော်ကြာ တောင်းဆိုခဲ့သည့် ဒုက္ခသည်များအလုပ်လုပ်ကိုင်ခွင့်ကို ထိုင်းအစိုးရသည် ခွင်ပြုခဲ့ပြီး ယခုအခါ ဒုက္ခသည်ပေါင်း ၅,၀၀၀ ကျော် တရားဝင်အလုပ်လုပ်နေကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် ထိုင်းအစိုးရ၏ အလုပ်လုပ်ခွင့်အစီအစဉ်တွင် အကျုံးမဝင်သေးသည့် ဒုက္ခသည်များရှိနေပြီး အနာဂတ်တွင် တိုးတက်မှုများရှိလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိတွင် စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်နေသည့် ဒုက္ခသည်များအတွက် ဂဏန်း ၁၃ လုံးပါသော အိုင်ဒီကတ်ကို ထုတ်ပေးလျက်ရှိပြီး ထိုကတ်ရရှိသော ဒုက္ခသည်များသည် ပထမဆုံးအကြိမ်အဖြစ် ဘဏ်စာရင်းဖွင့်လှစ်ခွင့်နှင့် ဖုန်းဆင်းကတ်များကို အမည်ပေါက်ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ 

ထိုကတ်သည် အများပြည်သူဝန်ဆောင်မှုများကို ရယူသုံးစွဲခွင့်ရှိမည်ဖြစ်သလို လွပ်လပ်ခွင့်နှင့် ပုံမှန်လူနေမှုဘဝကို ပိုင်ဆိုင်ခွင့်ရရန် အထောက်အကူပြုနိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် စခန်းပြင်ပ အလုပ်လုပ်နေသူများကို ထုတ်ပေးသော ဆယ်နှစ်သက်တမ်းရှိ ထိုကတ်ကို နောက်ပိုင်းတွင် အသက် ငါးနှစ်မှ ၇၀ အထိ ဒုက္ခသည်များကို ထုတ်ပေးရန် အစီအစဉ်ရှိကြောင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုမှ အမည်မဖော်လိုသည့် ဒုက္ခသည် အမျိုးသားတစ်ဦးက ဆိုသည်။ 

“အဲ့ဒီကတ်ရခြင်းအားဖြင့် သတ်မှတ်တဲ့နေရာမှာ လွတ်လွတ်လပ်လပ်သွားလာပိုင်ခွင့်ရှိတာပေါ့။ အခုက ဒီကတ်မထုတ်ခင်အထိက ဒုက္ခသည်တွေက စခန်းထဲမှာပဲနေရတာပေါ့။ အပြင်ထွက်ခွင့်မှမရှိတာ။ အဲ့ဒီကတ်ရလို့ရှိရင်တော့ အပြင်ထွက် အလုပ်တွေဘာတွေရှာလို့ရလာမှာပေါ့နော်” ဟု ၎င်းက ဆိုသည်။ 

ထိုကတ်ကို ထိုင်းပြည်ထဲရေးဌာနက ၂၀၁၉ ခုနှစ်တွင် ကောက်ယူထားသော စာရင်းတွင် ပါဝင်နေသည့် ဒုက္ခသည် ၇၀,၀၀၀ ကျော်ကိုသာထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထိုင်းအစိုးရသည် ဒုက္ခသည်များနှင့်ပတ်သက်၍ ကာလတိုအနေဖြင့် စခန်းအပြင်ထွက်အလုပ်လုပ်ခွင့်၊ ကာလလတ်အဖြစ် စခန်းများပေါင်းစည်းခြင်းနှင့် ရေရှည်တွင် စခန်းပိတ်သိမ်းခြင်းကို စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ 

ဒုက္ခသည်များသည် နှစ်ပေါင်း ၄၀ ကျော်ကြာ အလှူရှင်များ၏ ကူညီထောက်ပံ့မှုကို အဓိက မှီခိုခဲ့ရာမှ ထိုင်းအစိုးရက ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရေးအစီအစဉ်ကို သွားနေသည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။ 

သို့သော်လည်း ဒုက္ခသည်တိုင်း အလုပ်လုပ်ကိုင်နေခြင်းမရှိသေးသည်ကို သတိပြုသင့်ပြီး ရုပ်ပိုင်းဆိုင်ရာအရ အလုပ်မလုပ်နိုင်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးရမည်ဖြစ်ကြောင်း ဒုက္ခသည် ကူညီရေးအဖွဲ့များက ဆိုသည်။  

ထို့အပြင် အရေးကြီးသော ဆုံးဖြတ်ချက်များမှတ်ရာတွင် ဒုက္ခသည်များကို အသိပေးခြင်းမရှိဘဲ ချန်လှပ်ထားမည်ကို စိုးရိမ်မှုများလည်းရှိနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button