အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လေတပ်နှင့် လက်နက်ကြီးကြောင့် ထီးချိုင့်ဒေသခံ ၁၂ ဦးသေဆုံး

စစ်သင်္ဘောများကို လုံခြုံရေးယူပေးသည့်လေတပ်က ဗုံးကြဲသလို မြို့ပေါ်အခြေစိုက်တပ်က ပစ်ခတ်ခဲ့ သည့်အတွက် ထီးချိုင့်နယ်အတွင်း စစ်ရှောင်များအပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေး ထီးချိုင့်မြို့တွင် စစ်တပ်၏ လေကြောင်းနှင့်လက်နက် ကြီးကြောင့်  စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံ များထံက သိရသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း  စုန်ဆင်းလာသည့် စစ်တပ်သင်္ဘော ၁၂ စီး သည် ကသာ၊ ရွှေကူမြို့များကို ဖြတ်ကျော်လာပြီး နောက်တစ်နေ့ (စက်တင်ဘာ ၆ ရက်နေ့) နံနက်တွင် ထီးချိုင့်မြို့နယ်အတွင်း စတင်ဝင်ရောက်လာခဲ့သည်။ 

ကသာမြို့နယ်မှအထွက် ထီးချိုင့်မြို့နယ်အတွင်း ချည်းကပ်ဝင်ရောက်စဉ်မှာပင် ထီးချိုင့်မြို့အခြေစိုက် စစ်တပ်က မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်။

ထီးချိုင့်မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ကျောက်မှော်ရွာအနီး လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ထီးချိုင့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သင်္ဘောတွေကမရောက်သေးဘူး ကသာက ထွက်တုန်းပဲရှိသေးတယ် (ထီးချိုင့်)မြို့ပေါ်က အရင်ပစ်တာ၊ ကျောက်မှော်နားကျတာ ရွာထဲမကျဘူး ရွာနားကျတာ။ အဲဒီမှာ တစ်ယောက်သေတယ် ထိတာလည်း များတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထို့နေ့မှာပင် ထီးချိုင့်မြို့မြောက်ဘက် ကျေးရွာအချို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်ခဲ့ကြရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်င်္ဘောများ ထီးချိုင့်မြို့နယ်အတွင်းမှ ဖြတ်သန်းနေစဉ် မြို့ပေါ်စစ်တပ်မှ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေသလို မွန်းလွဲ ၁ နာရီခန့်တွင် Y 12 လေယာဉ်တစ်စီးကလည်း မြစ်ကမ်းတစ်လျှောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် မောင်းကုန်း၊ ကျောက်မှော်၊ ဘိုကုန်း၊​ ဝဲကြီး စသည့် ကျေးရွာများမှ ဒေသခံ ၁၁ ဦးသေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လောလောဆယ်ရထားတဲ့ သတင်းကတော့ ၁၁ ဦးပဲ၊ ဗုံးကြဲမှာကိုသိပေမဲ့  တချို့ကလည်း အဲဒီလောက် ဆိုးမယ်မထင်ကြဘူး အခုက ရက်ရက်စက်စက်ပဲကြဲတာ ဒဏ်ရာရတဲ့သူလည်းများတယ် အရေအတွက် တော့ မသိရသေးဘူး” ဟု ထိုသူက ဆိုသည်။

ပြီးခဲ့သည့်နှစ်ရက်က ထီးချိုင့်နယ်အတွင်း ကျရောက်ပေါက်ကွဲသော လက်နက်အပိုင်းအစအချို့။ (ဓာတ်ပုံ-TR)

ဗုံးကြဲမှုအတွင်း ထီးချိုင့်မြို့တောင်ဘက် ၈ မိုင်ခန့်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မောင်းကုန်းရွာ တွင် ၅ ဦး သေဆုံးခဲ့ပြီး ထို ၅ ဦးအနက် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့မှာ ထီးချိုင့်မြို့ ပေါ်မှ စစ်ရှောင်လာကြသူများဖြစ်သည်ဟု သိရသည်။

ကျန်သေဆုံးသူများမှာ ဘိုကုန်းရွာမှ ၃ ဦး၊ ဝဲကြီးရွာမှ ၂ ဦး တို့ဖြစ်ပြီး ယနေ့ ညပိုင်း ဆက်သွယ်ချက်အရ ကျောက်မှော်ရွာတွင် သေဆုံးသူ ၁ ဦး ထပ်တိုးသည်ဟု ထီးချိုင့်ပအဖ အဖွဲ့ဝင်က ပြောသည်။ ဒဏ်ရာရသူ ၃၀ ခန့်ရှိပြီး ထိုအထဲမှ အပြင်းအထန် ဒဏ်ရာရ လူနာ ၁၀ ဦးခန့်ရှိကြောင်း  သိရသည်။

သေဆုံးသူများ အချက်အလက် အတိအကျမသိရသေးဘဲ သေဆုံးသူအချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်း များ ပြတ်တောက်နေသည်ကို တွေ့ရသည်။

အဆိုပါ စစ်သင်္ဘောများသည် တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူနှင့် လက်နက်ခဲယမ်း ရိက္ခာ များ ပို့ဆောင်ခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း အောက်ဘက်သို့ ပြန်စုန် ဆင်းလာခြင်းဖြစ်ပြီး ယနေ့ ည ၇ နာရီခန့်တွင် မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ််ကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

စစ်သင်္ဘောများကို လုံခြုံရေးယူပေးသည့်လေတပ်က ဗန်းမော်မှအထွက် ရွှေကူမြို့နယ်အတွင်း စက်တင်ဘာလ ၅ ရက်နေ့က လေကြောင်း ဗုံးကြဲခဲ့စဉ် ကျောက်ကြီးရွာ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ရေးအရ အချက်အချာ ကျပြီး မန္တလေးတိုင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်သော မြစ်ကမ်းဘေးရှိ ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာလ ၈ ရက်နေ့တွင် KIA,AA,PDF တော်လှန်ရေးပူးပေါင်းတပ်များက စတင် တိုက်ခိုက်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်အများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ပြန်ဆုတ်ခဲ့ရသည်။ 

စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကြောင့် တိုက်ပွဲစပြီး တစ်လအကြာ မြို့ထက်ဝက်မက မီးလောင်ပြာကျခဲ့ပြီး ယခုအခါ တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်သည်။

ထီးချိုင့်မြို့တွင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ဟုဆိုကာ မြို့ပေါ်ရပ်ကွက်ကြီး ၅ ခုရှိပြီး  အများစုပျက်စီးနေကာ တစ်မြို့လုံးနီးပါး နေရပ်စွန့်ခွာနေကြရသည်။ 

ထီးချိုင့်မြို့အဆောက်အဦအများစု မီးလောင်ပျက်စီးသွားသည်ကို Google Earth မှ တွေ့ရစဉ်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles