အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က အသည်းအသန်ခုခံနေရ

စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ တန့်ဆည်မြို့ကို ယမန်နေ့ ညပိုင်းမှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အသည်းအသန်ခုခံနေရသည်ဟု သိရသည်။

တန့်ဆည်မြို့ပေါ်၌ စစ်သားများတပ်စွဲထားရာ ထွေအုပ်ရုံး၊‌ ဘောလုံးကွင်းနှင့် ရဲစခန်းတို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခင်းဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များက တစ်မြို့လုံးနီးပါးကို စီးမိထားကာ ယနေ့ (နိုဝင်ဘာ ၂၉) မွန်းလွဲပိုင်းတွင် ရဲစခန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု နီးစပ်သူများက ဆိုသည်။

မြို့ကို စီးနင်းထားပြီး ရဲစခန်းကို ဝိုင်းဝန်းတိုက်ခိုက်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြောသည်။

“အကုန်လုံး… သိမ်းပြီးပြီ။ သူတို့ (စစ်ကောင်စီတပ်) က ရဲစခန်းထဲမှာပဲ ခံပစ်နေရတဲ့အခြေအနေ ရောက်နေပြီ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းအလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသည့် မူးမြစ်အနောက်ဘက်တွင် တည်ရှိကာ အနီးဆုံးမြို့များအနေဖြင့် အထက်ပိုင်းတွင် ကျွန်းလှ၊ ကန့်ဘလူ၊ အောက်ဘက်တွင် ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည်တို့ ရှိသည်။

တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယနေ့နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီဘက်က လေယာဉ်တစ်စီးဖြင့် ဗုံးလာကြဲကြောင်း၊ နောက်တစ်နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် ရောက်လာပြီး ပစ်ခတ်သည်ဟု သိရသည်။

ထို့ပြင် တန့်ဆည်မြို့မြောက်ဘက် မိုင် ၂၀ အကွာ ကန့်ဘလူမြို့အခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းမှလည်း အမြောက်များဖြင့် လှမ်းပစ်ကာ ရေဦးမြို့ဘက်မှလည်း စစ်သား ၆၀ ခန့် စစ်ကူလာနေသည်ဟု သိရသည်။

“ရဲစခန်းထဲမှာ ခဲယမ်းက ကုန်နေပြီ။ လေကြောင်းနဲ့ပဲ ခြောက်နေတာ။ အခုက ဝိုင်းထားတာ” ဟု ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူ အထက်ပါ အမျိုးသားက ပြောသည်။

မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ထောက်ပို့ ရဟတ်ယာဉ်တစ်စီးနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ထပ်ရောက်လာကာ နှစ်ကြိမ်တိုင် ပစ္စည်းများ ချသွားသည်ဟုလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် တန့်ဆည်မြို့ကို PDF က အင်အားသုံးထောင်ခန့်ဖြင့် ဝိုင်းတိုက်နေကြောင်း၊ စစ်ကူနှင့်ကျည် မပို့နိုင်ပါက ကောလင်းကဲ့သို့ မြို့သိမ်းခံရမည်ဖြစ်ကြောင်း ရေးသားကြသည်။

တန့်ဆည်မြို့ပေါ်မှ ဒေသခံအများစု တိုက်ပွဲမဖြစ်ခင်ကတည်းက တိမ်းရှောင်ခဲ့ကြသော်လည်း မြို့တွင်း၌ ပိတ်မိနေသူများရှိနေကြောင်း ယနေ့နံနက်ပိုင်းတွင် ထွက်ပြေးလာသည့် မြို့ခံ​အမျိုးသမီးတစ်ဦးက ပြောသည်။

“(မနေ့ည) ၁၁ ခွဲလောက်ကတည်းက တစ်ညလုံး တိုက်နေတာပဲ၊ ဆက်တိုက်ပဲ။ အိပ်ကို မအိပ်ရဘူး…  မနက်က လင်းတော့ လေယာဉ်တစ်ခေါက်ဗုံးကြဲပြီးတော့ ထွက်မှဖြစ်မယ်ဆိုပြီး ထွက်လာတာ”

ယခုလ ၂၀ ရက်နေ့ကလည်း တန့်ဆည်မြို့ပေါ်၌ စစ်သား၊ ရဲ၊ ပျူစောထီးများရှိရာ နေရာများကို ဒေသကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထိုအချိန်မှစ၍ တန့်ဆည်မြို့ပေါ်ရှိ ဒေသခံအများစု ဘေးလွတ်ထွက်ပြေးတိမ်းရှောင်နေကြကာ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တန်ဆည်မြို့နယ်တွင် လူဦးရေ  ၁၅,၀၀၀ ခန့်ရှိပြီး တိုက်ပွဲများကြောင့် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက လျှပ်စစ်မီးနှင့် ရေပေးဝေမှု ပြတ်တောက်နေသည်။

ရှမ်းမြောက်အခြေစိုက် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ စစ်စခန်းအမြောက်အမြား ဆုံးရှုံးနေချိန် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များကလည်း ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA အကူအညီဖြင့် တိုက်ပွဲများဖော်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းနှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့တို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းယူထားပြီး ရဲစခန်းနှင့် ပျူစောထီးစခန်းများကိုလည်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

စစ်ရှောင်လာသော တန့်ဆည်ဒေသခံတချို့ကို ယခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ရွှေဘိုခရိုင် အမှတ် (၂၅) တပ်ရင်း)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button