အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်က မောင်းသူမဲ့လေယာဉ်များ အသုံးပြုတိုက်ခိုက်ဟု AA စွပ်စွဲ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ယခုနှစ် ဇန်နဝါရီမှစ၍ တပ်မတော်က မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် (Drone) များ အသုံးပြုကာ တိုက်ခိုက်လာသည်ဟု AA က စွပ်စွဲလိုက်သည်။

ဇန်နဝါရီ ၂ ရက်က ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အသုံးပြုသည်ဟု စွပ်စွဲခြင်းဖြစ်သည်။

“ဘယ်နိုင်ငံကထုတ်တဲ့ ဒရုန်းယာဉ်တွေလဲဆိုတာတော့ ကျွန်တော်တို့လည်း ဆက်ပြီးလေ့လာတုန်းပဲရှိသေးတယ်” ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ထောက်လှမ်းရေးသုံး မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်” ဟု အတည်ပြုသော်လည်း တိုက်ခိုက်ရေးအတွက်အသုံးပြု၊ မပြုကိုမူ ဝန်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လိုအပ်လာရင်တော့ သုံးမှာပေါ့ဗျာ၊ စစ်တိုက်တာပဲဗျာ နိုင်အောင်တိုက်ကြမှာပေါ့၊ ကလေးချင်းရန်ဖြစ်ရင်တောင် နိုင်သလိုမရရင် ကုန်းကိုက်ကြတာပဲ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တပ်မတော်တွင် မည်သည့်အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်များနှင့် အရေအတွက်မည်မျှအသုံးပြုနေကြောင်း Myanmar Now က ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာတွင် ၎င်းက “အချိန်တန်ရင် ကျွန်တော်တို့တောင် ဖုံးကွယ်လို့မရဘူး။ သိချိန်တန်ရင် သိလာပါလိမ့်မယ် ဆန္ဒမစောပါနဲ့” ဟု ဆိုသည်။

ကျန်ခဲ့သည့် နှစ်များအတွင်းက တရုတ်နိုင်ငံက ထုတ်လုပ်သည့် မောင်သူမဲ့လေယာဉ်များကို မြန်မာနိုင်ငံမှဝယ်ယူထားကြောင်း စစ်ဘက်ဆိုင်ရာသတင်းများနှင့် ဓာတ်ပုံများ တက်လာခဲ့ရာ၊ “တရုတ်နိုင်ငံထုတ် CH 3 စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်များ” ဟု ယူဆရကြောင်း ရန်ကုန်အခြေစိုက် သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ မှ ဒေါက်တာနိုင်ဆွေဦးက Myanmar Now ကိုပြောသည်။

“ခေတ်သစ်စစ်ပွဲတွေမှာ ဘယ်နိုင်ငံမှာမဆို မောင်းသူမဲ့ယာဉ်တွေကို တိုက်ခိုက်ရေးအတွက်မသုံးရင်တောင် ထောက်လှမ်းရေးအတွက်သုံးနေကြတာပဲ။ ဒါက ဖြစ်နိုင်တယ်လို့ သုံးသပ်လို့ရပါတယ်” ၎င်းက ဆိုသည်။

အွန်လိုင်း စစ်ရေးမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် “Defence Blog” တွင် ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့သည့် သတင်းတိုတစ်ပုဒ်တွင်လည်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံလုပ် စစ်ဘက်သုံး CH3 မောင်းသူမဲ့ယာဉ် တစ်စီးကို တွေ့ခဲ့ရကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ အဆိုပါ CH-3 ယာဉ်များကို China Aerospace Science and Technology Corporation (CASC) လက်အောက်ရှိ China Academy of Aerospace Aerodynamics က ပုံဖော်ထုတ်လုပ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ယာဉ်များကို မြန်မာနိုင်ငံက ဝယ်ယူမည်ဖြစ်ကြောင်း၊ အရေအတွက်ကိုမထုတ်ဖော်ကြောင်း ရေးသားထားသည်။

အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း တပ်မတော်က တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ သုံးစွဲသည့် ဖြစ်စဉ်မျိုး ရှိသည်ဟု သတင်းမထွက်ပေါ်ခဲ့သည့် အတွက် ရခိုင်တွင် အမှန်တကယ် သုံးစွဲတိုက်ခိုက်ခဲ့ပါက တပ်မတော်က တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် ပထမဆုံးအသုံးပြုသည့် တိုက်ပွဲများဟု သတ်မှတ်နိုင်သည်ဟုလည်း ဦးနိုင်ဆွေဦးက ဆိုသည်။

တပ်မတော်က ခေတ်မီစစ်လက်နက်များသုံးစွဲတိုက်ခိုက်မှုတွင် ၂၀၁၅ ခုနှစ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်ထုတ် အတွဲလိုက်ဒုံးများကို အသုံးပြုခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလက ရခိုင်တိုက်ပွဲများတွင်သုံးခဲ့သည်ဟု ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles