
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ပါ အချက်များကို ဆန့်ကျင်ကာ တပ်မတော်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) တပ်ရင်းဌာနချုပ် တပ်စခန်းများကို မောင်းသူမဲ့ ယာဉ် (ဒရုန်း) များဖြင့် ၂၀၁၈ ခုနှစ်ကတည်းက လာရောက်ထောက်လှမ်းနေခဲ့သည်ဟု KNU ဘက်က စွပ်စွဲသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာမှစ၍ ကရင်ပြည်နယ် ဖာပွန်ခရိုင် အခြေစိုက် KNU တပ်မဟာ (၅) တပ်ရင်းစခန်းများပေါ် ဒရုန်းများ တစ်ပတ်လျှင်တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပျံသန်းမှုများရှိသည်ကို သတိထားမိသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာမှ စတင်စောင့်ကြည့်ခဲ့ရာ အဆိုပါ ဒရုန်းများသည် တပ်မတော် တပ်စခန်းများသို့ ပြန်လည်ဆင်းသက်သွားသည်ကို တွေ့ရကြောင်း အမှတ် (၅) တပ်မဟာဌာနချုပ်၊ ဗိုလ်မှူးစောကလဲဒိုက ဗုဒ္ဓဟူးနေ့တွင် Myanmar Now ကို ပြောသည်။
“NCA ကတိကဝတ်တွေ ခံထားပြီးတော့မှ အဲသည်လိုလုပ်တယ်ဆိုတော့ ကတိတွေကို ဖျက်ချင်လို့ လုပ်တာလို့ပဲ ယူဆတယ်။ အပစ်အခတ်ရပ်စဲရေး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကာလမှာ တစ်ဖက်နှင့်တစ်ဖက် ထောက်လှမ်းတာတွေ မလုပ်ရဘူးလို့ ကတိကဝတ်တွေ ရှိထားတဲ့အပေါ်မှာ သူတို့က တစ်နေ့ကျရင် NCA ကို ဖျက်ပြီးတော့မှ အရင်တုန်းကလို လက်နက်နဲ့တိုက်တဲ့ဘက်ကို ပြန်လှည့်မလားလို့ ကျွန်တော်တို့က စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။
အမှတ် (၅) တပ်မဟာဌာနချုပ်ကလည်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ကရင်) သို့ အင်္ဂါနေ့က စာတစ်စောင်ပေးပို့လိုက်ပြီး တပ်မတော်၏ ယင်းလုပ်ရပ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) အခန်း (၃) ၊ အပိုဒ် (၅) ၊ အပိုဒ်ခွဲ(က/ခ) နှင့် လိုက်နာရမည့် စစ်ဘက်ကျင့်ဝတ်များပါ အခန်း (၃) ၊ အပိုဒ်ခွဲ (က/ခ) တို့ကို ချိုးဖောက်နေသဖြင့် ကန့်ကွက်ကြောင်း ရေးသားထားသည်။
NCA စာချုပ်ပါ အချက်များအရ အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့် တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် သဘောတူထားကြသည်။
ထို့ပြင် တစ်ဖက်နှင့်တစ်ဖက် ရန်မူသည့် (သို့မဟုတ်) စော်ကားမှုဖြစ်စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့် လုပ်ရပ်များကို မပြုလုပ်ရဟုလည်း သတ်မှတ်ထားသည်။
မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်ကမူ KNU စွပ်စွဲချက်ပါ ကိစ္စကို စစ်ဌာနချုပ်အနေဖြင့် မသိရသေးကြောင်းနှင့် သက်ဆိုင်ရာ တပ်ရင်းစခန်းများကို မေးမြန်းပြီးမှ အတည်ပြုနိုင်မည်ဟု ပြောသည်။
“အဲဒီ (တပ်မဟာ ၅ အနီး) ဘက်မှာ (တပ်မတော်တပ်စခန်းတွေ) နေရာတိုင်းနီးပါးမှာရှိပါတယ်။ ဒရုန်း (မောင်းသူမဲ့ယာဉ်) နဲ့ (ဓာတ်ပုံ) ရိုက်တဲ့ကိစ္စက တပ်ကြပ်တွေ လိုက်မေးမှပဲ သိရမယ်။ JMC-S (ကရင်) ဘက်ကလည်း ဘာမှမပြောသေးလို့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။
ထပ်မံဖြည့်စွက်ချက်။ ။ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မှူးထွန်းက အဆိုပါစွပ်စွဲချက်ကို ပယ်ချလိုက်ပြီး တပ်မတော်က ဒရုန်းနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေခြင်းများရှိနေသည်ကို မငြင်းလိုကြောင်း၊ သို့သော် လက်ရှိအသုံးပြုနေသည့် ဒရုန်းများမှာ ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်သော ဓာတ်ပုံ၊ ဗီဒီယိုရိုက်သည့် ဒရုန်းများဖြစ်ကြောင်း ပြောသည်။
“KNU ဖြစ်ဖြစ် ဘယ်စခန်းတွေဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ စခန်းတွေပါတယ်။ စခန်းတွေရှိနေတာက မြေပြင်မှာလည်း သတင်းရပြီးသားဖြစ်ပါတယ်။ မြေပြင်မှာ ဘာစခန်းရှိတယ်ဆိုတာ အကုန်လုံးကလည်း သိပြီးသားပါ။ တကူးတက ဒရုန်းတွေကို အသုံးပြုပြီး ဓာတ်ပုံရိုက်စရာမလိုပါဘူး” ဟု ၎င်းကပြောသည်။
တပ်မတော်တွင် တပ်ရင်း၊ တပ်ခွဲ အဆင့်များ၌ ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူထားသော ဒရုန်းများရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးချခြင်းသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။
၁၉၈၀ ပြည့်လွန်နှစ်များကတည်းက ဒရုန်းကဲ့သို့ ပစ္စည်းများ အသုံးပြုကာ သစ်တောများနှင့် ဆည်တည်ဆောက်သည့်နေရာများကို ဓာတ်ပုံရိုက်ခြင်းများ ရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၀၂) နှင့် တပ်ရင်း (၁) တို့ အပေါ်သို့ ဒရုန်းပျံသန်းမှု ၅ ကြိမ်ခန့် ရှိခဲ့ပြီး ဖာပွန်မြို့ရှိ တပ်မတော်၏ အခြေချစစ်ဗျူဟာရုံးနှင့် တပ်ရင်း (၁) အနီးရှိ တပ်မတော်ပိုင် ခိုကြာခိုစခန်းတွင် ပြန်လည်ဆင်းသက်သွားသည်ဟု သက်ဆိုင်ရာ တပ်ရင်းများမှ စောင့်ကြည့်သူများ သတင်းပေးပို့လာသည်ဟု ဗိုလ်မှူးစောကလဲဒိုက ဆိုသည်။
၎င်းအပြင် ဒီဇင်ဘာလတွင် တပ်မဟာ (၅) ဌာနချုပ်၌ ဒရုန်းပျံသန်းမှု ၂ ကြိမ် ရှိခဲ့ပြီး ဖာပွန်မြို့ရှိ တပ်မတော်၏ အခြေချစစ်ဗျူဟာရုံးတွင် ပြန်လည်ဆင်းသက်ခဲ့သည်ဟု ၎င်းက ပြောသည်။
ယင်းလုပ်ရပ်များကို တပ်မတော်ဘက်က ချက်ချင်းရပ်တန့်ပေးရန် JMC-S (ကရင်) သို့ အကြောင်းကြားစာ ပေးပို့ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောကလဲဒိုက ပြောသည်။
၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တွင် တပ်မဟာ ခုနစ်ခုနှင့် တပ်ရင်း ၁၆ ခု ရှိသည်။
KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် NCA ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။