အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်တွင် မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အဆက်မပြတ်ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုတို့ကြောင့် နှစ်ရက်အတွင်း ဒေသခံ နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိသွားသည်။

ယနေ့ (ဇန်နဝါရီ ၂၇ )၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဦးသန်းရွှေမောင်ဆိုသူ ရွာအနီး တောတောင်ထဲသို့ ထင်းခုတ်ရန် သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဂျိမ်း–ဂျိမ်းလို့ ကြားရတယ်။ ခဏနေတော့ မကြီး၊ မကြီး၊ ငါဒုက္ခရောက်နေပြီလို့ သူ့မယားကို အော်ပြောနေတာကို ကြားရတယ်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ဆင်းလာတာ တောင်ခြေရင်း အရောက်မှာ သေသွားတာ” ဟု ၄င်းက ပြောသည်။

ထိုမိုင်းပေါက်ကွဲမှုဖြစ်ပေါ်သည့် တောင်တန်း၏ မီတာ ၁၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

“တောင်တန်းတစ်လျှောက်တည်းမှာပေါ့၊ စစ်တပ်က တောင်ဘက်မှာ ရှိတယ်။ အခုပေါက်ကွဲတာက မြောက်ဘက်မှာပါ။ သူတို့ရဲ့ (စစ်ဆင်ရေး) ဗျူဟာပွိုင့်က ပင်မရှိနေတယ်ဆိုတော့ သူတို့လုံခြုံရေးအတွက် ထောင်ထားတာလို့ သုံးသပ်တယ်” ဟု ဒေသခံ ဒုတိယမြောက်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၆ ) နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာအနီး ပေါက်ကွဲမှုတွင် ရိုဟင်ဂျာတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိသွားသည်။ သေဆုံးသူမှာ အသက် ၁၀ နှစ်အရွယ် မာမက်နုရ်ဖြစ်ပြီး ဒဏ်ရာရသူတို့မှာ ဂျာနီအာလမ် (၁၄ နှစ်)၊ အော်ဇီးအူလ္လာ (၁၂ နှစ်) နှင့် ရော်ဘီအုလ်ဟာဆောင်း (၁၂ နှစ်) တို့ဖြစ်သည်။

၄င်းတို့သည် ရွာနှင့် ၇ ဖာလုံခန့် ဝေးသွားသည့် တောင်တန်းသို့ ထင်းခုတ်ရန် သွားရောက်ကြစဉ် ထိခိုက်ကြခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိရ်ဟူဆိန်းက ပြောသည်။

“မိုင်းပေါက်လို့ တစ်ယောက်ဆုံးသွားတယ်။ နောက်သုံးယောက်ကတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ တစ်ယောက်ကိုတော့ မောင်တောဆေးရုံသို့ ပို့ထားပါတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ တောင်တန်းများတွင် ပြီးခဲ့သည့် သုံးလခန့်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုရှိခဲ့သည်။ ယင်းပတ်ဝန်းကျင်မှ ဒေသခံများမှာ ဟင်းရှာ၊ ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်နေရသူများဖြစ်သောကြောင့် ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားသဖြင့် စိုးရိမ်နေရသည်ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မှာက တောတောင်ကို သွားပြီး ဟင်းရှာတယ်။ ထင်းခုတ်ပြီး စားသောက်နေရတာပါ။ အခုလိုမျိုး ဖြစ်သွားတော့ တော်တော်စိုးရိမ်သွားတယ်။ မိုင်းတွေရှိမလားဆိုပြီးတော့ အဲဒီတောကို မသွားရဲတော့ဘူး” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AA တို့သည် ၂၀၂၂ နိုဝင်ဘာ ၂၆ မှစတင်ကာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် ယာယီအပစ်အခတ်ရပ်စဲလိုက်ကြသည်။ 

ထို့ကြောင့် စစ်ကောင်စီတပ် မိုင်းရှင်းလင်းပေးမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထင်ထားသလို ဖြစ်မလာဟု ဒေသခံတို့က ဆိုသည်။ 

ဇန်နဝါရီ ၁၈ ကလည်း မြောက်ဦးမြို့နယ်၊ နဒင်ကျေးရွာမှ ဒေသခံတစ်ဦးသည် ရွာအနီး တောတောင်သို့ သစ်ခုတ်ရန်သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံး၊ အခြားတစ်ဖက် ပြင်းထန်စွာ ဒဏ်ရာရထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button