
ရန်ကုန် – အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ရေးအတွက် အဓိကကျတဲ့ အချက်ထဲမှာ စေတနာရှိဖို့က အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ ရန်ကုန်မြို့က အထင်ကရ အိုင်တီသမား နာမည်ကျော် ဉာဏ်ကြီးရှင် (Genius) အော်ဂဲနစ် ကော်ဖီလုပ်ငန်း ထူထောင်သူ ဦးငွေထွန်းက ပြောလိုက်ပါတယ်။ ၄၁ နှစ်အရွယ် ဦးငွေထွန်းက ကမ္ဘောဇ ဘဏ်လီမိတက်ရဲ့ ၂ဝ၁၄ ခုနှစ်အတွက် စွန့်ဦး တီထွင် စီးပွားရေးလုပ်ငန်းရှင်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
ဦးငွေထွန်းက ရှမ်းပြည်နယ်ထွက် ဓာတုဆေး ကင်းလွတ်တဲ့ ကော်ဖီစေ့ကုန်ကြမ်းအသုံးပြုပြီး ၂ဝ၁၂ မှာ ကော်ဖီလုပ်ငန်းကို အစပြုခဲ့တာပါ။ အော်ဂဲနစ်ဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ကို အချိန်တိုအတွင်းမှာပဲ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဦးငွေထွန်းက လုပ်ငန်း စတင်ခဲ့ပုံတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပြောပြထားပါတယ်။
မေး။ ။ ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်းကို စတင်ဖို့အတွက် ဘယ်လို စိတ်ကူးရခဲ့ပါသလဲ။
ဖြေ။ ။ ပြည်ပရောက်တဲ့အခါ စူပါမားကက်တွေကို သွားကြည့်ကြည့်တယ်၊ ဗမာကော်ဖီတွေ ထွက်သလားဆိုတော့ ထွက်တယ်။ ကော်ဖီ ၁၄၊ ၁၅မျိုးလောက် ရှိတယ်။ ဒါပေမယ့် ဘယ်တုန်းက လှော်ထားတယ်၊ ဒီကော်ဖီက ဘယ်ကလဲဆိုတာ မပြောထားဘူး၊ အဲဒါတွေအားလုံးကို ကျွန်တော် သတိထားမိတယ်။ ဟုတ်ပြီ။ ဒါဆိုရင်တော့ ကျွန်တော် ထုတ်မယ်ဆိုရင် ဖြစ်နိုင်တယ်။ အဲဒီလိုနဲ့ ကော်ဖီ စထုတ်ဖြစ်တာ။ စခါစတော့ ကော်ဖီကို ကုန်ကြမ်းပဲရောင်းမယ်ဆိုပြီး စိတ်ကူးတာ။ သူများက ဒေါ်လာ ၃,ဝဝဝ ရောင်းရင်။ ကျွန်တော်က ၅,ဝဝဝ ရအောင် ဘယ်လိုလုပ်မ လဲ စဉ်းစားပြီးတော့ ထုတ်တာ။ ကုန်ကြမ်း တစ်တန်လောက် ထုတ်ခဲ့ပြီးတဲ့အခါမှာ ကိုယ့်ကော်ဖီအကြောင်းကို သိအောင် လုပ်ရမယ် ဆိုပြီးတော့ လှော်ကြည့်တယ်။ လှော်ကြည့်ရင်းနဲ့မှ အမျိုးတွေကိုပေး၊ ပွဲတွေမှာလှူ၊ အဲဒီလိုနဲ့မှ သိလာပြီးတော့ အထုပ်လေးတွေ စမ်းထုတ်ကြည့်ပြီးတော့ ရောင်းကြည့်တာပါ။
မေး။ ။ ကော်ဖီလုပ်ငန်းထဲ စဝင်ချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲ။
ဖြေ။ ။ အခက်အခဲကတော့ ဈေးကွက် သတင်းအချက်အလက် ရှာဖွေလို့ မရဘူး။ ဥပမာ ဗမာပြည်မှာ ကော်ဖီဘယ်နှမျိုး ရှိသလဲ။ အဲဒါတွေကို သိရဖို့အတွက် ကော်ဖီတွေအကုန်လုံးကို စမ်းသောက်ကြည့်၊ ပြီးရင် ဘယ်ကော်ဖီက ဘယ်အဆင့်ရှိတယ်ဆိုပြီး အကုန်လုံးသိအောင်လုပ်ပေါ့။ နောက်တစ်ခုကတော့ ဒီမှာက ကော်ဖီနဲ့ပတ်သက်တဲ့ နည်းပညာ၊ ဗဟုသုတ၊ သတင်း အချက်အလက် အဲဒါတွေကို ရမယ့်နေရာ မရှိဘူး။ အဲဒါတွေကတော့ အဓိကပြဿနာပေါ့။
မေး။ ။ ဈေးကွက်ကို ဘယ်လို ကြိုးစားပြီး ရှာဖွေခဲ့ပါသလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက မြန်မာပြည်ကို နိုင်ငံခြားသားတွေ လာလည်လို့ ပြန်ရင် ဝယ်စရာ ပစ္စည်း မရှိဘူး။ မြန်မာပြည်က ထွက်ကုန်ဆိုပြီးတော့ ဝယ်သွားစရာ ပစ္စည်းမရှိဘူး။ ဝယ်ဖို့အတွက်ကလည်း တချို့ ပစ္စည်းတွေက ဗမာလိုတွေပဲ ရေးထားတယ်။ တချို့ပစ္စည်းတွေက အသေအချာ ဘာမှမလုပ်ထားဘူး။ ကျွန်တော်တို့ နိုင်ငံခြားသွားရင် အပြန်မှာ အိမ်အတွက် လက်ဆောင်ပေးဖို့ တစ်ခုခုပြန်ပြီး ဝယ်သွားကြတယ်။ သူတို့တွေလည်း အပြန်မှာ ဝယ်သွားချင်ကြမှာပဲဆိုပြီး စဉ်းစားမိတယ်။ အဲဒီ လက်ဆောင်ပစ္စည်းဈေးကွက်က အကြီးကြီးပဲဆိုတာ သွားတွေ့တယ်။ လွန်ခဲ့တဲ့ ၄နှစ်လောက်တုန်းက ဒီကို ခရီးသွားတွေကလည်း လာတယ်။
အဲဒီခရီးသွားတွေ အတွက် တစ်ခုခုတော့ပေးဖို့ ကြိုးစားမယ်ပေါ့။ ကျွန်တော့်ကော်ဖီကို ကျွန်တော်ရောင်းဖို့ စဉ်းစားတဲ့အခါမှာ အဲဒီ လက်ဆောင်ပစ္စည်းဈေးကွက်ကို အရင် စစဉ်းစားတာ၊ အသွင်အပြင်က သူတို့ကြိုက်တဲ့ဟာမျိုးဖြစ်ဖို့ လိုတယ်။ ကျန်တဲ့ကော်ဖီတွေကို ကြည့်လိုက်တဲ့အခါမှာတော့ အကုန်လုံးက ပလတ်စတစ်တွေနဲ့ ထုပ်တယ်။ ဖန်စီ အရောင်တွေနဲ့ ထုတ်တယ်။ ကျွန်တော်တို့ အဲဒီလိုကာလာတွေ မထုတ်ဘူး၊ စက္ကူအရောင်လေးနဲ့ထုတ်မယ်ဆိုပြီးလုပ်တယ်။ ဈေးကွက်ကိုကြည့်တော့လည်း ဒီမှာကော်ဖီသောက်မယ့်သူတွေက ကျန်းမာရေးလိုက်စားတဲ့ သူတွေ၊ နောက်တစ်မျိုးက ဒီမှာ အမြဲနေတဲ့ နိုင်ငံခြားသားတွေက သောက်တယ်။ အဲဒီဈေးကွက်ကလည်းမသေးဘူး ဆိုပြီးတော့ အဲဒီဈေးကွက်ကို အဓိကထားပြီးတော့ လုပ်တယ်။ အခုကတော့ ဈေးကွက်ပိုပြီးကျယ်ပြန့်လာအောင် လုပ်ပါတယ်။
မေး။ ။ အော်ဂဲနစ်ကော်ဖီက တခြားကော်ဖီတွေက ဘယ်လို ကွာခြားချက်တွေ ရှိပါသလဲ။
ဖြေ။ ။ အော်ဂဲနစ် ကော်ဖီကတော့ အဲဒါက ဘယ်ကလာလဲ ဆိုတာ အထိ သိတယ်။ ပုံမှန်ထုတ်တဲ့ ကော်ဖီကတော့ ဘယ်ကလာမှန်းမသိဘူး။ ဒီနယ်ကတော့ သိတယ်။ ဒါပေမယ့် ဒီကော်ဖီက မောင်ဖြူဆီကလား၊ မောင်မဲဆီကလားဆိုတာတော့ ဘယ်ရွာကလာတာလဲတော့ မသိဘူး။ ရောသွားပြီ။ အရသာတွေကလည်း ပြောလို့ပုံမှန်မရနိုင်ဘူး။ ကောင်းချင်ရင်လည်း ကောင်းနိုင် သလို တစ်ခါတစ်ခါလည်း မကောင်းချင်လည်း မကောင်းဘူး။ အော်ဂဲနစ်ကတော့ သေချာတယ်။ ဒီလိုအရသာပဲ ပုံမှန်ဖြစ်နေမှာ။ ပြောင်းစရာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ထုတ်တဲ့ အော်ဂဲနစ်ကော်ဖီတွေက (ရှမ်းပြည်နယ်) ရွာငံ ဒေသ၊ အလယ်ကိုင်းရွာ တစ်ရွာထဲကပဲ လာတာ။ ကော်ဖီစိုက်တောင်သူ ၅ဝ က အဲဒီရွာမှာ ဧက ၇၈ ဧကမှာ အော်ဂဲနစ်ကော်ဖီ စိုက်ပျိုးနေတာ။
မေး။ ။ အော်ဂဲနစ်ကော်ဖီစိုက်ပျိုးဖို့အတွက် ကော်ဖီစိုက်တောင်သူတွေကို ဘယ်လို စည်းရုံးခဲ့ရသလဲ။
ဖြေ။ ။ သူတို့က စိုက်ထားပြီးသား။ အဓိကကတော့ အော်ဂဲနစ်ဆိုတဲ့သဘောကတော့ အဲဒီ အဆင့်အတန်းတွေနဲ့ ညီရဲ့လား ဆိုတာကို အသိအမှတ်ပြုလက်မှတ် ပေးလိုက်တာ။ ဒီဒေသမှာရှိ တဲ့ မြေယာနောက်ခံအချက်အလက်တွေကို အေးဂျင့်တစ်ယောက်က အကုန်လုံးကို လိုက်ကောက်တာပေါ့။ သူကလည်း အဲဒီမှာနေခဲ့တာ ၁ဝနှစ်လောက်ရှိပြီ။ ဒါရဲ့ မြေယာနောက်ခံအချက် အလက်တွေ အကုန်လုံးကို သူကသိတယ်။ ကျန်တဲ့သူတွေကိုလည်းမေးတယ်။ ခင်ဗျားတို့ ဘာတွေစိုက်ဖူးလဲ။ ဘယ်လိုဆေးဝါးတွေ သုံးဖူးလဲ၊ အဲဒီရွာကိုသွားပြီး ကွင်းဆင်းကြည့်။ လိုအပ်တဲ့ အချက်အလက်တွေကိုစု။ လူတွေကိုလည်း စည်းရုံး။ အော်ဂဲနစ်ဆိုတာဘာလဲဆိုတာကိုပြော။ သင်တန်းတွေလုပ်။ ကော်ဖီဝယ်တဲ့အချိန်မှာ ဈေးပိုရမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြီး စည်းရုံးခဲ့တယ်။ ဥပမာ ပုံမှန်ကော်ဖီက ၁,ဝဝဝ ပဲ ရရင် အော်ဂဲနစ်ကော်ဖီဆို ၁,၅ဝဝ ပေးတယ်။ မနှစ်ကဆိုရင်တော့ သူတို့စဉ်းစားနေကြသေးတယ်၊ ၁ဝဝ ရှိတဲ့ အထဲမှာ ၅ဝ ပဲ လုပ်တယ်၊ ဒီနှစ်မှာတော့ တစ်ရွာလုံးက လုပ်လာကြတယ်။ သူတို့ရွာက ဒီမြို့နယ်မှာ စံပြ ဖြစ်ချင်လာကြတယ်။ အသိအမှတ်ပြုလက်မှတ် ရဖို့က သိန်း ၁ဝဝ လောက်ကို ကျွန်တော်တို့က ရင်းထားရတယ်။ အဲဒါက စွန့်စားမှုပဲ။ အဲဒီလိုနဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ပထမဆုံး အော်ဂဲနစ်ကော်ဖီဆိုပြီး ထုတ်နိုင်ခဲ့တယ်။
မေး။ ။ ပြည်ပပို့ဖို့အတွက် ဈေးကွက်ရှာတဲ့အကြောင်း ပြောပြပါဦး။
ဖြေ။ ။ ၂ဝ၁၃ကနေစပြီးတော့ ပို့ဖြစ်တယ်။ အဓိကကတော့ ဂျပန်ကိုများတယ်။ ကုန်ကြမ်းက ဟောင်ကောင်နဲ့ ထိုင်ဝမ်နဲ့ များတယ်။ စင်ကာပူကိုလည်း ပို့တယ်။ သြစတြီးယားနဲ့ဂျပန်ကတော့ အသင့်စားလို့ရတဲ့ ထွက်ကုန်ကို ပို့ပေးတယ်။ အဓိက အခက်အခဲကတော့ မြန်မာဆိုတဲ့ဟာကို နိုင်ငံတကာက မသိဘူး။ မြန်မာကို နိုင်ငံတကာက သိအောင် ပထမဆုံး ကြိုးစားရတယ်။ အဲဒါက အဓိက အခက်အခဲပဲ။ သိပြီးတဲ့အခါမှာတော့ နမူနာတွေပို့ရတယ်။ ကျွန်တော်တို့က အာဆီယံ အဆင့်မှာလည်း တော်တော်ကောင်းတဲ့ ကော်ဖီအရည်အသွေးတွေ ရထားတယ်။ မြေကြီးက တော်တော်ကောင်းတယ်။ မြေကြီးက ဗီယက်နမ်တို့ဘာတို့လို မြေသြဇာတွေ အများကြီးသုံးပြီးတော့ စိုက်ထားတာ မဟုတ်ဘူး။ အဲဒါကိုသာ အသုံးသေသေချာချာ ချနိုင် တယ်ဆိုရင် ကော်ဖီနဲ့ နိုင်ငံခြားဝင်ငွေတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်တယ်။ အဲဒီအရပ်ဒေသတွေကို ဖွံ့ဖြိုးဖို့ဆိုရင် အဲဒီလူတွေကိုယ်တိုင်က အလုပ်အကိုင်တွေ ဝင်ငွေတွေ ရှိလာမှ ဖွံ့ဖြိုးအောင် လုပ်နိုင်မှာပေါ့။
မေး။ ။ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း လုပ်ချင်တဲ့ လူငယ်တွေကို ဘာတွေများ အကြံဉာဏ်ပေးချင်ပါသလဲ။
ဖြေ။ ။ လုပ်ငန်းလုပ်တဲ့အခါမှာ ကိုယ့်ရဲ့နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုကို မျှတအောင်သုံးဖို့ရယ်။ အဓိကကတော့ စေတနာပါပဲဗျ။ စေတနာသာ ကောင်းမယ်ဆိုရင်တော့ ကျန်တဲ့ဟာတွေ အားလုံးက သူ့ဘာသာသူနောက်ကနေ လိုက်လာပါလိမ့်မယ်။ ။