သတင်း

ကယားပြည်နယ်တွင် လွိုင်ကော်မြို့တွင်း အပါအဝင် သုံးနေရာ၌ တိုက်ပွဲဖြစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းအပါအဝင် နေရာသုံးခု၌ ယနေ့ (ဇန်နဝါရီ ၆) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံ ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ခဲ့သည်။ 

ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ၊ ၅ မိုင်နှင့် စံပြ ၆ မိုင်ကျေးရွာတို့တွင် နံနက် ၈ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့မြောက်ဘက်ရှိ ကယန်းသာယာလမ်းဆုံတွင် နံနက် ၅ နာရီနှင့် လွိုင်ကော်မြို့တွင်း မိုင်းလုံးရပ်ကွက်၌ နံနက် ၁၀ နာရီတွင် တိုက်ပွဲများဖြစ်ခဲ့သည်ဟု သိရသည်။ 

လွိုင်ကော်မြို့မြောက်ဘက် ကယန်းသာယာလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲမှာ နာရီဝက်ခန့် ကြာကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တပ်ရင်း ၂ လှုပ်ရှားနယ်မြေတွေကို စစ်သားတွေ စစ်ကြောင်းထိုးလို့(တိုက်ပွဲ)ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်က အနည်းဆုံး ၁၅ ယောက် သေဆုံးနိုင်ပြီး အခြားထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း၊ KNDFနှင့် PDF များဘက်က ထိခိုက်သူမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကယန်းသာယာလမ်းဆုံတွင် စစ်ကြောင်းထိုးလာသော စစ်သားများကို KNDF တပ်ရင်း ၂၊ တပ်ရင်း ၃ နှင့် အရှေ့ဘက်ကမ်း (ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း) PDF တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး လက်နက်အချို့လည်း သိမ်းယူရရှိကြောင်း KNDF တပ်ရင်း ၃ ကလည်း သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ စစ်တပ်ကင်းပုန်းများကို KNDF၊ KDF နှင့် GZ 21 (Loikaw) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Karenni Democratic Front (KDF) တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

“မြို့တွင်းတိုက်ပွဲမှာ နီးစပ်တဲ့ပြည်သူတစ်ယောက် သတင်းပေးချက်အရ ဒန်ပါကားနဲ့ကို အတုန်းအရုံး တင်သွားတာ တွေ့တယ်။ ဒဏ်ရာရတဲ့သူလဲ ပါမယ်။ သေဆုံးစာရင်းကတော့ လောလောဆယ် ကျွန်တော်တို့ ဘာမှ အတိအကျ မသိသေးဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။

မိုင်းလုံးရပ်ကွက်ရှိ လွိုင်ကော်အစိုးရနည်းပညာတက္ကသိုလ်ရှေ့တွင် ဖြစ်ခဲ့သော အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်က အနည်းဆုံး ၁၀ ဦး ထိခိုက်နိုင်ပြီး ကရင်နီပူးပေါင်းတပ်များဘက်က ထိခိုက်သူမရှိဟု ဆိုသည်။

“ကျွန်တော်တို့ ကိုယ်တိုင်မြင်ခဲ့တဲ့ မြင်ကွင်းကတော့ သူတို့စစ်သားတွေဟာ ဘောလုံး (အားကစား) ဘောင်းဘီနဲ့ကို ကြောက်အားလန့်အားနဲ့ ထွက်ပြေးကြတယ်။ သေနတ်တွေတောင် ချန်ထားခဲ့တာ။ ကျွန်တော်တို့လည်း ရှောင်တခင် ဝင်တိုက်ခဲ့တာဆိုတော့” ဟု ၎င်းက ပြောသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်သဖြင့် မိုင်းလုံးရပ်ကွက်ရှိ မျက်မမြင်အမျိုးသားတစ်ဦးအပါအဝင် လူနှစ်ဦး ဒဏ်ရာရခဲ့သည်။ 

မျက်မမြင်အမျိုးသားမှာ နောက်ကျောတွင် လက်နက်ကြီးစ ထိမှန်ပြီး သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာရခဲ့ကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

မည်သည့်အချိန်တွင် လက်နက်ကြီးထိမှန်သည်ကို မသိခဲ့သော်လည်း လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ရောက်ရှိချိန်မှာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“(လက်နက်ကြီး) အစ မှန်တာပါဗျ။ (လက်နက်ကြီး) အစက တခြားနေရာသုံးခုကို မှန်ပြီးမှ သူ့ကို လာမှန်တာပါ။ (ဒဏ်ရာ) များတယ်၊ သတိတော့ လစ်တစ်ချက် ရတစ်ချက်ပဲ” ဟု ၎င်းက ပြောသည်။

အခြားဒဏ်ရာရသူတစ်ဦးမှာ လွိုင်ကော်မြို့နယ် ဂေါက်ကွင်းအနီးတွင်ဖြစ်ပြီး မျက်မြင်မတွေ့ရသဖြင့် အသေးစိတ်မပြောနိုင်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ၊ ၅ မိုင်နှင့် စံပြ ၆ မိုင်ကျေးရွာတို့တွင် စစ်ကြောင်းသုံးခုဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်နှင့် KNDF တို့ နံနက် ၈ နာရီမှ ၅ နာရီခွဲအထိ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၈ ဦး သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စစ်တပ်က သံချပ်ကာယာဉ်များအသုံးပြုခဲ့ပြီး စံပြ ၆ မိုင်ကျေးရွာတွင် နေအိမ် ၄ လုံးနှင့်အထက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က ဆိုသည်။

မွန်းတည့် ၁၂ နာရီတွင် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လွိုင်ကော်) မှ သံချပ်ကာယာဉ်သုံးစီး ထွက်လာသည်ကို မြင်ရပြီး ဒီးမော့ဆိုဘက်သို့ သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကား၍ လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

နံနက်ပိုင်းက စစ်တပ်ကင်းပုန်း တိုက်ခိုက်ခံရသည့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် ညနေ ၆ နာရီခန့် အထိ လက်နက်ကြီးလက်နယ်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု အထက်ပါမြို့ခံက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး မေလ ၁၉ မှ ဒီဇင်ဘာလကုန်အထိ ကရင်နီဒေသတွင် တိုက်ပွဲ ၁၃၀ ကျော် ဖြစ်ပွားခဲ့ပြီး KNDF က ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ဘက်က သေဆုံးသူ ၂၄၉ ဦးရှိပြီး ဒဏ်ရာရသူ ၁၄၉ ဦးရှိကြောင်း KNDF က ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button