အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် အမျိုးသမီးရှေ့နေ လေးဦး ဖမ်းဆီးခံရသည်မှာ သုံးရက်ကျော်ပြီဖြစ် 

နိုင်ငံရေးအမှုများ ကူညီဆောင်ရွက်ပေးနေသည့် မန္တလေးမှ အမျိုးသမီးရှေ့နေ လေးဦးမှာ ဖမ်းဆီးခံရပြီး သုံးရက်ကျော်သည်အထိ မည်သည့်နေရာတွင်ရှိနေမှန်း မိသားစုပင် အတည်ပြုနိုင်ခြင်းမရှိဟု တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၃ ရဲစခန်းဝင်းအနီးရှိ ရွှေအလင်းဥပဒေအကျိုးဆောင်လုပ်ငန်းရုံးခန်းတွင် ရှိနေသည့် ဒေါ်လွင်လွင်မာ အပါအဝင် လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၉ ရက် ညပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မန္တလေးမြို့အခြေစိုက် ရှေ့နေတစ်ဦးက ပြောသည်။

“အခုအချိန်အထိတော့ အိုးဘိုထောင်ကို ပို့လာတာမျိုး မရှိသေးဘူး။ စစ်ကြောရေးမှာပဲလို့ သိထားရတယ်။ တရားစွဲတာ ဘာညာလည်း မရှိသေးပါဘူး” ဟု အဆိုပါ ရှေ့နေ အမျိုးသားက ပြောသည်။​

ဖမ်းဆီးခံရသူများမှာ တရားလွှတ်တော်ရှေ့နေသုံးဦးနှင့် အထက်တန်းရှေ့နေတစ်ဦးဖြစ်ပြီး ဒေါ်လွင်လွင်မာမှအပ အခြားရှေ့နေသုံးဦး၏ အမည်ကို ထုတ်ဖော်လိုခြင်းမရှိသေးဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ထောင်ရောက်လာမှ စိတ်အေးရမှာ။ အခုက မိသားစုနဲ့လည်း အဆက်အသွယ်မရ ဖြစ်နေတယ်”ဟု အထက်ပါရှေ့နေက ပြောသည်။

အဆိုပါ အမျိုးသမီးရှေ့နေလေးဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အမှတ် ၃ နယ်မြေရဲစခန်းနှင့် ကာယကံရှင်တို့၏ မိသားစုဝင်များထံ Myanmar Now က ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။

“နိုင်ငံရေးအမှုတွေကို လိုက်မပေးရဲတော့အောင် လုပ်ကြတယ်ထင်ပါတယ်။ ဒေါ်လွင်လွင်မာကဆို ခုကာလ ၅၀၅ အမှုတွေ (စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ခံရသူများ) ကို အားတက်သရော ကူညီတာ” ဟု မန္တလေးမြို့အခြေစိုက် အမျိုးသမီးရှေ့နေတစ်ဦးက သုံးသပ်သည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်သွားသူများ၊ အသက်သေဆုံးသူများ ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်ကပင် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လူငယ်ခေါင်းဆောင် ကိုသဲထွေးမောင်နှင့် ဇနီးတို့ကို ဖမ်းခေါ်သွားပြီး ၂ ရက်အကြာတွင် သေဆုံးပြီဟု မိသားစုထံ စစ်ကောင်စီက ပြောခဲ့ပြီး အလောင်းပင် ပြန်မပေးသည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဒီဇင်ဘာ ၂၂ ထုတ်ပြန်ချက်အရ အာဏာသိမ်း ပြီး ၁၀ လကျော်အတွင်း ဖမ်းခံရသူ တစ်သောင်းကျော်၊ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၄၀၀ နီးပါးရှိပြီဟု သိရသည်။

စစ်ကောင်စီကမူ AAPP ကို တရားမဝင်အဖွဲ့ဟု ပြောပြီး စာရင်းများချဲ့ကားလွန်းသည်ဟု တုံ့ပြန်ဖူးသည်။

AAPP ကမူ ထိုစာရင်းများမှာ လက်လှမ်းမီသလောက် စုစည်းထားခြင်းသာဖြစ်၍ အရေအတွက်မှာ ထို့ထက်များနိုင်သည်ဟု ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles