စစ်ခေါင်းဆောင်များရှိရာ အုပ်ချုပ်ရေးမြို့တော်၊ နေပြည်တော်ဧရိယာအတွင်း ယနေ့ (ဒီဇင်ဘာ ၂၀) တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သတင်းထုတ်ပြန်ပြီး အဆိုပါတိုက်ခိုက်မှုကို ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။
ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု လက်ဖက်တောင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ကြိုတင်ပြင်ဆင်ထားသော မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီး ချောက်ထဲကျကာ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်းနှင့် မိမိတို့ဘက်မှ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ကြောင်း နေပြည်တော် PDF ဒုတာဝန်ခံ ဗိုလ်ငွေစိုးက Myanmar Now ကို ပြောသည်။
“ဒီဇင်ဘာလဆန်းကတည်းက မပိုင်သေးလို့ စောင့်နေတာ။ ဒီနေ့မှ ပိုင်လို့ လုပ်လိုက်တာ။ ကျွန်တော်တို့ ဆွဲကွင်းထဲရောက်တဲ့အခါ အကုန်လုံးဆွဲချလိုက်တာ။ အဲ့မှာ တစ်စီးပဲထိပြီး နောက်ထပ်လည်း ထပ်ပါလာလို့ ပြန်ဆုတ်လိုက်ရတယ်။ မဟုတ်ရင် အကုန်ရှင်းပစ်ပြီး လက်နက်ပါ ကောက်နိုင်တယ်” ဟု ၎င်းက ပြောသည်။
“သူတို့ကားတန်းက နောက်က ထပ်လိုက်လာတာ။ ဆွဲပြီး ကျန်တဲ့ကောင်တွေ ပြန်ပစ်တာနဲ့ ကျွန်တော်တို့ ပြန်ပစ်တာ။ အပြန်အလှန်ပစ်ခတ်မှုက မိနစ် ၂၀၊ ၂၅ မိနစ်လောက် ကြာမယ်” ဟုလည်း ဗိုလ်ငွေစိုးက ဆက်ပြောသည်။
ပျဉ်းမနားမြို့အရှေ့ဘက် ပေါင်းလောင်းမြစ်တစ်ဖက်ကမ်းရှိ တောင်ပေါ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရစဉ် ထိခိုက်သေဆုံးမှု ရှိမရှိ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း တိုက်ခိုက်မှုမှန်ကန်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသည်ဟု ကြားသိရကြောင်း ပျဉ်းမနားမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲနှစ်ပွဲဖြစ်တယ်ဗျ။ ဟိုဘက်က အသေအပျောက်များတယ်လို့ သိရတယ်။ အတိအကျတော့ ပြောမရဘူး” ဟု အမည်မဖော်လိုသူ အဆိုပါဒေသခံက ပြောသည်။
ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီယာဉ်တန်းကို ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း စစ်တပ်ယာဉ်တန်းကို နေပြည်တော် PDF က တိုက်ခိုက်ခဲ့သည်။
ဩဂုတ်လအတွင်း ပထမတိုက်ခိုက်မှု မှန်ကန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဒေသခံများက အတည်ပြုခဲ့သော်လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့သည်။
ယနေ့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။
နေပြည်တော် PDF အနေဖြင့် စစ်ကောင်စီ၏ နေပြည်တော်စစ်ရုံးကိုပါ တိုက်ခိုက်ရန် ကြိုးစားနေပြီး ပြောက်ကျားစနစ်ဖြင့် ပိုင်နိုင်မှ တိုက်ခိုက်သွားမည်ဟု ဗိုလ်ငွေစိုးက ဆိုသည်။
“ကျွန်တော်တို့ဘက်ကတော့ စစ်ကောင်စီအနေနဲ့ နေပြည်တော်တစ်ခုတည်းကို အုပ်ချုပ်လို့ရမယ်ဆိုတဲ့ အခြေအနေမျိုးမဖြစ်အောင် လုံးဝကြိုးစားသွားမှာပါ။ နေပြည်တော်လို နေရာမျိုးမှာ လှုပ်ရှားရတဲ့အတွက် ဆက်ပြီးတော့ ဒီထက်ကောင်းမွန်တဲ့ လုပ်ဆောင်မှုမျိုးတွေနဲ့ ပြည်သူတွေအားရအောင် လုပ်ပါမယ်” ဟု ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)