ပြည်ပသို့ စက်လှေဖြင့် တရားမဝင်သွားရောက်ရန် ကြိုးပမ်းစဉ် နိုဝင်ဘာတတိယပတ်တွင် ဖမ်းဆီးခံထားရသူ ၁၉၉ ဦးကို ယမန်နေ့ (ဒီဇင်ဘာ ၁၄ ) တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တရားရုံးက လဝကဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။
ထိုသူများအနက် အသက် ၁၈ နှစ် မပြည့်သေးသူ ၉၀ ကျော်ကို ထပ်မံ၍ တရားမဝင်ခရီးထွက်ခြင်း မပြုရန် ပြောဆိုကာ ယနေ့ (ဒီဇင်ဘာ ၁၅) တွင် ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါရှေ့နေက ဆက်လက်ပြောသည်။
ထောင်ချခံရသည့် ရိုဟင်ဂျာ ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး၊ လိုက်ပို့သူ မြန်မာ ၅ ဦးတို့ကို ဘူးသီးတောင်အကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်း၊ ထောင်ဒဏ် များပြားလွန်းနေသဖြင့် ခရိုင်ရုံးသို့ အယူခံဆက်တက်မည်ဖြစ်ကြောင်း အထက်ပါ အမှုလိုက်ရှေ့နေက ပြောသည်။
“ငါးနှစ်ဆိုတာ အများဆုံးပြစ်ဒဏ်ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ကို အဲဒီလိုပြစ်ဒဏ်မပေးသင့်ဆိုပြီး မိသားစုတွေက မကျေနပ်ဆိုပြီး အယူခံတက်မယ်။ ဒီနေ့ လူငယ် ၉၀ လွှတ်ပေးတာကတော့ တရားမျှတမှုရှိတယ်”ဟု ဆိုသည်။
မောင်တောဒေသမှ ရိုဟင်ဂျာများသည် မလေးနိုင်ငံသို့ စက်လှေဖြင့် သွားရောက်ရာ စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ စက်လှေခရီးတွင် ပါဝင်သော အသက် ၁၀ နှစ်အောက် ၃၅ ဦးကို ကနဦးကတည်းက ပြန်လွှတ်ပေးလိုက်သည်။
ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် မွတ်စလင်များသည် ၂၀၁၂ ခုနှစ်အရေးအခင်းမှစ၍ အသွားအလာကန့်သတ်ခံထားရသည်။ ၎င်းတို့သည် အလုပ်အကိုင်မရှိသည့်ပြင် ကျေးရွာများ (သို့မဟုတ်) ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသောကြောင့် ရန်ကုန်အပါအဝင် မလေးရှား၊ ထိုင်း စသည့် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ကြိုးပမ်းနေကြသည်။
သို့သော်လည်း အများအပြားသည် ရခိုင်ပြည်နယ်မှ ထွက်ခွာရန် ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ အဖမ်းအဆီးနှင့် ကြုံနေရသည်။ ရခိုင်ပြည်နယ်မှ ထွက်ခွာနိုင်ခဲ့သော်လည်း ရန်ကုန်၊ ထားဝယ် စသည့် မြို့ကြီးများတွင် ဖမ်းမိပြီး ရခိုင်ပြည်နယ်သို့ ပြန်ပို့ခံနေရသည်။
နိုဝင်ဘာ ၂၅ တွင် ဘူးသီးတောင်မြို့နယ်ရှိ မွတ်စလင်များအနေဖြင့် နယ်ကျော်ပြီးခရီးသွားလာလျှင် ခရီးသွားလာခွင့်ထောက်ခံချက် (ပုံစံ ၄) ရယူပြီးမှသာ ခရီးသွားလာခွင့်ရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသည်။
ခွင့်ပြုချက်မယူဘဲ သွားလာလျှင် တည်ဆဲဥပဒေများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ တို့အရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ပြီး ယင်းအမိန့်သည် ၂ လပြည့်မြောက်သည်အထိ အတည်ဖြစ်သည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)