
အိန္ဒိယစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Vaibhav Global Limited က မြန်မာနိုင်ငံမှ တင်သွင်းရောင်းချသည့် ကျောက်မျက်ရတနာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေစဉ် အရောင်းစာရင်းမှ ဖယ်ရှားထားသည်ကို Justice For Myanmar (JFM) က ကြိုဆိုလိုက်သည်။
အာဏာသိမ်းပြီးနောက်တွင် မြန်မာ့ကျောက်မျက်ရတနာများကို ဆက်လက်တင်သွင်းနေပြီး နာမည်ကြီး အမေရိကန်အွန်လိုင်းဈေးကွက်များအပါအဝင် လက်လီလက်ကားရောင်းချနေခြင်းသည် စစ်ကောင်စီကို အကျိုးအမြတ်ရစေသည်ဟု JFM က ယမန်နေ့(နိုဝင်ဘာ ၂၄) က ထုတ်ပြန်ပြီးနောက်တွင် Vaibhav Global ကုမ္ပဏီက ထိုသို့ ကြေညာလိုက်ခြင်းဖြစ်သည်။
“ဒီစုံစမ်းစစ်ဆေးမှုက အမှီအခိုကင်းပြီး ပွင့်လင်းမြင်သာရမဲ့အပြင် မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ အကြံဉာဏ်ရယူမှုတွေ ပါဝင်သင့်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
ထိုကုမ္ပဏီသည် ဟောင်ကောင်နှင့် ဘန်ကောက်ရှိ လက်အောက်ခံကုမ္ပဏီနှစ်ခုမှတစ်ဆင့် မြန်မာ့ကျောက်မျက်ကို အဓိကရယူနေပြီး စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီနှင့် ဇွန်တွင် ပတ္တမြားတင်သွင်းမှု ၈ ကြိမ်၊ ဧပြီတွင် ကျောက်စိမ်းတင်သွင်းမှု ၂ ကြိမ်ရှိခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအချက်အလက်ကုမ္ပဏီ Panjiva ကို ကိုးကား၍ JFM က ပြောသည်။
Vaibhav Global က ကျောက်စိမ်းနှင့် ကျောက်မျက်များကို ကိုယ်ပိုင်ဝက်ဆိုက်နှင့် အခြားအင်တာနက်စာမျက်နှာများမှ ရောင်းချသည့်ပြင် မေနှင့် ဇူလိုင်လလယ်တွင် အမေရိကန်ဈေးကွက်ကို ပစ္စည်းတင်ပို့မှု ၈ ခုရှိခဲ့သည်ဟုလည်း JFM ၏ မှတ်တမ်းက ဆိုသည်။
မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သည့် ကျောက်မျက်များမှာ ပြပွဲတွင် ရောင်းချသည်များကို အဓိကထားရသည် ဖြစ်၍ စစ်ကောင်စီက ထိုအရောင်းအဝယ်များမှ အခွန်အခ အကျိုးအမြတ်များရမည်မှာ မလွဲဧကန်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
အာဏာသိမ်းပြီးချိန်တွင် အမေရိကန်နှင့် ဗြိတိန်က မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ပိတ်ဆို့ထားသောကြောင့် မြန်မာဘက်က တရုတ်နှင့် အာရှဈေးကွက်ကို ပိုမိုအလေးထားလာပြီး အထူးစိတ်ဝင်စားသည့်ထဲတွင် အိန္ဒိယလည်းပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“(ပြည်တွင်း၌ တရားဝင်ပြုလုပ်သည့်) ကျောက်မျက်ပြပွဲတွေဆိုရင်လေ။ ကျောက်စိမ်းအပြင် တခြား ကျောက်မျက်တွေကို အိန္ဒိယက စိတ်ဝင်စားတာကို အဲဒီတော့လာတယ်” ဟု ထိုလုပ်ငန်းရှင်က ပြောသည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို စီးပွားရေးပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းထားသည့် အမေရိကန်သည်ပင်လျှင် တင်သွင်းခွင့်ကို ပိတ်ပင်ခြင်းမရှိ၍ အမေရိကန်အခြေစိုက် Amazon, Walmart, Overstock တို့တွင် ဆက်လက်ရောင်းချနေသည်ဟု JFM က ဝေဖန်သည်။
ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာလုပ်ငန်းသည် စစ်အုပ်စု၏ အကြီးမားဆုံးငွေအရင်းအမြစ်တစ်ခုဖြစ်ပြီး ၎င်းတို့ ကျူးလွန်နေသော ရက်စက်ကြက်ကြုတ်မှုများအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေကြောင်း Justice For Myanmar က ဆိုသည်။
စစ်ကောင်စီသည် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၏ ကျောက်မျက်ရောင်းချမှု၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၏ ကျောက်မျက်လုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ရေးလိုင်စင်များမှလည်း အကျိုးအမြတ်များရနေကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။
အမေရိကန်ကွန်ဂရက်လွှတ်တော်၌ အောက်တိုဘာတွင် တင်သွင်းထားသည့် Burma Act 2021 အမည်ရှိ ဥပဒေ၏ ပုဒ်မ ၂၀၃ အရ မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်ပို့မှု ကန့်သတ်နိုင်မည်ဖြစ်၍ အမြန်ဆုံးပြဋ္ဌာန်းရန် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် ယူရိုငွေ၊ ကျပ်ငွေတို့ဖြင့် ရောင်းချသည့် ကျောက်စိမ်းနှင့် ကျောက်မျက် အရောင်းပြပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
၂၀၁၉-၂၀၂၀ အတွင်း နှစ်လယ်ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇၃၆၀ ကျော်ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီး သုံးလအကြာ ဧပြီလတွင် စစ်ကောင်စီက နေပြည်တော်၌ ကျပ်ငွေဖြင့် ရောင်းသည့် ကျောက်မျက်ပြပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသော်လည်း ဝင်ငွေမည်မျှရသည်ကို ထုတ်ပြန်ခြင်းမရှိပေ။
အလားတူပင် နိုင်ငံခြားငွေဖြင့် ရောင်းချမည့်ပြပွဲကို ဒီဇင်ဘာလအတွင်း နေပြည်တော်၌ပင် ပြုလုပ်ရန် စီစဉ်နေကြောင်း ကျောက်မျက်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)