ဆောင်းပါးရုပ်ပုံလွှာ

တစ်ကိုယ်ရေ လွတ်မြောက်မှုအတွက် ပန်းချီဆွဲသူ တင်အောင်မြင့်

သမိုင်းလမ်းဆုံအနီး၊ City Mart ဘေးလမ်းထဲဝင်၊ လမ်းလယ်ဓမ္မာရုံလေးကို ကျော်လိုက်တော့ ဝဲဘက်ရှိ ခြံတစ်ခြံထဲမှာ ပန်းချီတင်အောင်မြင့် နေထိုင်တဲ့ ဂိုဒေါင်သဖွယ် အဆောက်အအုံတစ်ခုကို တွေ့ရတယ်။ အဆောက်အအုံထဲ ဝင်လိုက်တာနဲ့ ပန်းချီဆေးနံ့တချို့ ရလိုက်သလို အခန်းနံရံမှာ မှီထောင်ထားတဲ့ Non-representative Paintings ခေါ် Abstract ပန်းချီကား (သို့) ဒြပ်မဲ့ ပန်းချီကားအတော်များများကို တွေ့ရတယ်။

ပြီးတော့ ရေဆေးပန်းချီကား အကြည်လေးတွေလည်း အများအပြား၊ Cubism ပန်းချီကား အနည်းငယ်နဲ့ Surrealism နွယ်တဲ့ ပန်းချီကားတချို့လည်း တွေ့လိုက်ရပါတယ်။

“အဲဒီ Abstract ပန်းချီကားတွေထဲမှာ ခင်ဗျား သိပ်ပြီး စိတ်ကျေနပ်မှုရနေတဲ့ ပန်းချီကားက ဟောဒီ အဝါရောင်နောက်ခံ ပန်းချီကားရယ်၊ နောက်ပြီး ဒီအနက်ရောင်ပန်းချီကားပဲလို့ ကျနော် ထင်တယ်ဗျ။ ကျန်တဲ့ ကားတွေတော့ ခင်ဗျား စိတ်ကျေနပ်မှု ဘယ်လိုလဲဆိုတာတော့ ကျနော် သိပ်မသိဘူး၊ ကြည့်သူ ကျနော့်အနေနဲ့ကို အားမရသလို ခံစားရတယ်” လို့ ဝေဖန်လိုက်တော့…၊ သူ့စိတ်အလျဉ်အတိုင်း နေထိုင်တတ်သူ ပန်းချီတင်အောင်မြင့်က ဘာမှ မပြောဘဲ ပြုံးနေပါတယ်။

ခဏနေတော့မှ သူက – “ကျနော့် ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ဒီလို ပြောသူ၊ ဒီလိုမြင်သူ မရှိသေးဘူး။ သူတို့ကြိုက်ရင် ဝယ်သွား၊ ယူသွားကြတာ များတယ်။ အစ်ကို ပြောမှ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်မိတယ်။ ကျနော်က စိတ်ပါမှ ပန်းချီ ရေးတယ်၊ သီချင်းရေးတယ်၊ ဗိသုကာပုံတွေ ဖန်တီးတယ်။ ပြီးတော့ ကဗျာလေးတွေ၊ ဝတ္ထုတိုလေးတွေ ရေးတယ် ပေါ့ဗျာ။ အစ်ကို အခုလို ပြောတော့မှ… ကျနော် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိသွားတယ်။ ကျနော်က ပျော်နေမှပဲ အလုပ် လုပ်တယ်၊ ပျော်နေမှပဲ အလုပ် လုပ်လို့ရတယ် ဆိုတာ ပြန်တွေ့သွားတယ်” လို့ တင်အောင်မြင့်က ဆိုပါတယ်။

ရုတ်တရက်သာ သူ့ကို တွေ့လိုက်ရသူတွေ ဆိုရင် သူဟာ ခင်မင်နှစ်လိုဖွယ် တဦးလို့ ဘယ်လိုမှ မမြင်နိုင်ပါ။ သို့ပေမဲ့ သူဟာ ခင်မင်နှစ်လိုဖွယ်ကောင်းသူတဦးပါ။ ဘာဖြစ်လို့လဲဆိုတော့ စကားပြောရာမှာပဲ ဖြစ်ဖြစ်၊ သူ့ခံစားချက်ကို ဖွင့်ထုတ် သွန်ချရာမှာပဲ ဖြစ်ဖြစ် သူဟာ အားပါးတရ ပြောဆိုတတ်၊ ပြုမူတတ်တာကို သူနဲ့ တွေ့ဆုံခဲ့တဲ့ မိနစ်ပိုင်းအတွင်း လေ့လာသိရှိလိုက်ရသလို သူ့စိတ်ခံစားမှုကိုလည်း လျှပ်တစ်ပြက် သိမြင်ခံစားလိုက်ရတာကြောင့်ပါ။

“ကျနော် ကြောက်တာ တစ်ခုရှိတယ်။ အဲဒါက တစ်ခုခုကို စိတ်ကျေနပ်မှု မရှိဘဲ လုပ်ဖြစ်နေတာမျိုး၊ ဖန်တီးနေတာမျိုးပဲ။ ကျနော့်အတွက် အခက်အခဲတွေက တစ်ခုခုလုပ်နေချိန်မှာ ကျန်တာတွေ အားလုံး မေ့သွားတာပဲ။ ထည့်သွင်း မစဉ်းစားမိ တော့တာပဲ။ ကျနော့် စိတ်ကျေနပ်မှုနဲ့ ကျနော် ကျေနပ်အားရ ဖြစ်သွားမှပဲ အဲဒီအလုပ်တစ်ခုက ပြီးမြောက်သွားတာ…” လို့ တင်အောင်မြင့်က သူ့ အနုပညာဖန်တီးမှုအပေါ် သူ့ရဲ့ ခံစားမှုကို ပြောပါတယ်။

ပြီးတော့… သူက “အစ်ကို ပြောသလို… ကျနော် စိတ်ကျေနပ်မှု ရတဲ့ ပန်းချီကားတွေက ကြိုက်နှစ်သက်သူ၊ ဝယ်ယူလိုသူ ပိုများတာ တွေ့ရတယ်။ ကျနော် စိတ်ကျေနပ်မှု နည်းနေတဲ့ ပန်းချီကားတွေဆို အဲဒီကားတွေကို ပြန်ကြည့်ရတာကိုက စိတ် မပျော်ဘူး၊ ငြီးငွေ့သလိုတောင် ဖြစ်တယ်ဗျ။ ငြီးငွေ့စေမယ့် ကားတွေ မရေးဆွဲ မဖန်တီးချင်ဘူး” လို့လည်း သူက ပြောပြတယ်။

တကယ်တော့ ပန်းချီ၊ ပန်းပုပဲ၊ ဖြစ်ဖြစ်… တခြား ဘယ်အနုပညာ ဖန်တီးမှုတွေမှာပဲ ဖြစ်ဖြစ် အနုပညာ ဖန်တီးမှု ဆိုတာ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ပုံဖော် ထင်ဟပ် တင်ပြတာ ဖြစ်တယ်။ တင်အောင်မြင့်ဟာလည်း သူ့စိတ်ခံစားမှုကို သူ သိမြင် တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှုနဲ့ ပုံဖော်ထင်ဟပ် တင်ပြတာ တွေ့ရတယ်။ သို့ပေမဲ့ အများစုသော ပန်းချီဆရာတွေလို သူများ အကြိုက် (သို့မဟုတ်) ကြည့်ရှုသူ အကြိုက်၊ ဝယ်ယူသူ အကြိုက် ရေးဆွဲနေသူတွေလို ရေးဆွဲတင်ပြတာမျိုး မဟုတ်တာလည်း သတိပြုမိ ပါတယ်။

တာအိုဝါဒကို လက်ခံသူ

“ကျနော်က Minimalism ကို ပန်းချီထဲမှာရော ဘဝထဲထိပါ လက်ခံကျင့်သုံးပါတယ်။ တကယ်က Taoism ကို နှစ်သက် လက်ခံတာပါ။ ကျနော် နှစ်သက်ရတဲ့ အကြောင်းရင်းနဲ့ အဲဒီ philosophy ကို စိတ်ဝင်စားတာက… ဘဝမှာ ပိုလျှံခြင်းကို အရမ်းမုန်းပါတယ်။ ချို့ငဲ့ခြင်းနဲ့ ထပ်တူထပ်မျှ မုန်းတယ်ဗျ” လို့လည်း သူက ပြောပြတယ်။

လူ့ဘဝ လူ့တာဝန်မှာ သဘာဝတရားနဲ့ လူနဲ့ အကြား သဟဇာတဖြစ်တဲ့ မျှခြေကို ရှာဖွေနေထိုင်ဖို့ဟာ အရေးအကြီးဆုံးလို့ ခံယူကျင့်သုံးသူ တင်အောင်မြင့်မှာ အဝတ် ၁၀ စုံ မပြည့်၊ ဘာပစ္စည်းပဲ ဖြစ်ဖြစ် အပိုများလာရင် စိတ်အလွန် မချမ်းမသာဖြစ်ရသူ၊ environmentalist တစ်ယောက်လို့လည်း သူ့ကို ပြောရမှာပါ။

ပန်းချီတင်အောင်မြင့်ရဲ့ မျက်မှောက်ခေတ် လူသား ဖြစ်တည်မှုနဲ့ သဘာဝဝန်းကျင်အပေါ် အမြင်က ဒီလိုပါ။

“လူသားကိုယ်တိုင်က အနုပညာ၊ ဘဝဟာ အနုပညာ၊ သဘာဝလောကကြီးဟာ အနုပညာ၊ စကြဝဠာကြီးကိုယ်၌က အနုပညာနဲ့ တည်နေတယ် လို့ အခိုင်အမာ ယုံကြည်ပါတယ်။ အနုပညာမဲ့တဲ့ ပေါင်းစည်းမှုတိုင်းဟာ ဟန်ချက်မညီလို့ ရေရှည် မတည်တံ့ဘူး လို့ ခံယူတယ်။ မျက်မှောက်ခေတ် လူနေမှုကို အရမ်းမုန်းပါတယ်။ အနုပညာ ဟန်ချက်ပျက်ယွင်းပြီး မျှခြေ မခိုင်တော့တဲ့ ခေတ်လို့ မြင်ပါတယ်” လို့ သူက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နေတာနဲ့ ဆက်စပ်ပြီး သူပြောပြတာက “ပန်းချီကားတစ်ကားရဲ့ အစိတ်အပိုင်းလေးတစ်ခုဟာ သူ့ချည်း ကွက်ကွက်လေး ပြီးပြည့်စုံအောင် ကောင်းနေရုံနဲ့ ပန်းချီကား တချပ်လုံး အနုပညာမြောက် ဖြစ်မလာပါဘူး။ အစိတ်အပိုင်းတိုင်း ဟန်ချက်ညီစွာ မျှခြေတည်ဆောက်နိုင်မှသာ အနုပညာမြောက်ဖြစ်လာတာပါ။ မျက်မှောက်ခေတ်လူသားတွေရဲ့ အခြေအနေက သူ့ချည်း ကွက်ပြီး အရမ်းကောင်းလာပေမဲ့ အဲလို ချွန်ထွက်ပြီး ကောင်းလွန်းနေတာကိုက သဘာဝလောကကြီးရဲ့ အလွန် အနုပညာမြောက်တဲ့ ဟန်ချက်ညီမှု မျှခြေကို ဖျက်ဆီးပစ်ရာရောက်နေပါတယ်” လို့လည်း သူ့ရဲ့ စိုးရိမ်မှုကို ပြောပြတယ်။

ပန်းချီ တင်အောင်မြင့်ကို အဖ ဦးကျော်မြင့် အမိ ဒေါ်မြင့်မြင့်သိန်းတို့က ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်၊ ရန်ကုန်မြို့ လသာမြို့နယ်မှာ မွေးဖွားပါတယ်။ သူ့ရဲ့ အစ်မနဲ့ ညီမတို့ကလည်း လက်ရှိမှာ ဆရာဝန်တွေ ဖြစ်ကြပြီး အမေ ဖြစ်သူက အစ်မဖြစ်သူနဲ့ အတူ မကွေးမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

စက်မှုတက္ကသိုလ်ကျောင်းသား ဘဝ

စက်မှု တက္ကသိုလ် (RIT) ကျောင်းသားတဦး ဖြစ်ခဲ့တဲ့ တင်အောင်မြင့်ဟာ ပန်းချီဆရာဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အာရ်အိုင်တီ အမှတ်မီတာနဲ့ ၁၉၉၅ ခုနှစ် စတက်ဖြစ်သွားရာကနေ ပုံဆိုးပန်းဆိုး ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြခဲ့တာကြောင့် ထောင်ကျခဲ့ရတဲ့ အကြောင်းကို အခုလို ပြောပြတယ်။

“အဲဒါနဲ့ ပတ်သက်ပြီး ၉၆ အရေးအခင်းဖြစ်ပြီး ကျောင်းပိတ်သွားတယ်ဆိုပါတော့။ ကျောင်းဖွင့်တာ ၂ လပဲ ရှိသေးတယ်။ ၁ နှစ် နဲ့ ၈ လလောက်ကြာတော့ ကျောင်းပြန်ဖွင့်တယ်။ ၇ ရက်ပဲ ပြန်ဖွင့်ပြီး စာမေးပွဲ အဖြေခိုင်းတယ်။ အဲဒါဟာ ပညာရေး အနေနဲ့ မဖြစ်သင့်ဘူး ဆိုတာ ဝန်ကြီးဦးသောင်းကို ကျောင်းသားတွေ စုပြီး လက်မှတ်ထိုးတင်ပြတယ်။ ဝန်ကြီးက စာသင်ရက် ပြန်တိုးပေးဖို့ လက်မခံဘူး။ ဒါနဲ့ပဲ အခြေအမြစ် မရှိတဲ့ ပုံဆိုးပန်းဆိုး ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒပြခဲ့တယ်။ စာမေးပွဲဖြေတော့ ဦးဆောင်ပါဝင်သူ ၂၅ ယောက် GTI မှာ ခွဲဖြေရတယ်။ ဆန္ဒပြပွဲပြီးလို့ ၂ လအကြာမှာ ကျနော့်ကို လာဖမ်းတယ်။ ဖမ်းလို့ မမိတာနဲ့ ကျနော့်အဖေကို ဖမ်းသွားပြီး လူစားပြန်လဲဖို့ ဖုန်းနံပါတ်ပေးခဲ့တယ်။ ၉၈ နိုဝင်ဘာ ၉ ရက်နေ့မှာ အဖမ်းခံရတယ်။ ၇ နှစ်ချတယ်။ ထောင်ထဲမှာ ၃ နှစ် ၈ လကျော် ကြာတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၂၈ မှာ ပြန်လွတ်လာတယ်”

“ထောင်ထဲမှာ ဗိသုကာဆိုင်ရာတွေ ၁ နှစ်ကြာ စဉ်းစားလေ့ကျင့်တယ်။ လ,တော်တော်ကြာ သီချင်းရေးတယ်။ အင်္ဂလိပ်စာ ကို ၁ နှစ်နီးပါး လေ့လာဖြစ်ခဲ့တယ်။ အဘိဓာန်ကို အက္ခရာစဉ် အလိုက် အလွတ်ကျက်မှတ်တာတွေတောင် ရှိခဲ့တယ်”

ကိုတင်အောင်မြင့်ရဲ့ ဗိသုကာ လေ့လာမှုနဲ့ ဗိသုကာ လက်ရာတွေ အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

“ဗိသုကာကို အစပိုင်းမှာ ကိုယ်တိုင် စာဖတ်ပြီး လက်တွေ့လေ့ကျင့်ခဲ့ပါတယ်။ ထောင်က လွတ်ပြီးနောက်မှာ ဆရာရွှေဆီမှာ သင်ယူရင်း သူ့လက်အောက်မှာ ဝင်လုပ်ခဲ့ဖူးတယ်။ Miesvander, Kahn, Tange, Frank Lloyd Wright, Alva Alto တို့ကို အရမ်းအားကျတယ်။ Modern architecture ကို အလေးအနက် ယုံကြည်တယ်။ postmodernism မှာ concept ခိုင်မှာမှုနဲ့ ပြစရာ အားကောင်းကောင်း လက်ရာမျိုး မရှိဘူး လို့ ခံစားရတယ်။ ဗိသုကာရဲ့ အန္တိမပန်းတိုင်ဟာ space လို့ ယုံကြည် တယ်။ အဲဒီ space ကို structural principle ထဲက စည်းကမ်းတကျ ရှာဖွေတင်ပြနိုင်တာကို ဗိသူကာတစ်ယောက်ရဲ့ ဂုဏ်လို့ ယုံကြည်တယ်။ design လုပ်ပေးဖူးတာ ဆိုလို့ တောင်ဥက္ကလာမှာ shelter လေးတစ်ခုရယ်၊ ကွမ်းခြံကုန်း မန်းကလိတ်မှာ တည်လက်စ ပုထိုးတဆူရယ်ပဲ ရှိပါတယ်။ ဗိသုကာပညာဆိုတာ အနုပညာမြောက်တဲ့ ဟင်းလင်းခွင် လက်တွေ့ ပုံဖော်ဖမ်းယူတဲ့ အတတ်ပညာ လို့ ခံယူပါတယ်”

ပန်းချီနဲ့ ဗိသုကာကြား သဘောသဘာဝအားဖြင့် အတော်ကွားခြားပါတယ်။ အဲဒီကွာခြားတဲ့ အချက်၊ ခြားနားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပန်းချီတင်အောင်မြင့်က သူ့ရဲ့ အယူအဆကို အခုလို ပြောပါတယ်။

“ပန်းချီက မြင်တွေ့ခံစားရအောင် လှုံ့ဆော်တာပါ။ ဗိသုကာကတော့ ကိုယ်တိုင်ပါဝင် ထိတွေ့ခံစားမှုကို ပေးပါတယ်။ ပန်းချီရဲ့ အားသာချက်က လက်တွေ့ ပုံဖော်ရာမှာ အချုပ်အနှောင် နည်းတယ်။ ဗိသုကာက အတားအဆီး အချုပ်အနှောင် ပိုများတယ်။ ပန်းချီလက်ရာကောင်းက တစ်မျိုးတည်းပဲ လှနိုင်တယ်။ ဗိသုကာလက်ရာကောင်းက အချိန်ကို လိုက်ပြီး အမျိုးမျိုးလှနိုင်တယ်။ ပန်းချီမှာ functional value ကို ထည့်တွက်ဖို့ မလိုတော့ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဗိသုကာမှာတော့ funtional value ကို ထည့်တွက်ရတယ်။ လုပ်ချင်တာ အပြည့်အဝ လုပ်ခွင့်ရမယ်ဆိုရင်တော့ ဗိသုကာကို ပိုကြိုက်တယ်။ ရှင်းအောင်ပြောပြဖို့တော့ အခက်အခဲ ရှိနေတယ်ဗျ။ Art make you feel while architecture make you experience. (ပန်းချီအနုပညာ လက်ရာက သင့်ကို တွေးမြင်ခံစားရစေပြီး ဗိသုကာလက်ရာကတော့ သင့်ကို ထိတွေ့ ခံစားရစေတယ်) လို့ ပြောရမလားမသိ”

ပန်းချီတင်အောင်မြင့်က သူငယ်စဉ်က ပန်းပုထုခဲ့တဲ့ အကြောင်းလည်း အခုလို ပြောပြတယ်။

“ကျနော် ၆ တန်း၊ ၇ တန်းလောက်မှာ အပျင်းပြေ မြေဖြူတောင့်နဲ့ ရေအိုးရွက်ထားတဲ့ မိန်းမပျိုလေးပုံ ထုကြည့်ရင်း စလုပ်ဖြစ် တာပါ။ ထုပြီးရင် မြေဖြူပန်းပုလေးကို superglue လောင်းချလိုက်တော့ ဆင်စွယ်ရုပ်လေးလို ဖြစ်သွားရော။ ထောင်ထဲ ရောက်တော့ အခြေအနေရဲ့ လိုအပ်ချက် အရ သူငယ်ချင်းတွေ အတွက် ဘုရားဆင်းတုကို ဆပ်ပြာခဲနဲ့ ဒိုင်ခံထုပေးခဲ့တယ်။ အဲဒီနောက် ဆပ်ပြာအမွှေးတုံးနဲ့ နှင်းဆီပန်းခြင်းလေးတွေ ထုတယ်။ အပြင်ပြန်ရောက်တော့ ရွှံ့ဖြူလက်ဆောင် ရလို့ နှင်းဆီပန်းဂန္ဓမာပန်းတွေ ထုတယ်။ တစ်ခါက အရမ်းကို အာသီသပြင်းလာလို့ ပျားဖယောင်းဝယ်ပြီး ကျနော်ရေးတဲ့ ပန်းချီကားကို ပန်းပုပြန်ထုဖြစ်တယ်။ အဲဒီပုံတော့ မရှိတော့ဘူး”

ပန်းချီကားနဲ့ အရက်ကောင်းကောင်း

ပန်းချီကား ကောင်းကောင်းကို ရွေးချယ်ရကြသလဲ…၊ ဘယ်လို ရွေးချယ်ရမလဲ လို့ ပန်းချီနဲ့ ဆက်စပ် ပတ်သက်သူများကြား မကြာခဏ မေးမြန်းကြ ပြောဆိုကြတဲ့ မေးခွန်းတစ်ခုပါ။ ဒီမေးခွန်းကို အလွယ်တကူ ဖြေဖို့၊ ပြောပြဖို့ ခက်ခဲ ရှုပ်ထွေးပါတယ်။ ပန်းချီတင်အောင်မြင့်က ပန်းချီကား ကောင်း/မကောင်း ရွေးဖို့ ကြည့်ဖို့ အခုလို ပြောပြတယ်။

“တစ်ခါက မိတ်ဆွေ ကဗျာရေးသူတွေနဲ့ စကားဝိုင်းမှာ အမေးခံရဖူးတယ်။ ပန်းချီကား ကောင်းမကောင်း ဘယ်လို ကြည့်ရမလဲတဲ့။ ကျနော်က ပြန်မေးတယ်..၊ အရက်ကောင်း ဟုတ်မဟုတ် ခင်ဗျားတို့ ဘယ်လိုခွဲခြားသိနိုင်လဲ လို့။ အရက်ကောင်း များများသောက်ဖူးရင် အရက် ကောင်း/ မကောင်း ခွဲခြမ်းစိတ်ဖြာနေစရာ မလိုဘဲ အလိုလိုသိနိုင်သလို ပန်းချီကားကောင်း များများကြည့်ဖူးထားရင် ပန်းချီကား မကောင်းတဲ့ အခါ ချက်ချင်း သိနိုင်ပါတယ် လို့ ပြောခဲ့တယ်” လို့ သူ့ အယူအဆ အမြင်ကို ပြောပြတယ်။

ပန်းချီတင်အောင်မြင့်ဟာ ပန်းချီကို ၁၉၉၄ ခုနှစ်က စတင်ရေးဆွဲခဲ့တာ ဖြစ်ပြီး ဆီဆေးကို စတင်လေ့လာခဲ့တာလို့ သိရပါတယ်။ ပန်းချီရေဆေး ဆီဆေး သုံးစွဲ ရေးဆွဲတာကို သူ့ဘာသာသူ လေ့လာရင်း စမ်းသပ်ရင်းနဲ့ ပန်းချီကားတွေ ရေးဆွဲနိုင်လာတာ ဖြစ်ပါတယ်။ သူ အားကျအတုယူ ကူးရေးခဲ့တဲ့ ပန်းချီဆရာတွေထဲမှာတော့ WPM ၊ ရမ်းဗြဲတင်ရွှေ၊ Talbot Kelly တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အနုပညာသမားတိုင်းမှာ အနုပညာနဲ့ ပတ်သက်ရင် ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက် ရှိကြသူများ ဖြစ်ပါတယ်။ ကိုယ်ပိုင် ခံယူချက် ယုံကြည်ချက် မရှိသူ အနုပညာရှင်ရယ်လို့ မရှိနိုင်ပါ။ အကယ်၍ ကိုယ်ပိုင်ခံယူချက် ယုံကြည်ချက် မရှိဘဲနဲ့ အနုပညာအလုပ်တွေ လုပ်နေသူ၊ အနုပညာရှင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သူဟာ အလိမ်အညာသာ ဖြစ်ပါတယ်။ ပန်းချီတင်အောင်မြင့်က သူ့ရဲ့ ခံယူချက် ယုံကြည်ချက်ကို အခုလို ပြောပြတယ်။

“ကိုယ်တိုင်ရေးတဲ့ ပန်းချီကားရော သူများရေးတဲ့ ပန်းချီကားတွေနဲ့ ပတ်သက်တဲ့ ခံယူချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ကျနော် ဘယ်ပန်းချီကားကိုမှ အတင်းလိုက် ကြိုက်ဖို့ မကြိုးစားဘူး။ ဝါဒအမျိုးမျိုးနဲ့ ရေးထားတဲ့ ပန်းချီကားကောင်းတွေ အများကြီး ကြည့်ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်အောင် လေ့ကျင့်ပြီးပြီ။ ကျနော့် စိတ်တံခါးမှာ ပိတ်ဆို့ကန့်လန့် ခံနေတာတွေကို ရှင်းထားပြီးပြီ။ သော့ခလောက်တွေ၊ မင်းတုပ်တွေ ဖြုတ်ထားပြီးပြီ။ စိတ်တံခါးကို စေ့ရုံ စေ့ထားတယ်။ တွန်းဖွင့်ပြီး ဝင်လာမယ့် အနုပညာကောင်းတွေကို လက်ခံနှစ်သက်ဖို့ အဆင်သင့်။ တွန်းဖွင့်ပြီး ဝင်မလာနိုင်တဲ့ လက်ရာမျိုး ကို ကိုယ်က တံခါးဖွင့်ထွက်ပြီး ရှာဖွေလက်ဆွဲ မခေါ်နိုင်ဘူး။ အနုပညာကောင်းဟာ သူ့ဟာသူ တွန်းဖွင့် ဝင်လာတတ်ပြီး သား။ အနုပညာကို ဦးနှောက်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး နှစ်သက်ရတာကို လုံးဝ အယုံအကြည်မရှိဘူး။ တွန်းဝင်မလာနိုင်တဲ့ လက်ရာဆို ကိုယ့်ဟာရော၊ သူများဟာရော အတင်းကြိုက်ဖို့ မကြိုးစားဘူး” လို့ ဆိုပါတယ်။

အနုပညာမြောက် လက်ရာဆိုတာ ဘယ်လိုမျိုးလဲ…၊ ကိုင်စွဲဖန်တီးတဲ့ အစ်ဇင်တွေနဲ့ရော ဆက်စပ်သလား… ဒီမေးခွန်းတွေ အနုပညာလောကမှာ အမြဲကြားနေရ၊ မေးနေကြတဲ့ မေးခွန်းပါ။ ပန်းချီတင်အောင်မြင့် ယူဆတာက – “မနေ့တစ်နေ့ကမှ စ,ရေးတဲ့ သူရဲ့ လက်ရာဖြစ်ဖြစ် ကမ္ဘာကျော်တစ်ယောက်ရဲ့ လက်ရာဖြစ်ဖြစ် ကျနော့်အတွက် ဘာမှ မထူးခြားဘူး။ ပီကာဆိုလက်ရာတွေမှာ ကျနော် မကြိုက်တာတွေ အများကြီး။ ဒါလီလည်း အတူတူပဲ။ အနုပညာမှာ ခေတ်မီတာ ခေတ်နောက်ကျတာ မရှိဘူး။ တူအောင်ရေးတာ၊ မတူအောင်ရေးတာ အရေးမကြီးဘူး။ အရုပ်ပါတာ မပါတာနဲ့လည်း မဆိုင်ဘူး။ အနုပညာမြောက်ပြီဆိုရင် ကြည့်သူက သိပ်အားမစိုက်ရဘဲ သူ့အလိုလို ရင်ထဲရောက်လာရော။ အဲလို အချိန်မှာ Abstract တွေ cubism တွေ realism တွေဆိုတာ တွေးချိန်တောင် မရလိုက်ဘဲ ကြိုက်သွားတာ”

အနုပညာသမားတိုင်းဟာ တခြားလူသားတွေလိုပဲ မိမိတို့ ကျင်လည် ဖြတ်သန်းရာ ကာလ၊ ဒေသရဲ့ ရိုက်ခတ်စေစားမှု ပယောဂကို ခံကြရသူတွေ ဖြစ်ပါတယ်။ အဲဒီ ရိုက်ခတ်စေစားမှုက အနုပညာသမားတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ခံစားရမှုတွေ ဖြစ်စေတဲ့အပြင် စိတ်ခံစားမှုကို အခြေတည်ဖြစ်ပေါ်လာတဲ့ အနုပညာဖန်တီးမှုမှာပါ အပြောင်းအလဲတွေ ဖြစ်ပေါ် ထင်ဟပ်စေတာ တွေ့ရပါတယ်။ ပန်းချီတင်အောင်မြင့်က သူ့ရဲ့ စိတ်ခံစားမှုအပြောင်းအလဲနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြတယ်။

“တစ်ချိန်က complexity (ခက်ခဲနက်နဲ ရှုပ်ထွေးမှု) က ကျနော့်အတွက် အရမ်း ဆန်းကြယ်ခဲ့ဖူးတယ်။ ကိုးကွယ်ခဲ့ဖူးတယ်။ ခုတော့ simplicity (သဘာဝတရားနဲ့ နီးစပ်တဲ့ ရိုးရှင်းမှု) လောက် ခိုင်မာအားကောင်းတာ ရှာမတွေ့တော့ဘူး။ simplicity ကို ရောက်ဖို့ တည်ငြိမ်ရတယ်၊ သွေးအေးရတယ်၊ အညှာအတာ ကင်းရတယ်၊ အစွဲချွတ်ရတယ်။ အဲဒါထက် ခက်ခဲတာ ဘာမှ မရှိဘူး။ ပြီးပြည့်စုံဖို့ တွေ့ရာကို ဖြည့်ပေါင်းလို့ မရဘူး။ အမှုမဲ့ အမှတ်မဲ့ ရှုပ်ထားမိတဲ့ အမှိုက်တွေကို ရှင်းထုတ်ပစ်မှ သာ ရောက်နိုင်တယ်။ အမှိုက်ကင်းသွားပြီးရင် လိုအပ်နေသေးတာတွေကို ရှင်းရှင်းလင်းလင်း မြင်လာရော၊ အဲဒီအခါ လိုနေတာလေး ဖြည့်လိုက်ရုံပဲ။ ရှုပ်ပွနေတဲ့ အစုအပေါင်းတစ်ခုမှာ ဘာလိုအပ်နေလဲ ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး။ အခုရက်ပိုင်း ခင်ဗျားမေးတာတွေ ဖြေဖို့ကြိုးစားရင်း ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ် မိတာလေးတွေပါ”

ပြီးတော့ သူက ပန်းချီရေးတဲ့ အခါ စိုးရိမ်စိတ် အဖြစ်ဆုံး ခံစားမှုကိုလည်း အခုလို ပြောပြတယ်။

“ပန်းချီရေးတိုင်း လိုနေသေးတာကို မကြောက်ဘူး။ အချိန်မရွေး ထပ်ဖြည့်လို့ ရလို့။ ပိုသွားရင် အရမ်းစိတ်တိုတယ်။ ပြန်နုတ်ရတာ ပိုခက်လို့ပါ။ ပန်းချီကားတိုင်းမှာ ပိုနေတဲ့ အမှိုက်တွေ မပါစေချင်သလို ဘဝမှာလည်း ပိုနေတဲ့ အမှိုက်တွေ ရှင်းထုတ်နေရတုန်းပါ”

ပန်းချီတင်အောင်မြင့်ဟာ ထရိုဂျန်ကလောင် အမည်နဲ့ လင်းရောင်ခြည်၊ စံပယ်ဖြူမဂ္ဂဇင်းတွေမှာ ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ ပင်ကိုရေး ဝတ္ထုတိုများရေးခဲ့ဖူးပါတယ်။ စံပယ်ဖြူမှာ ရေးခဲ့တဲ့ ဝတ္ထုတိုခေါင်းစဉ်က ဆေးမြီးတို ဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button