
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွင် ပါဝင်သည့် ရဟန်းတစ်ပါးကို ယနေ့ (စက်တင် ဘာ၂၈) နေ့လယ်၌ အရပ်ဝတ် စစ်ကောင်စီလက်နက်ကိုင်များက လာရောက်ဖမ်းဆီးခဲ့ပြီး အခြားကျောင်းတိုက်ရှိ ရဟန်းသံဃာများကို လိုက်လံဖမ်းဆီးနေသည်ဟု မန္တလေးသံဃသမဂ္ဂထံမှ သိရသည်။
သက်တော် ၃၀ အရွယ် ဦးပညာသီဟကို ၎င်းသီတင်းသုံးရာ ၈၆ လမ်း( ၃၇ လမ်းနှင့် ၃၈ လမ်းကြား) ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်အတွင်း အရပ်ဝတ်လက်နက်ကိုင် ၁၅ ဦးက ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်ဟု မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။
“သူတို့က အဲဒီဦးဇင်းရဲ့ကားကို ခြေရာခံပြီး ရောက်လာတယ်လို့ ထင်တယ်။ ဦးဇင်းက ဆန္ဒပြလိုက်ရင် ကားနဲ့ အမြဲလာတာ။ ဒလန်တွေက ဒီကားကို သတိထားမိနေတာ” လုံခြုံရေးအရအမည်မဖော်လိုသည့် ၎င်းဆရာတော်က ဆက်မိန့်သည်။
“သေနတ်တွေနဲ့ အရပ်ဝတ်တွေနဲ့ လာဖမ်းတာ။ အခု အဲဒီဦးဇင်းကို စစ်ပြီးလို့ထင်တယ်။ ဆန္ဒပြလိုက်တဲ့ ဆရာတော်ကျောင်းတွေအကုန် လိုက်စီးနေတယ်”ဟု အထက်ပါဆရာတော်က ဆက်မိန့်သည်။
မန္တလေးသံဃသမဂ္ဂစစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဉ် ဆန္ဒပြနေခြင်းဖြစ်ပြီး ကျောင်းတိုက်များမှ ရဟန်း၊ သံဃာ အပါး ၂၀ ခန့် ပါဝင်ကာ ယမန်နေ့တွင် ၂၃၂ ရက်မြောက်အဖြစ် ဆန္ဒပြခဲ့သည်။
“ဒီနေ့တော့ သပိတ်ထွက်ခါနီးဆဲဆဲမှာ ခုလိုဖြစ်သွားတော့ မထွက်ဖြစ်တော့ဘူး”ဟု နောက်ထပ် သံဃသမဂ္ဂဆရာတော်တစ်ပါးက မိန့်သည်။
မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ လိုက်လံဖြိုခွင်းခြင်း ခံနေရပြီး သံဃသမဂ္ဂမှ ရဟန်းတစ်ပါးသည်လည်း ဩဂုတ် ၁၁ က ဆန္ဒပြပွဲဖြိုခွင်းစဉ် ဖမ်းဆီးခံထားရကာ ယခုအချိန်ထိ မလွတ်မြောက်သေးပေ။
ထိုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြစစ်ကြောင်းများ ပြိုကွဲစေရန် အကြမ်းဖက်နေသော်လည်း မန္တလေးသံဃသမဂ္ဂဆရာတော်များက ဆက်လက်၍ တော်လှန်သွားမည်ဟု အထက်ပါ ဆရာတော်က ဆိုသည်။
“ဘာအကြောင်းနဲ့မှ နောက်မဆုတ်ဘူး။ သမိုင်းပေးတာဝန်က ပခုံးပေါ်ရောက်နေတဲ့အချိန် ဘယ်လိုနည်းနဲ့မှ ရပ်တန့်သွားဖို့မရှိဘူး” ဟု ထိုဆရာတော်က မိန့်သည်။
ပြီးခဲ့သည့် ဧပြီလမှစ၍ စက်တင်ဘာအထိ မန္တလေးမြို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းများကို ကားဖြင့် ဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီးမှုများ၊ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့အတူ ဆန္ဒပြပွဲခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများနှင့် ပါတီဝင်များကိုပါ ပစ်မှတ်ထားဖမ်းဆီးနေသည်။
မန္တလေးမြို့တွင် စစ်ကောင်စီက ဖိနှိပ်ဖြိုခွဲနေသည့်ကြားမှ ဆန္ဒပြပွဲများသည် ဆက်လက်အားကောင်းနေပြီး ညဘက်များတွင်ပါ ဆန္ဒပြပွဲများ ပြုလုပ်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p