စစ်တပ်က အပိုင်းခွဲပြီး ၎င်းတို့အလိုကျ စီစဉ်ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာသည့် ပြည်သူ့လွှတ်တော်က ဦးမင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်က ဒေါ်နန်းနီနီအေး ကို ဒုသမ္မတများအဖြစ် ယနေ့ (မတ်လ ၃၁ ရက်)တွင် ရွေးချယ်လိုက်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့က ယမန်နေ့အစည်းအဝေးတွင် ဒုသမ္မတလောင်းနှစ်ဦးစီ တင်သွင်းထားသဖြင့် ယနေ့တွင် မဲပေးရွေးချယ်လိုက်ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတလောင်းများအဖြစ် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်ထားရာ မဲပေးရွေးချယ်မှုတွင် မင်းအောင်လှိုင်က ထောက်ခံမဲအသာဖြင့် ဒုသမ္မတ ဖြစ်သွားသည်။
ယမန်နေ့က စစ်ခေါင်းဆောင်ရာထူးမှ အနားယူသွားသော အသက် ၇၀ အရွယ် ဦးမင်းအောင်လှိုင် က ထောက်ခံမဲ ၂၄၇ ၊ ဒေါက်တာကျော်ဆွေက ၁၀ မဲ ရရှိခဲ့သည်။
ထိုနည်းတူ အမျိုးသားလွှတ်တော်တွင်လည်း ဒုသမ္မတလောင်းများအဖြစ် တင်သွင်းထားသော ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာမနမ်တူးဂျာတို့ကို ယနေ့အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မဲပေးရွေးချယ်ခဲ့ရာ ဒေါ်နန်းနီနီအေးက မဲရလဒ်အသာဖြင့် ဒုသမ္မတ ဖြစ်သွားသည်။
မဲပေးရွေးချယ်မှုတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၏ ကရင်ပြည်နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ဘားအံမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်သူ ဒေါ်နန်းနီနီအေး က ၁၁၇ မဲ နှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ (KSPP) ဒေါက်တာမနမ်တူးဂျာ က ၃၈ မဲ ရရှိခဲ့သည်။
ဒုသမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော်က ရွေးချယ်သည့် ဦးမင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်က ရွေးချယ်သည့် ဒေါ်နန်းနီနီအေးတို့၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ ဆက်လက်ပေးပို့သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌများက ကြေညာခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်၏ လူရင်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ ဖြစ်သည်။
တပ်ကိုယ်စားလှယ်အစုအဖွဲ့က အဆိုပြုမည့် ဒုသမ္မတလောင်းအမည်စာရင်းကို အတိအကျ မသိရသေးပါ။ သို့သော် စစ်ခေါင်းဆောင်၏လူရင်း ဗိုလ်ချုပ်ကြီးဟောင်းညိုစော၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် လေတပ်ဦးစီးချုပ်ဟောင်းဖြစ်သူ လက်ရှိ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမြတ်ဟိန်း တစ်ဦးဦး ဖြစ်လာလိမ့်မည်ဟု သတင်းထွက်နေသည်။
လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်မူ ပြည်သူ့လွှတ်တော် က ရွေးချယ်သည့် ဒုသမ္မတ ဦးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က ရွေးချယ်သည့် ဒုသမ္မတ ဒေါ်နန်းနီနီအေးနှင့် တပ်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသည့် ဒုသမ္မတ တစ်ဦး၊ စုစုပေါင်း သုံးဦး၏ အမည်စာရင်းကို လွှတ်တော်နာယက က ကြေညာရန် ရှိနေသည်။
ထို့နောက် အဆိုပါ ဒုသမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်တွင် မဲပေးရွေးချယ်ကြမည်ဖြစ်ပြီး၊ မဲအများဆုံးရသူက သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုသမ္မတ(၁)၊ မဲရလဒ်အနည်းဆုံးရသူက ဒုသမ္မတ(၂) ဖြစ်လာမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီကြီးစိုးထားသည့် လွှတ်တော်က စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကိုသာ သမ္မတအဖြစ် ရွေးချယ်ကြမည်ဖြစ်ပြီး၊ အံ့ဩဖွယ်ရာမရှိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီမှ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ စိုင်းထွန်းအေး က သုံးသပ်သည်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတတက်လုပ်မယ်ဆိုတာကို လူတိုင်းက သိထားပြီးသားကိစ္စလေ။ ကိုယ်တိုင်ဇာတ်မင်းသားဖြစ်ချင်လို့ကို ကိုယ်ပိုင်ဇာတ်ထောင်ထားသလိုမျိုးပဲပေါ့။ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်စိတ်တိုင်းကျ ဝေပေးသလိုမျိုးပါပဲ” ဟု စိုင်းထွန်းအေးက Myanmar Now ကို ပြောသည်။
စိုင်းထွန်းအေးသည် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူ ဖြစ်သည်။
စစ်အာဏာသိမ်းပြီး ငါးနှစ်ခန့်အကြာ ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းတွင် စစ်တပ်က အပိုင်းသုံးပိုင်းခွဲပြီး ရွေးကောက်ပွဲကျင်းပခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကို စစ်တပ်က ၎င်းတို့လက်အောက်တွင် ပြန်လည်မှတ်ပုံမတင်ခြင်းကြောင့်ဆိုကာ မှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီး၊ အကျဉ်းချထားသည်။
ထိုအခြေအနေတွင် ကျင်းပသည့် ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာသည့် လွှတ်တော်က လာမည့်ရက်ပိုင်းအတွင်း သမ္မတရွေးချယ်တင်မြှောက်ပွဲလုပ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းတော့မည် ဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်ကာ၊ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့တွင်လည်း ၎င်း၏လူရင်း စစ်ဗိုလ်ချုပ်များကို ဖြန့်ခွဲနေရာချကာ အာဏာကို ဆက်လက်ချုပ်ကိုင်သွားဖွယ် ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အလွန်တွင် ၎င်း၏အထူးယုံကြည်ရသူ အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်ခေါင်းဆောင်အသစ် ဖြစ်လာသည်။ ဒုစစ်ခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဖြစ်ပြီး၊ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)အဖြစ် ဗိုလ်ချုပ်ကြီးကိုကိုဦးက ရရှိသွားသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ပွဲတွင် စစ်ခေါင်းဆောင်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ၎င်းအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသည့်အတိုင်း တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သွားမည်ဟု ပြောကြားခဲ့သည်။



